top of page
  • Myanmar Internet Project

ဒစ်ဂျစ်တယ်နည်းနာအရ အန္တရာယ်များကို တားဆီးကာကွယ်ခြင်း







၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ(၁)ရက်နေ့တွင် စစ်တပ်အာဏာသိမ်းခဲ့သည်ကို အများပြည်သူက လက်မခံကြောင်းနှင့် ဆန့်ကျင့်ကြောင်းပြသရန် နည်းလမ်းမျိုးစုံဖြင့်လှုပ်ရှားမှုများပြုလုပ်ခဲ့သည်။ ထိုသို့လှုပ်ရှားမှုများ၌ မြေပြင်တွင် ငြိမ်းချမ်းစွာဆန္ဒထုတ် ဖော်ခြင်းများ၊ အင်တာနက်စာမျက်နှာများ၊ လူမှုကွန်ရက်မီဒီယာများမှတစ်ဆင့် မြေပြင်တွင် အများပြည်သူလူထု ပိုမိုပါဝင်လာရန် နှိုးဆော်တိုက်တွန်းခြင်းများနှင့် ဒစ်ဂျစ်တယ်ရပ်ဝန်းပေါ်တွင် နည်းပညာကိုအသုံးချပြီး လူအများပါဝင်လာနိုင်သော အာဏာရှင်ကို ဆန့်ကျင့်ခြင်းစသည့် လှုပ်ရှားမှုများ ပါဝင်ခဲ့သည်။ စစ်ကောင်စီက ထိုလှုပ်ရှားမှုများကို ဖိနှိပ်ရန် အင်တာနက်မှတစ်ဆင့်ကန့်သတ်ခြင်းများကို ပြည်သူလူထုအပေါ် ပြုလုပ်လာခဲ့သည်။ ထိုအင်တာနက်ကန့်သတ်မှုများမှာ တစ်နိုင်ငံလုံးအ တိုင်းအတာဖြင့် အင်တာနက်အချိန်ပိုင်းဖြတ်တောက်ခြင်း၊ နေရာဒေသအလိုက်အင်တာနက်ဖြတ်တောက်ခြင်း၊ မိုဘိုင်းဖုန်းဆက်သွယ်ရေးများဖြတ်တောက်ခြင်း၊ မိုဘိုင်းဖုန်းဆက်သွယ်ရေးကို စောင့်ကြည့်ခြင်းနှင့် အင်တာနက်စာမျက်နှာများနှင့် လူမှုကွန်ရက်မီဒီယာများကို ဝင်ရောက်အသုံးပြုကြည့်ရှူ၍မရနိုင်ရန် ပိတ်ပင်ခြင်းများ စသည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှုများ ပြုလုပ်ခဲ့သည်။ ထိုပြုလုပ်မှုများကြောင့် သတင်းစီးဆင်းမှုပြတ်တောက်ခြင်း၊ အချိန်နှင့်တပြေးညီ သတင်းများမရရှိသောကြောင့် ကော လာဟလများနှင့် သတင်းမှားများပျံ့နှံ့ခြင်း၊ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုများပြုလုပ်သည့် လှုပ်ရှားမှုများတွင် လူထုပါဝင်နိုင်ရန်လှုံ့ဆော်သည့်သတင်းများ ရရှိမှုခက်ခဲခြင်းများ၊ ဆန္ဒထုတ်ဖော်မှုပြုလုပ်သည့်နေရာများနှင့် လမ်းကြောင်းများကို တင်းကြပ်စွာ စစ်ဆေးခြင်းများ၊ လမ်းသွားလမ်းလာများ၏ မိုဘိုင်းဖုန်းများကို ယူဆောင်စစ်ဆေးခြင်းများ ဖြစ်ပေါ်လာခဲ့သည်။ ထိုသို့ ဖိနှိပ်မှုများကို ဆန့်ကျင့်တော်လှန်သည့်အနေဖြင့် ပြည်သူလူထုက အစုအဖွဲ့များပြုလုပ်၍ အန္တရာယ်ရှိလာနိုင်သည့်ကိစ္စများကို ဒစ်ဂျစ်တယ်နည်းနာအရ အတားအဆီးများ ပြုလုပ်ခဲ့သည်။ ထိုသို့ပြုလုပ်ခြင်းများကို လေ့လာရာတွင် သုံးပိုင်းခွဲခြား၍တွေ့ရှိရသည်။

ယင်းတို့မှာ – ၁။ မြေပြင်မှသတင်းအချက်အလက်များ စုံစမ်းရှာဖွေပေးခြင်းနှင့် သတင်းအဆက်မပြတ်ရရှိစေရန် လုပ်ဆောင်ပေးခြင်း ၂။ သတင်းအချက်အလက် စစ်ဆေးခြင်းနှင့် ၃။ ဒစ်ဂျစ်တယ်လုံခြုံရေး အသိပညာမျှဝေခြင်း တို့ဖြစ်သည် ။

၁။ မြေပြင်မှသတင်းအချက်အလက်များ စုံစမ်းရှာဖွေပေးခြင်းနှင့် သတင်းအဆက်မပြတ်ရရှိစေရန် လုပ်ဆောင်ပေးခြင်း

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနှင့် မတ်လတွင် သတင်းကျင့်ဝတ်နှင့်အညီရေးသားသော ပြည်တွင်းအခြေစိုက်သတင်းဌာနအချို့အား ထုတ်ဝေခွင့်ပိတ်သိမ်းခြင်းနှင့် ရုပ်သံထုတ်လွှင့်နေသော သတင်းမီဒီယာများအား လိုင်စင်များပိတ်ပင်ခြင်းများကို စစ်ကောင်စီက ပြုလုပ်ခဲ့သည်။ ထို့အပြင် သတင်းမီဒီယာတိုက်များကို ဝင်ရောက်ရှာဖွေခြင်းများနှင့် သတင်းဌာနများမှ သတင်းမီဒီယာသမားများကို ဖမ်းဆီးခြင်းများပြုလုပ်ခဲ့သည်။ ထို့နောက်တွင် လူစုလူဝေးများမပြုလုပ်နိုင်ရန်နှင့် ပြည်သူများသတင်းအ ချက်အလက်များမရရှိစေရန်အတွက် အင်တာနက်လိုင်းများအချိန်ပိုင်းဖြတ်တောက်ခြင်း၊ အင်တာနက်လိုင်းများနေရာဒေသပေါ်မူတည်၍ ဖြတ်တောက်ခြင်းနှင့် လူမှုကွန်ရက်စာမျက်နှာများ(အထူးသဖြင့် ဖေ့ဘွတ်စ်နှင့် အင်တာနက်စာမျက်နှာများ)ဝင်ရောက်အသုံးမပြုနိုင်ရန်အတွက် ပိတ်ပင်ခြင်းများကို စစ်ကောင်စီက ပြုလုပ်ခဲ့သည်။ သတင်းကျင့်ဝတ်နှင့်အညီ လွတ်လပ်စွာရေးသားထုတ်ဝေသောသတင်းဌာနများ အပိတ်အပင်ခံရပြီး သတင်းသမားများ အများအပြားဖမ်းဆီးခံနေရသည့်အခြေအနေတွင် စစ်ကောင်စီမှထိန်းချုပ်ထားသောမီဒီယာများ (ဥပမာ – ကြေးမုံသတင်းစာ၊ မြဝတီရုပ်သံ)က လုပ်ကြံရေးသားထုတ်လွှင့်နေသည့် သတင်းများရရှိနေသည်။ ထိုသို့အခြေအနေတွင် ပြည်သူလူထုအချင်း ချင်းသည် မှန်ကန်သောသတင်းအချက်အလက်များရရှိစေရန်နှင့် အာဏာရှင်ဆန့်ကျင့်ရေးလှုပ်ရှားမှုများတွင် အဆက်မပြတ်ပါဝင်နိုင်စေရန်အတွက် ရည်ရွယ်ပြီး -

  • သတင်းစုံသိရှိစေရန်အတွက် လူမှုကွန်ရက်တစ်ခုဖြစ်သည့် တယ်လီဂရမ်တွင် ရပ်ကွက်အလိုက်၊ မြို့နယ်အလိုက် သ တင်းချန်နယ်များ ဖွင့်လှစ်ခြင်းနှင့် သတင်းအဖွဲ့များဖွဲ့ခြင်းဖြင့် ဝေမျှခြင်း၊

  • သတင်းဌာနများမှ သတင်းများကို သတင်းတိုများအဖြစ် လူမှုကွန်ရက်စာမျက်နှာများတွင် အကျဉ်းချုံးဖော်ပြပေးခြင်း၊

  • အကျဉ်းချုပ်ထားသည့်သတင်းတိုများအား အင်တာနက်ဖြတ်တောက်ခံထားရသည့် နေရာဒေသများမှ ပြည်သူများကို အင်တာနက်လိုင်းရရှိသည့်ဒေသမှပြည်သူများက ဖုန်းဆက်သွယ်ရေးမှတစ်ဆင့် စာတိုများဖြင့်ပေးပို့ခြင်း စသောနည်းလမ်းမျိုးစုံကိုအသုံးပြု၍ သတင်းအချက်အလက်များ စဉ်ဆက်မပြတ်ရရှိစေရန် လုပ်ဆောင်ခဲ့ကြသည်။

၂၀၂၁ ခုနှစ် နွေဦးကာလတွင် လူထုသန်းပေါင်းများစွာ ငြိမ်းချမ်းစွာ ဆန္ဒပြလှုပ်ရှားမှုပြုလုပ်စဉ်က စစ်ကောင်စီမှ လူစုလူဝေးများကို ဖြိုခွင်းခြင်းများ၊ ကားများကို ရှာဖွေဖမ်းဆီးခြင်းများနှင့် လမ်းပိတ်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်။ ထိုသို့ပြုလုပ်ခြင်းများအား သက်ဆိုင်ရာမြို့နယ်အလိုက် ဆန္ဒထုတ်ဖော်သူများနှင့် တက်ကြွလှုပ်ရှားသူလူငယ်များ အန္တရာယ်ကင်းစေရန် လမ်းကြောင်းရှင်းလင်းသော လမ်းများကင်းထောက်ပေးခြင်းနှင့် သတင်းပေးခြင်းများကို ပြည်သူလူထုအချင်းချင်းအကြား တယ်လီဂရမ်ချန်နယ်များမှတစ်ဆင့် ဖြန့်ဝေသတိပေးခဲ့ကြသည်။ အဆိုပါ ကင်းထောက်သတင်းချန်နယ်များမှာ အများပြည်သူ များ တိုက်ရိုက်ကြည့်ရှူနိုင်သောသတင်းချန်နယ်များမဟုတ်ဘဲ ယုံကြည်စိတ်ချရသူများသာ အချင်းချင်းဖိတ်ခေါ်ပြီး ဝင်ရောက်ကြည့်ရှူနိုင်သော သတင်းချန်နယ်များဖြစ်သည်။ ဥပမာအားဖြင့် “Scout for Your Route – YGN” နှင့် “မန္တလေးမြို့တွင်း အခြေအနေ”အမည်ရှိ သတင်းချန်နယ်တို့ဖြစ်သည်။ ထို့အပြင် အများပြည်သူများအတွက် ဖွင့်လှစ်ထားသော သတင်းချန်နယ်များတွင် သက်ဆိုင်ရာရပ်ကွက်အလိုက် မြို့နယ်အလိုက် သတင်းများဖော်ပြပေးခြင်း၊ သတင်းများရရှိပါက ချန်နယ်ကြီးကြပ်သူ များအား ပေးပို့ပေးခြင်းများကို ပြည်သူလူထုအချင်းချင်းမှလုပ်ဆောင်နေလျက်ရှိသည်။ ဥပမာ “MSI – Myanmar Secret Informations” အမည်ရှိ ချန်နယ်သည် သတင်းဌာနမှ သတင်းများကို တစုတစည်းတည်း မျှဝေပေးခြင်း၊ အာဏာရှင်ဆန့်ကျင့်သည့်လှုပ်ရှားမှုများကို ပြည်သူလူထုသိရှိစေရန် မျှဝေပေးခြင်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရသတင်းများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူသတင်းများ ဖော်ပြနေသည့်ချန်နယ်ဖြစ်သည် ။ အင်တာနက်ဆက်သွယ်ရေး အချိန်ပိုင်းဖြတ်တောက်နေသည့်ကာလတွင် ပြည်သူလူထုများ အဆက်မပြတ်သတင်းရရှိနိုင်ရန်အတွက် သတင်းအကြောင်းအရာများကို အကျဉ်းချုပ်၍ စာတိုများပြုလုပ်ကာ နေ့စဉ်ဖော်ပြပေးလျက်ရှိသည့် အင်တာနက်စာမျက်နှာများရှိသည်။ ထိုစာမျက်နှာများသည် အင်တာနက်မရရှိသည့် နေရာဒေသများမှ ပြည်သူများကို စာတိုများပေးပို့နိုင်ရန်အတွက် သတင်းစာတိုများ ရေးသားပေးပြီး နေ့စဉ်လုပ်ဆောင်ခဲ့သည်။ ထိုစာမျက်နှာများမှာ We Check စာမျက်နှာနှင့် ခိုဖြူစာမျက်နှာများဖြစ်သည်။ ဖုန်းဆက်သွယ်ရေးသာရရှိပြီး အင်တာနက်ဖြတ်တောက်ခံရသည့်ဒေသများမှ နေ့စဉ်ဖြစ်ပျက်နေသောသတင်းများသိရှိစေရန် “ခိုဖြူ” စာမျက်နှာသည် ယခုအချိန်ထိ သတင်းဌာနများမှ သတင်းများအား အကျဉ်းချုံး၍ သတင်းတိုများ ရေးသားဖော်ပြနေဆဲဖြစ်သည်။

၂။ သတင်းအချက်အလက် စစ်ဆေးခြင်း

သတင်းကျင့်ဝတ်နှင့်အညီ ရေးသားဖော်ပြနေသောသတင်းဌာနများကို စစ်ကောင်စီကပိတ်ပင်တားဆီးပြီးနောက် ၎င်းတို့ထိန်း ချုပ်ထားသည့် သတင်းစာများ၊ ရေဒီယိုများနှင့် ရုပ်သံမီဒီယာများမှတစ်ဆင့် ဝါဒဖြန့်ချိခြင်းများသတင်းအမှားဖြန့်ဝေခြင်းများ ပြုလုပ်ခဲ့သည်။ တပြိုင်နက်တည်းမှာပင် စစ်တပ်ထောက်ခံအားပေးသူ အမျိုးသားရေးဝါဒီလှုပ်ရှားသူများမှလည်း လူမှုကွန် ရက်များ(အထူးသဖြင့် ဖေ့ဘွတ်သတင်းစာမျက်နှာများ၊ တယ်လီဂရမ်ချန်နယ်များ၊ ယူကျု့စာမျက်နှာများ စသဖြင့်)ဖန်တီးပြီး စစ်လော်ဘီအားပေးသည့်အကြောင်းအရာများ၊ ဝါဒဖြန့်ခြင်းများ၊ အမုန်းစကားများနှင့် သတင်းအမှားများကို ဖြန့်ဝေလျက်ရှိသည်။ ပြည်သူလူထုမှာလည်း အချင်းချင်းမျှဝေမှုများ၊ အင်တာနက်စာမျက်နှာများမှတစ်ဆင့် သတင်းအချက်အလက်များ အ များအပြားရရှိသော်လည်း

  • ရရှိသည့် သတင်းအချက်အလက်များ မှန်ကန်မှုရှိ၊ မရှိများ မစိစစ်နိုင်ခြင်း

  • သတင်းဌာနများမှ သတင်းသမားများဖမ်းဆီးမခံရစေရန် တိမ်းရှောင်နေမှုကြောင့် မြေပြင်သတင်းအချက်အလက်များ အချိန်နှင့် တပြေးညီ လျင်မြန်စွာမဖော်ပြပေးနိုင်ခြင်း

  • လုပ်ကြံဖန်တီးသည့်သတင်းများဖော်ပြသည့် သတင်းစာမျက်နှာများနှင့်ဗီဒီယိုများ အများအပြားပေါ်ပေါက်လာခြင်းနှင့်

  • အင်တာနက်မရရှိသည့်ဒေသများမှ ပြည်သူလူထုများမှ သတင်းအချက်အလက်များ တိုက်ဆိုင်စစ်ဆေးရန်ခက်ခဲခြင်း စသည့် အခက်အခဲများကြုံတွေ့ခဲ့ရသည် ။

ထိုသို့ အခက်အခဲများကို ဒစ်ဂျစ်တယ်နည်းနာအရ နည်းလမ်းများစွာဖြင့် ပြည်သူလူထုများက ဖြေရှင်းမှုများ ပြုလုပ်ခဲ့သည်။ ပြည်သူလူထုများအချင်းချင်း စုပေါင်းအချက်အလက်စစ်ဆေးရန် ဖေ့ဘွတ်ခ်ဂရုများပြုလုပ်၍ စုပေါင်းတိုက်ဆိုင်စစ် ဆေးမှုလုပ်ဆောင်ခြင်းများရှိခဲ့သည်။ ထိုသို့လုပ်ဆောင်မှုများတွင် ဖေ့ဘွတ်ခ်သုံးစွဲသူတစ်ဦးဖတ်ရှူရသည့် သတင်းအကြောင်း အရာ မှန်ကန်မှုရှိမရှိ စစ်ဆေးလိုပါက အချက်အလက်စုပေါင်းစစ်ဆေးသည့်ဖေ့ဘွတ်ဂရုတွင် မျှဝေပြီး မေးမြန်းခြင်း၊ ဖေ့ဘွတ်သုံးစွဲသူများမှ သတင်းဌာနများနှင့် တိုက်ဆိုက်စစ်ဆေးခြင်းဖြင့် မှန်ခြင်း၊ မှားခြင်း၊ အတည်ပြုခြင်းများကို တွေ့ရှိရသည်။ We Check နှင့် EDM 017 Network ဆိုသည့် အချက်အလက်စစ်ဆေးခြင်းကို စနစ်တကျစိစစ်ပေးသည့် လူမှုကွန်ရက်စာ မျက်နှာများ ပေါ်ပေါက်လာခဲ့သည်။ နိုင်ငံရေးအခြေအနေမတည်ငြိမ်နေသည့်ကာလတွင် အချက်အလက်အမှားများနှင့် လွဲမှားနေသည့် သတင်းအကြောင်းအရာများကို ပင်မသတင်းရင်းမြစ်များနှင့် မတူညီသည့်သတင်းဌာနများမှ သတင်းအချက်အ လက်များဖြင့် တိုက်ဆိုင်စစ်ဆေးပေးသည့်လုပ်ငန်းစဉ်များကိုလည်း ဆောင်ရွက်ခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နိုင်ငံရေးအခြေအနေအပြောင်းအလဲမဖြစ်ခင် ပြည်တွင်းအခြေစိုက်သတင်းအချက်အလက် များစစ်ဆေးပေးသည့် အဖွဲ့အစည်းများ၊ သတင်းဌာနများနှင့် ပြည်ပသတင်းအချက်အလက်စစ်ဆေးပေးသည့် အဖွဲ့အစည်းများရှိခဲ့သည်။ စစ်ကောင်စီမှအာဏာသိမ်းရန်ကြိုးပမ်းမှုနောက်ပိုင်း ထိုအဖွဲ့အစည်းများသည် ဆက်သွယ်ရေးခက်ခဲသည့်အ တွက် သတင်းအရင်းမြစ်များတိုက်ဆိုက်စစ်ဆေးရန် ရှားပါးခြင်း လုံခြုံရေးအခြေအနေရ ထွက်ပြေးတိမ်းရှောင်ရခြင်းကြောင့် အချက်အလက်စစ်ဆေးခြင်း လုပ်ငန်းဆောင်တာများ ခေတ္တခဏရပ်နားရခြင်းနှင့် ဆက်လက်လုပ်ဆောင်နိုင်မှု မရှိခြင်းစသည့် အခက်အခဲများ ကြုံတွေ့ရသည်ကို တွေ့ရှိခဲ့ရသည်။ ပြည်သူများစုပေါင်းလုပ်ဆောင်သည့် အချက်အလက်စစ်ဆေးပေးခြင်းများသည် စနစ်တကျတည်းဖြတ်သူ အဆင့်ဆင့်နှင့် အချက်အလက်စစ်ဆေးပေးသည့် အဖွဲ့အစည်းများကဲ့သို့ မဟုတ်သော်လည်း အချက်အလက်များကို မြန်မြန်ဆန်ဆန် စစ် ဆေးပေးနိုင်သည့် ပြည်သူများအားထားရသောလုပ်ဆောင်မှုတစ်ခုဖြစ်ခဲ့သည်။ ထို့ကြောင့် ယခုဆောင်းပါးတွင် မြန်မာ့နွေဦးတော်လှန်ရေးကာလတွင် အသစ်ပေါ်ပေါက်လာသော သတင်းအချက်အလက်စစ်ဆေးပေးသည့် စုပေါင်းလုပ်ဆောင်မှုများကို စုစည်းဖော်ပြထားခြင်းသာဖြစ်ပါသည်။ အချက်အလက်စစ်ဆေးခြင်းပြုလုပ်သည့်အဖွဲ့အစည်းများနှင့် သတင်းဌာနများက အင်တာနက်တွင်ပျံ့နှံ့နေသော ကောလာဟလများ၊ သတင်းမှားများနှင့် လုပ်ကြံသတင်းများကို စစ်ဆေးခြင်းများပြုလုပ်ရန် ဆက်သွယ်ရေးနှင့် လုံခြုံရေးခက်ခဲနေစဉ်ကာလတွင် ပြည်သူလူထုများသတင်းအမှားအန္တရာယ်ကာကွယ်နိုင်ရန်အချင်းချင်းစုပေါင်း လုပ်ဆောင်ခြင်းနှင့် အချက်အလက်စစ်ဆေးသည့် စာမျက်နှာများဖန်တီး၍ မှန်ကန်သည့်သတင်းအချက်အလက်များ မျှဝခြင်း များ လုပ်ဆောင်ခဲ့ကြသည်။

၃။ ဒစ်ဂျစ်တယ် လုံခြုံရေး

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ(၁)ရက်နေ့နောက်ပိုင်းတွင် နေရာဒေသအလိုက် အချိန်ပိုင်းအင်တာနက်ဖြတ်တောက်ခြင်းနှင့် အင်တာနက်အသုံးပြုမှုပိတ်ပင်ခြင်း၊ ဖုန်းလိုင်းများဖြတ်တောက်ခြင်း၊ အင်တာနက်စာမျက်နှာများပိတ်ပင်ခြင်း၊ လူမှုကွန်ရက်များတွင် စစ်အာဏာရှင်ဆန့်ကျင့်သောအရေးအသားအပြုအမူများပြုလုပ်သည့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုသူများကို ဖမ်းဆီးအရေးယူခြင်း၊ တယ်လီဖုန်းအော်ပရေတာများကို ဥပဒေဖြင့်ချုပ်ကိုင်ပြီး ကြားဖြတ်နားထောင်သည့် ကိရိယာများတပ်ဆင်ရန်ကြိုးပမ်းခြင်း၊ ဒစ်ဂျစ်တယ်နှင့်သက်ဆိုင်သည့်ဥပဒေများကို ပြုပြင်ပြောင်းလဲပြင်ဆင်ခြင်းအစရှိသည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှုများ ကို စဉ်ဆက်မပြတ်ပြုလုပ်လျက်ရှိသည်။ ထို့အပြင် လမ်းသွားလမ်းလာပြည်သူများနှင့် နေအိမ်များရှိ ပြည်သူများကို စစ်ဆေးမေးမြန်းရာတွင် မိုဘိုင်းလ်ဖုန်းများကို ဖွင့်လှစ်စေပြီး မိုဘိုင်းလ်ဖုန်းများအတွင်း ထည့်သွင်းအသုံးပြုသည့် အက်ပလီကေးရှင်း (application)များ၊ လူမှုကွန်ရက်များမှ ဝေမျှထားသည့် အကြောင်းအရာများ၊ ရိုက်ကူးထားသည့်ဓာတ်ပုံများနှင့် ဗီဒီယိုများ၊ ဆက်သွယ်ခေါ်ဆိုမှုများနှင့် စာတိုများပေးပို့ခြင်းများကို စစ်ကောင်စီက စစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်။ စစ်ကောင်စီကို ဆန့်ကျင့်သောလှုပ်ရှားမှုများတွင်ပါဝင်သည့် ပြည်သူများကို ဖမ်းဆီးရာတွင်လည်း ထိုပြည်သူများ၏ မိုဘိုင်းလ်ဖုန်းမှတစ်ဆင့် ဆက်သွယ်မှုများ၊ ချိတ်ဆက်လုပ်ဆောင်မှုများကိုမေးမြန်း၍ သက်ဆိုင်ရာဥပဒေပုဒ်မများနှင့်ဆွဲယူ၍ ထောင်ဒဏ်ချမှတ်ခြင်းပြုလုပ်လျက်ရှိသည်။ တစ်ဖက်မှလည်း စစ်ကောင်စီထောက်ခံသည့် အဖွဲ့များ၊ အမျိုးသားရေးလှုပ်ရှားသူများမှ စစ်ကောင်စီ ဆန့်ကျင့်သည့် ပြည်သူများ၏ ပုဂ္ဂိုလ်ရေးရာအချက်အလက်များကို လူမှုကွန်ရက်မှတစ်ဆင့်ရယူ၍ ထိုသူများကို အကြမ်းဖက်မတရားဖမ်းဆီးရန်လှုံ့ဆော်ခြင်းများ ပြုလုပ်လျက်ရှိသည်။ ထိုသို့ ဒစ်ဂျစ်တယ်ဖိနှိပ်မှုများဖြစ်သည့် ပုဂ္ဂိုလ်ရေးရာအချက်အလက်များကို ရယူခြင်းမှကာကွယ်ရန်နှင့် မိုဘိုင်းလ်ဖုန်းများကို ဖမ်းဆီးစစ်ဆေးသည့်အခါအချက်အလက်များကြည့်ရှူခြင်းများမှကာကွယ်နိုင်ရန်၊ ကြားဖြတ်နားထောင်ခြင်းနှင့် စောင့်ကြည့်ခြင်းမှတားဆီးနိုင်ရန်နှင့် အင်တာနက်စာမျက်နှာများပိတ်ပင်ခြင်းမှ ကျော်လွှားနိုင်ရန်နှင့် ဒစ်ဂျစ်တယ်လုံခြုံရေးအသိပ ညာကို သိရှိနားလည်လုပ်ဆောင်နိုင်ရန် အသိပညာဝေသည့်ဗီဒီယိုများ ကိုယ်တိုင်လေ့လာနိုင်သည့် သင်ကြားရေးစာမျက်နှများနှင့် တယ်လီဂရမ်ချန်နယ်များ အသီးသီးပေါ်ပေါက်လာခဲ့သည်။ ထိုစာမျက်နှာများမှတစ်ဆင့် အင်တာနက်စာမျက်နှာများပိတ်ပင်သည်ကို ကျော်လွှားကြည့်ရှူနိုင်မည့် VPN(Virtual Private Network)ဟုခေါ်သည့် အက်ပလီကေးရှင်းအသုံးပြုနည်းများ၊ လူမှုကွန်ရက်များ(အထူးသဖြင့်ဖေ့ဘွတ်)တွင် ပုဂ္ဂိုလ်ရေးရာအချက်အလက်များကို အလွယ်တကူမရနိုင်ရန် ကာကွယ်ထားသည့်“Profile lock”အပြင်အဆင်များထားရှိခြင်းနည်းလမ်းများ၊ ကြားဖြတ်နားထောင်ခြင်းနှင့် ကြည့်ရှူခြင်းမပြု လုပ်နိုင်ရန် အစအဆုံးဝှက်စာစနစ်ပါရှိသည့် အက်ပလီကေးရှင်းများဖြစ်သည့် “signal”နှင့် “Telegram”အသုံးပြုခြင်းများ၊ အင်တာနက်မရရှိနိုင်သည့်နေရာတွင် ကြားဖြတ်နားထောင်ခြင်းမရှိနိုင်ရန်အသုံးပြုနိုင်သည့် အက်ပလီကေးရှင်းမျှဝေခြင်းများ၊ ဖုန်းများစစ်ဆေးခံရသည့်အချိန်တွင် လျှို့ဝှက်ထားရှိရမည့်နည်းလမ်းများ စသည့် ဒစ်ဂျစ်တယ်လုံခြုံရေးဆိုင်ရာနည်းလမ်းများနှင့် လုပ်ဆောင်ရမည့်အဆင့်ဆင့်များကို မျှဝေလျက်ရှိသည်။ မြန်မာ့နွေဦးဒစ်ဂျစ်တယ်တော်လှန်ရေး၏တစိတ်တဒေသဖြစ်သည့် ဒစ်ဂျစ်တယ်နည်းနာအရ အန္တရာယ်ရှိလာနိုင်သည်များကို ကြိုတင်ကာကွယ်တားဆီးရာတွင် တာဝန်သိပြည်သူလူထုများနှင့် ပြည်သူများမှ တတ်သိကျွမ်းပညာရှင်များ သိရှိသမျှနည်းပညာဆိုင်ရာဖြန့်ဝေခြင်းနှင့် သက်ဆိုင်ရာကဏ္ဍများမှ ဝိုင်းဝန်းလုပ်ဆောင်ခဲ့ကြသည်။

15 views

コメント


コメント機能がオフになっています。
bottom of page