top of page
  • Myanmar Internet Project

ဒစ်ဂျစ်တယ်နည်းနာများဖြင့် ခုခံတွန်းလှန်ခြင်း







၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ(၁)ရက်နေ့တွင် “၂၀၂၀ ရွေးကောက်ပွဲရလဒ်များ တရားမျှတမှုမရှိ”ဟူသော တစ်ဖက်သတ်စွပ်စွဲချက်ဖြင့် တပ်မတော်က အာဏာသိမ်းခဲ့သည်။ ယင်းအာဏာသိမ်းမှုအား ဒီမိုကရေစီလိုလား၍ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သော ပြည်သူများက နည်းလမ်းပေါင်းများစွာဖြင့် စဉ်ဆက်မပြတ် ဆန့်ကျင်တော်လှန်ကြခဲ့သည်။ စစ်အာဏာရှင်ဆန့်ကျင်သည့် အ ကြမ်းမဖက် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုများနှင့် လှုပ်ရှားမှုများကို မြေပြင်တွင်သာမက ဒစ်ဂျစ်တယ်ရပ်ဝန်းပေါ်တွင်လည်း နည်းပညာအသုံးပြု၍ အာဏာရှင်ဆန့်ကျင်သည့်လှုပ်ရှားမှုများကိုလည်းပြုလုပ်ခဲ့ကြသည်။ ဒစ်ဂျစ်တယ်ရပ်ဝန်းပေါ်တွင် နည်းပညာကိုအသုံးပြုပြီး အာဏာရှင်ကိုဆန့်ကျင့်သည့် လှုပ်ရှားမှုများသည် မြန်မာ့နွေဦးတော်လှန်ရေးတွင် အရေးကြီးသောအခန်းကဏ္ဍတွင် ပါဝင်ခဲ့သည်။ အာဏာသိမ်းသည့် တစ်နှစ်တာကာလ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ(၁)ရက်မှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ (၁)ရက်အတွင်း မြန်မာ့နွေဦးတော်လှန်ရေး ဒစ်ဂျစ်တယ်လှုပ်ရှားမှုများကို လေ့လာကြည့်ပါက အပိုင်းသုံးပိုင်းခွဲခြားမြင်နိုင်ပါ သည်။

ယင်းတို့မှာ - ၁။ ဒစ်ဂျစ်တယ်နည်းနာများဖြင့် ခုခံတွန်းလှန်ခြင်း (Digital Resistance)

၂။ ဒစ်ဂျစ်တယ်နည်းနာများဖြင့် အင်တာနက်မှတစ်ဆင့် ရန်ပုံငွေကောက်ခံခြင်း (Digital Fundraising)

၃။ ဒစ်ဂျစ်တယ်နည်းနာများဖြင့် အန္တရာယ်များကို တားဆီးခြင်းနှင့် ကာကွယ်ခြင်း (Digital Risk Prevention and

Protection) တို့ဖြစ်ပါသည် ။


၁။ ဒစ်ဂျစ်တယ်နည်းနာများဖြင့် ခုခံတွန်းလှန်ခြင်း (Digital Resistance)

အာဏာသိမ်းသည့် တစ်နှစ်တာကာလ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ(၁)ရက်မှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ(၁)ရက်အတွင်း ဒစ်ဂျစ်တယ်နည်းနာများဖြင့် ခုခံတွန်းလှန်ခြင်းတွင် အသုံးပြုသည့် နည်းနာများကို ခြုံငုံသုံးသပ်ကြည့်ရာတွင် –

  • အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု(Civil Disobedience Movement)ပြုလုပ်ရန် လှုံ့ဆော်ခြင်း၊

  • မြေပြင်ထက်တွင် လူစုလူဝေးဖြင့်ဆန္ဒထုတ်ဖော်ရန် အွန်လိုင်းမှစဉ်ဆက်မပြတ် တိုက်တွန်းနှိုးဆော်ခြင်း၊

  • စစ်တပ်ပိုင်ထုတ်ကုန်များကို အသုံးမပြုရေးလှုပ်ရှားမှုများ ပြုလုပ်ခြင်း၊

  • စစ်တပ်နှင့်ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းများကို နိုင်ငံတကာက ပိတ်ဆို့အရေးယူရန် ဒစ်ဂျစ်တယ်လက်မှတ်များကောက်ခံသောလှုပ်ရှားမှုများပြုလုပ်ခြင်း၊

  • အကြမ်းဖက်စစ်ကောင်စီက မတရားပြုထားကြောင်းကို သက်သေများစုကာ နိုင်ငံတကာတရားရုံးတွင် တရားစွဲနိုင်ရေးအတွက် ပြည်သူအများပူးပေါင်းပါဝင်စေခြင်း၊

  • မြန်မာနိုင်ငံအခြေအနေများကို နိုင်ငံတကာက သိရှိသတိထားမိစေရန် တွစ်တာလူမှုစာမျက်နှာမှတစ်ဆင့် သတင်းစီးဆင်းမှုများစဉ်ဆက်မပြတ်ပြုလုပ်ခြင်း (hashtag #whatshappeninginMyanmar ဆိုသည့် စကားလုံးများအသုံးပြု၍ ရေးသားခြင်း)

  • သတင်းမှားများနှင့် ဝါဒဖြန့်ချိခြင်းများကို ကာကွယ်နိုင်ရန် သတင်းမှန်စိစစ်ပေးသည့်စာမျက်နှာများ လုပ်ဆောင်ခြင်း၊

  • ပြည်သူများလုံခြုံမှုရှိစေရန် မြို့နယ်အလိုက်၊ ရပ်ကွက်အလိုက် တယ်လီဂရမ်ချန်နယ်များမှတစ်ဆင့် ပူးပေါင်းသတင်းဖြန့်ချိခြင်းနှင့်

  • ဒစ်ဂျစ်တယ်နည်းပညာအရ ဖိနှိပ်မှုများကို တွန်းလှန်နိုင်စေရန် ဒစ်ဂျစ်တယ်လုံခြုံရေးနည်းပညာများ ဝေမျှခြင်း

စသည့်အချက်တို့ ပါရှိသည်။

စစ်အာဏာရှင်ဆန့်ကျင်သူများ၊ လူ့အခွင့်အရေးလှုပ်ရှားတက်ကြွသူများနှင့် ပြည်သူတင်မြှောက်ထားသည့် အစိုးရအဖွဲ့အစည်းမှ တာဝန်ရှိသူများသည် အင်တာနက်စာမျက်နှာများမှတစ်ဆင့် မြေပြင်လှုပ်ရှားမှုများအထိ ပြည်သူအများပါဝင်နိုင်ရန် လှုပ်ရှားမှုများကို တိုက်တွန်းနှိုးဆော်ခဲ့ကြသည်။ ယင်းတို့အနက် အများပြည်သူပါဝင်ခဲ့ကြပြီး မှတ်ကျောက်တင်ရမည့် ထင်ရှားသောလှုပ်ရှားမှုများမှာ -

  • သံပုံးတီးလှုပ်ရှားမှုပြုလုပ်ခြင်း၊

  • သန်းချီစုဝေး အမေစုလွတ်မြောက်ရေး၊

  • သနပ်ခါး သပိတ်၊

  • နှစ် ငါးလုံး လူထုလှုပ်ရှားမှု၊

  • MilkTea Alliance၊

  • အသံတိတ် သပိတ်၊

  • အားလုံးစုဝေး မတ်လတော်လှန်ရေး မတ်လ ၂၅၊

  • တပေါင်းစစ်ချီ ဒေါင်းစစ်သည် သန်းချီတက်မယ့် – “တပေါင်းတိုက်ပွဲ” မတ်လ ၂၇၊

  • ခြေဥတိုက်ဖျက်ရေး၊

  • တော်လှန်သင်္ကြန်၊

  • တော်လှန်သီတင်းကျွတ်၊

  • ပညာရေးသပိတ် (ကျောင်းမတက်နှင့် ကျောင်းပျက်)၊

  • ဘူး သပိတ် (မီတာမဆောင်ဘူး အခွန်မဆောင်ဘူး ဧည့်စာရင်းမတိုင်ဘူး)၊

  • အထိမ်းအမှတ်နေ့ အလိုက်လှုပ်ရှားမှုနှင့်

  • သံတမန်ရေးရာတိုက်ပွဲ လှုပ်ရှားမှု (Credential Challenge)

စသည့်တို့ဖြစ်ကြသည် ။

ထိုသို့လှုပ်ရှားမှုအများအပြားကို လစဉ်အလိုက်အသေးစိတ်မှတ်တမ်းများကောက်ယူထားပြီး မြန်မာ့နွေဦးတော်လှန်ရေး က မှတ်ကျောက်တင်ရမည့်လှုပ်ရှားမှုအချို့ကို အသေးစိတ်ခေါင်းစဉ်များဖြင့် ဖော်ပြထားပါသည်။

သံပုံးတီး လှုပ်ရှားမှု (Banging Pots and Pans)

“သံပုံးတီး ကမ်ပိန်း”ကို မြန်မာစစ်တပ်က နိုင်ငံတော်အာဏာသိမ်းယူခဲ့ခြင်းအပေါ် ဆန့်ကျင်ကန့်ကွက်ကြောင်း ဖော်ပြသည့်အ နေဖြင့်လည်းကောင်း၊ အကြမ်းမဖက်သောနည်းလမ်းဖြင့် အာခံသည့်လှုပ်ရှားမှုတစ်ရပ်အဖြစ်လည်းကောင်း ၂၀၂၁ ခုနှစ် ဖေ ဖော်ဝါရီ(၂)ရက်နေ့တွင် တက္ကသိုလ်ကျောင်းသားများနှင့် လူငယ်အင်အားစုများအဖွဲ့(၁၃)ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်၍စတင်ခဲ့ကြသည်။

ထိုလှုပ်ရှားမှုများကို ပါဝင်လိုသည့်သူများအနေဖြင့် ဖေဖော်ဝါရီ(၂)ရက်နေ့မှစတင်၍ ည(၈)နာရီတိုင်း မိမိတို့၏ နေအိမ်ရှိ သံပုံးများ(သံပုံးများမရှိပါက ဒန်အိုး ၊ ဒန်ခွက်များ)ကို တစ်မိနစ်တိတိ တီးခေါက်ပြီး၊ “အမေစုကျန်းမာပါစေ”၊ “မြန်မာပြည် လွတ်မြောက်ပါစေ”နှင့် “စစ်အာဏာရှင် ချုပ်ငြိမ်းပါစေ” စသည့်ကြွေးကြော်သံသုံးချက်ကို ဟစ်ကြွေးခြင်းဖြင့် ပါဝင်နိုင်သည်ဟု ကျောင်းသားနှင့် လူငယ်အင်အားစုများမှ ဖေ့ဘွတ်လူမှုကွန်ရက်မှတစ်ဆင့် တိုက်ရိုက်လွှင့်(Live)သရုပ်ဖော်ပြသ၍ ထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ကြသည်။ ထိုထုတ်ပြန်ချက်တွင် လှုပ်ရှားမှုပြုလုပ်သည့်ပြည်သူများမှ လူမှုကွန်ရက်များတွင် မှတ်တမ်းဓါတ်ပုံ၊ ဗီဒီယိုများ ရိုက်ယူ၍ မျှဝေခြင်းများပါ ပြုလုပ်ရန်လည်းပါရှိသည်။ ထိုနေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ပြုလုပ်ခဲ့ကြပြီး လူမှုကွန်ရက်မီဒီယာများတွင်လည်း ပြည်သူအများအပြားက နေအိမ်များမှ ၎င်းတို့ ပါဝင်လှုပ်ရှားခဲ့သည်များကို မှတ်တမ်းပြုလွှင့်တင်ခဲ့ကြသည်။

လှုပ်ရှားမှုကို ဦးဆောင်စတင်ခဲ့သူများသည် လူမှုကွန်ရက်မီဒီယာများတွင် ပျံ့နှံ့နေသော တပ်မတော်မှအာဏာသိမ်းပြီး (၇၂)နာရီအတွင်း ဆူညံမှုမပြုလုပ်သင့်ဟု ပြောဆိုမှုများအကြား ဆူညံမှုဖြစ်စေမည့် သံပုံးတီးလှုပ်ရှားမှုကို အများပြည်သူလူထုက ပါဝင်လှုပ်ရှားမှု မပြုလုပ်မည်ကို စိုးရိမ်ပူပန်ခဲ့ကြသည်။

သံဗုံးတီးလှုပ်ရှားမှုကို ဦးဆောင်ခဲ့သည် ကွန်ရက်မှတာဝန်ရှိသူတစ်ဦးကို သံဗုံးတီးလှုပ်ရှားမှုစတင်ရန်နှိုးဆော်သည့်အ ချိန်တွင် သတင်းမှား၊ ကောလဟလများဖြင့် စိုးရိမ်ပူပန်မှုရှိခဲ့ပြီး လူအများပါဝင်လာအောင် လုပ်ဆောင်ခဲ့ရပုံကို မေးမြန်းခဲ့ရာ တွင် ဤကဲ့သို့ ဖြေကြားခဲ့သည်။

“လူတွေက ၇၂ နာရီ ဂျင်းရှိတာကိုး၊ ၇၂ နာရီပြည့်တဲ့အထိ အပြင်မထွက်နဲ့ဘာညာဆိုပြီး ပြောနေတဲ့ဟာတွေ ရှိတော့ လူတွေမပါလာမှာကိုစိုးတာ။ ပြီးတော သံဗုံးတီးကမ်းပိန်လုပ်တဲ့အချိန်မှာ ဖေ့ဘွတ်စ်မှာ ဘာတွေဖြစ်လဲဆိုတော့ သံဗုံးတီးကမ်းပိန်လုပ်တာဟာ သက်သက်လုပ်တာဖြစ်တယ်ဆိုတာမျိုး၊ အဲ့အချိန်မှာ အင်တာနက်ကို VPN နဲ့ စတင်သုံးနေရတဲ့အချိန်ဖြစ်တော့ ဒီဟာက တကယ်လုပ်နေတဲ့အဖွဲ့အစည်းတွေ မဟုတ်ဘူး၊ သက်သက်လျှောက်ပြီးတော့ နှိုးဆော်နေတာဆိုပြီး ဆယ်လီ (Celebrity)တွေကအစ ရေးကြတယ်။ နောက်တစ်ခုက သံဗုံးတီးရင်တော့ ဆူညံမှုဖြစ်မယ်။ ဆူညံမှုဖြစ်လို့ရှိရင် ဘာဖြစ်မယ်ဆိုတဲ့ ဂျင်းတွေအများကြီး ထွက်လာတော့ သံဗုံးတီးတဲ့ကမ်းပိန်အောင်မြင်ပါ့မလားဆိုတဲ့ စိုးရိမ်မှုရှိခဲ့တယ်။ အဲဒါကြောင့် Live လွှင့်ပြီး သံဗုံးတီးဖို့ နှိုးဆော်ခဲ့တယ်။ အဲ့ဒီနေ့မှာ ကောင်းတဲ့ ရလဒ်မရဘူးဆိုရင် နောက်နေ့မှာ ထပ်နှိုးဆော်ဖို့ဆိုပြီး နယ်ပယ်သီးသီးမှာ သံဗုံးတီးတဲ့ ဗီဒီယိုတွေစုပြီး တင်ပေးခဲ့တာရှိတယ်။ အဲဒါကို ဖေဖော်ဝါရီ ၃ ရက်နေ့မှာ တင်ဖြစ်တယ်။ အဲဒါကို သံဗုံးတီးတဲ့ တိုက်ရိုက်(Live)လွှင့်ထားတဲ့ ဗီဒီယိုအောက်မှာ သံဗုံးတီးတဲ့ ဗီဒီယိုတွေကို အနယ်နယ်အရပ်က ဗီဒီယိုတွေကို လာစုပြီးတင်ပေးလို့ရပါတယ်ဆိုပြီး အဲဒီမှာနှိုးဆော်ခဲ့တယ်။ ပေ့ချ်(page)ကတော့ စစ်ကိုင်းတိုင်းလူငယ်ရေးရာပေ့ချ်(page)မှာ တင်ခဲ့တယ်”

သံပုံးတီးလှုပ်ရှားမှုကို စတင်သည့်အချိန်တွင် ဦးဆောင်သူများက စိုးရိမ်ပူပန်မှုများရှိခဲ့သော်လည်း ဖေဖော်ဝါရီ(၂)ရက်နေ့မှစတင်၍ မြန်မာတစ်နိုင်ငံလုံးမှ ပြည်သူလူထုအများက ပါဝင်လုပ်ဆောင်ခဲ့ကြပြီး နိုင်ငံတကာကပါ မှတ်တမ်းတင်အသိအ မှတ်ပြုခဲ့ရသည်။ မြန်မာပြည်သူလူထုတစ်ရပ်လုံးပါဝင်ခဲ့သော အကြမ်းမဖက်အာဏာဖီဆန်သောနည်းနာတစ်ခုဖြစ်ပြီး နွေဦးတော်လှန်ရေး၏ အောင်မြင်သောလှုပ်ရှားမှုတစ်ခုလည်း ဖြစ်ခဲ့သည်။

၂၀၂၁ ခုနှစ် မတ်လနှောင်းပိုင်း၌ နေရာအနှံ့အပြားရှိ သံပုံးတီးလှုပ်ရှားမှုတွင် ပါဝင်သူအများအပြားကို သံပုံးတီးချိန်နေတွင် စစ်ကောင်စီက မတရားသဖြင့်ပစ်ခတ်ဖမ်းဆီးရိုက်နှက်ခဲ့ကြသည်။ သံဗုံးတီးလှုပ်ရှားမှုကို ဦးဆောင်ခဲ့သည့်ကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက သံဗုံးတီးလှုပ်ရှားမှုနည်းသွားသည့် အကြောင်းအရာနှင့် အချိန်ကာလကို မေးမြန်းရာတွင် ဤကဲ့သို့ ပြောပြခဲ့သည်။

“နောက်ပိုင်းသံဗုံးတီးတဲ့ အကြောင်းတွေကို ပြန်ကောက်လို့မရတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သံဗုံးတီးရင် ဖမ်းတာ၊ တစ်အိမ်တည်း သံဗုံးထွက်မတီးနိုင်တော့တာ၊ ရပ်ကွက်မှာ ဘယ်သူမှမတီးတော့တဲ့အခါကျတော့ တစ်အိမ်တည်းတီးဖို့ ဘယ် လိုမှမလွယ်တော့ဘူး။ နောက်ထပ် ချိတ်ပြောရမယ်ဆိုရင် အင်းစိန်လမ်းမကြီးမှာ သံဗုံးတီးတဲ့ ရပ်ကွက်တစ်ခုကို ကားတွေဝင်လာပြီးတော့ သေနတ်တွေပစ်တာပေါ့နော် အဲလိုမျိုး သောင်းကျန်းတဲ့ကာလရှိတယ်။ အဲ့အချိန်တွေကစပြီး “crackdown” စလုပ်နေပြီ။ လူတွေကိုဖမ်းပြီး ပြန်ပြန်လွှတ်တဲ့ကာလလေ…။ အဲဒီမှာ တဖြည်းဖြည်းချင်း ရပ်ရပ်သွားတယ်။ မတ်လကုန်လောက်မှာ ဖြစ်လောက်မယ်”

တိတ်ဆိတ်ခြင်းဖြင့် ဆန္ဒပြခြင်း (အသံတိတ် သပိတ် – Silent Strike)

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ(၁)ရက်နေ့မှစတင်၍ စစ်အာဏာရှင်အားဆန့်ကျင်သော လှုပ်ရှားမှုများစွာကို မြန်မာပြည်သူလူထုတစ်ရပ်လုံးက ပါဝင်လှုပ်ရှားခဲ့ကြသည်။ အသံတိတ်သပိတ်သည် အကြမ်းမဖက်လူထုအာဏာဖီဆန်လှုပ်ရှားမှု၏ နည်းနာတစ်ခုဖြစ်ခဲ့ပြီး မြန်မာ့နွေဦးတော်လှန်ရေးက မှတ်ကျောက်တင်ခဲ့ရသောလှုပ်ရှားမှုကြီးဖြစ်ခဲ့သည်။ အသံတိတ်သပိတ်ကို ကျောင်းသားနှင့် လူငယ်အင်အားစုများ၊ တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်သော အထွေထွေသပိတ်ကော်မတီတို့က စတင်ဦး ဆောင်၍ လှုပ်ရှားခဲ့ခြင်းဖြစ်သည်။ စစ်တပ်မှအာဏာသိမ်းခဲ့သည့် တစ်နှစ်အတွင်းတွင် တိတ်ဆိတ်ခြင်းဖြင့် ဆန္ဒပြခြင်း(အသံတိတ် သပိတ်)လှုပ်ရှားမှုကို သုံးကြိမ်ပြုလုပ်ခဲ့သည်။ ၂၀၂၁ ခုနှစ် မတ်လ(၂၄)ရက်နေ့တွင် ပထမအကြိမ်၊ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ(၁၀)ရက်နေ့တွင် ဒုတိယအကြိမ်၊ ၂၀၂၂ ခုနှစ် ဖော်ဖော်ဝါရီ(၁)ရက်နေ့တွင် တတိယအကြိမ်အဖြစ်လုပ်ဆောင်နိုင်ခဲ့ကြသည်။

ပထမအကြိမ်ပြုလုပ်သည့် အသံတိတ်သပိတ်ကို “ကျဆုံးသွားသည့် သူရဲကောင်းများအတွက် ငြိမ်သက်တိတ်ဆိတ်ပေးခြင်း၊ ကုန်ခမ်းသွားသော အားအင်များကို ပြန်လည်ဖြည့်တင်းရန် အနားယူခြင်း၊ စစ်သွေးကြွ အကြမ်းဖက်အုပ်စုများ၏ ပုံမှန်အတိုင်း ပြန်ဖြစ်သွားမည်ဆိုသောစကားကို ချေဖျက်ဆန့်ကျင့်ခြင်း” ဆိုသည့် ရည်ရွယ်ချက်များဖြင့် ပြုလုပ်ခဲ့ကြသည်။ “တိတ်ဆိတ်ခြင်းသည် အကျယ်လောင်ဆုံးသော ဟစ်ကြွေးသံ”ဆိုသည့် ဆောင်ပုဒ်ဖြင့် ၂၀၂၁ ခုနှစ် မတ်လ(၂၄)ရက်နေ့တွင် ပထမဆုံးအကြိမ်အဖြစ်ပြုလုပ်ခဲ့ပြီး မြန်မာတစ်နိုင်ငံလုံးရှိ အများစုသော ဈေးများ၊ ရုံးဌာနများ၊ ဘဏ်များ၊ ဈေးများ၊ ကုန်စုံ ဆိုင်များ၊ စတိုးများ၊ စက်ရုံများနှင့် အလုပ်ရုံများကို ပုံမှန်ယန္တရားများဖြင့်မလည်ပတ်တော့ပဲ တစ်ရက်တာ ရပ်တန့်ခြင်း၊ လမ်းမများတွင် သွားလာမှုမပြုလုပ်ပဲ မိမိတို့နေအိမ်ထဲ၌သာ နေထိုင်ခြင်း၊ နေ့စဉ်ပုံမှန်အတိုင်း လုပ်ဆောင်မြဲဖြစ်သော စီးပွားရေးလုပ်ငန်းများကို ဝန်ထမ်းများမှ သွားရောက်လုပ်ကိုင်ခြင်းမရှိပဲ ခွင့်ယူခြင်း စသဖြင့် မြန်မာလူထုမှ ပူးပေါင်း ပါဝင် လှုပ်ရှားခဲ့ကြသည်။ အာဏာသိမ်း စစ်ကောင်စီဘက်ကလည်း ရပ်ကွက်များနှင့် လမ်းမများတွင် ပုံမှန်ဈေးသွားလာခြင်းနှင့် အပြင်သွားလာခြင်းများကို ပုံမှန်ပြုလုပ်သွားကြရန် အသံချဲ့စက်များဖြင့် လိုက်လံကြေညာခဲ့ခြင်းမျိုးများရှိခဲ့သော်လည်း ထိုနေ့တွင် လမ်းမများ၊ ဈေးများ၊ စက်ရုံအလုပ်ရုံများ ပိတ်ခြင်းဖြင့် တိတ်ဆိတ်မှုကို ပြသခဲ့ကြသည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ(၁၀)ရက်နေ့တွင် ကျရောက်မည့် “လူအခွင့်အရေးနေ့”အထိမ်းအမှတ်ဖြင့် တက်ကြွလှုပ်ရှားသူ များ၊ ကျောင်းသားနှင့် လူငယ်အင်အားစုများ၊ တိုင်းရင်းသားအဖွဲ့ပေါင်းစုံပါဝင်သည့် အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု(General Strike Coordination Body – GSCB)တို့ကဦးဆောင်၍ ဒုတိယအကြိမ်မြောက် အသံတိတ်သပိတ်လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြသည်။ “ဆိတ်သုဉ်းနေတဲ့ လူအခွင့်အရေး တော်လှန်ရေးနဲ့ သိမ်းပိုက်ကြ“ဆိုသည့် ဆောင်ပုဒ်ဖြင့် အသံတိတ်သပိတ်လှုပ်ရှားခြင်းနှင့် အနက်ရောင်လှုပ်ရှားမှု(အနက်ရောင်အင်္ကျီဝတ်ဆင်၍ လူမှုကွန်ရက်တွင် လက်သုံးချောင်းထောင်ပြီး ဓါတ်ပုံမှတ်တမ်းတင်၍ ဝေမျှခြင်း)ပြုလုပ်ရန် တိုက်တွန်းခဲ့ကြသည်။ “ငါတို့မြို့ကို ငါတို့ပိုင်တယ်။ ငါတို့ငြိမ်ချင် ငြိမ်မယ်။ ငါတို့ လှုပ်ချင် လှုပ်မယ်” ဆိုသည့်ဆောင်ပုဒ်ကို အသံတိတ် သပိတ်လှုပ်ရှားမှုတွင် အသုံးပြုခဲ့ကြပြီး မနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း လမ်းမပေါ်တွင် ကားမရှိ၊ လူမရှိ၊ ဆိုင်များမဖွင့်ကြဟုဆိုကာ လူထုတစ်ရပ်လုံးမှ ပထမအကြိမ် အသံတိတ်သပိတ်ပြုလုပ်ခဲ့သည့်အတိုင်း အားတက်သရောပါဝင် ခဲ့ကြသည်။ လူမှုကွန်ရက်မီဒီယာများပေါ်တွင်လည်း အနက်ရောင်လှုပ်ရှားမှုကို ပါဝင်ခဲ့ကြပြီး နိုင်ငံကို စစ်အာဏာသိမ်းမှုအခြေအနေနှင့် လူ့အခွင့်အရေးကို ယှဉ်ထိုးနှိုင်းယှဉ်သည့် စကားစုများနှင့် စကားလုံးများကို #ဆိတ်သုဉ်းနေတဲ့လူ့အခွင့်အရေးတော်လှန်ရေးနဲ့သိမ်းပိုက်ကြ#OurCity#OurRules#SilentStrike#10DMovement စသည့် Hashtag များဖြင့် ရေးသားခဲ့ကြပြီး အနက်ရောင်အင်္ကျီများ ဝတ်ဆင်သုံးစွဲ၍ လက်သုံးချောင်းထောင်သည့် ပုံများနှင့်တကွ မျှဝေခဲ့ကြသည်။ အသံတိတ်သပိတ်ကို အင်းစိန်ထောင်တွင်း အကျဉ်းကျနေသူ များမှပါဝင်ခဲ့ပြီး ပါဝင်လုပ်ဆောင်သူများကို အာဏာပိုင်များက ဖိနှိပ်ခဲ့ကြသည်။ အသံတိတ်သပိတ်တွင် ပါဝင်ဆင်နွှဲပြီး ဆိုင်မဖွင့်သည့်ဈေးဆိုင်များကို အာဏာပိုင်များက ဖိအားပေးခြိမ်းခြောက်မှုများ၊ ပိတ်ထားသည့်ဆိုင်များမှ ပစ္စည်းတချို့ကို ယူဆောင် သွားခြင်းများ ကြုံတွေခဲ့ရသည်

ဒုတိယအကြိမ်မြောက် အသံတိတ်သပိတ်တွင် လူထုပါဝင်မှုနှင့်ပတ်သက်၍ ဦးဆောင်လှုပ်ရှားခဲ့သောကွန်ရက်မှတာဝန် ရှိသူတစ်ဦးက အောက်ပါအတိုင်းပြောကြားခဲ့သည်။

“အမှန်အတိုင်းပြောရရင်တော့၊ နယ်မြေပိုင်စိုးမှုမရှိနေတဲ့ ကာလဖြစ်တဲ့အတွက်ကြောင့်မို့ လူထုကို အထိမနာစေတဲ့ကိစ္စတွေပဲ တွေးပြီးလုပ်တော့ silent strike သည်သာ အကောင်းဆုံးဖြစ်မယ်ဆိုတာမျိုး ကျွန်မတို့သုံးသပ်ကြတယ်။ အဲဒါကြောင့် silent strike ကို 10D နေ့အတွက် ခေါ်ဖြစ်တယ်။ ကျွန်မတို့မျှော်မှန်းထားတဲ့အတိုင်းမှာ လူထုရဲ့ ပါဝင်မှုကလည်း အမြင့်ဆုံးရေချိန်ထိကိုရောက်ခဲ့ပြီးတော့မှ နိုင်ငံတကာကို ချပြနိုင်တဲ့ အနေအထားထိရှိခဲ့တယ်”

စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့်မည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် အာဏာရှင်ဆန့်ကျင့်သည့် လှုပ်ရှားမှုတစ်ခုအဖြစ် မြန်မာ့နွေဦးတော်လှန်ရေး၏ အရေးပါသောအခန်းကဏ္ဍတွင် ဦးဆောင်ဦးရွက်ပြုနေသော သပိတ်ခေါင်းဆောင်များ၊ လူငယ်နှင့် ကျောင်းသားအင်အားစုများ၊ တက်ကြွလှုပ်ရှားသူများအကြားတွင် တတိယအကြိမ်မြောက် အသံတိတ်လှုပ် ရှားမှုပြုလုပ်ရန်ကြိုးပမ်းခဲ့ကြသည်။ အသံတိတ်လှုပ်ရှားမှုများပြုလုပ်ခဲ့သည့် ပထမအကြိမ်နှင့် ဒုတိယအကြိမ်တွင် အောင်မြင်မှုများရှိခဲ့သော်လည်း အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်ဖြိုခွင်းမှုများ အချို့ရှိခဲ့သည့်အတွက် ပြည်သူလူထုများအကြား ထိခိုက်နစ်နာမှုများ ပြားလာနိုင်သည့်အခြေအနေများကို သပိတ်ခေါင်းဆောင်များက ကြိုတင်စိုးရိမ်ပူပန်များရှိခဲ့ကြပြီး တိတ် ဆိတ်ငြိမ်သက်ခြင်းသပိတ်လှုပ်ရှားမှုပြုလုပ်ရန် ဆွေးနွေးတိုင်ပင်မှုများအကြား သဘောထားမူဝါဒကွဲပြားမှုများဖြစ်ခဲ့ကြသည်။

တတိယအကြိမ်မြောက် အသံတိတ်သပိတ်ပြုလုပ်ရန် စီစဉ်ဆောင်ရွက်သူအဖွဲ့များနှင့် ကွန်ရက်များအကြား အငြင်းပွားမှုများ၊ အခက်အခဲများနှင့် ဆွေးနွေးတိုင်ပင်မှုများကို တာဝန်ရှိသူတစ်ဦးက အောက်ပါအတိုင်း ပြောကြားခဲ့သည်။

“အငြင်းပွားမှု ဘာဖြစ်လဲဆိုတော့၊ မူအားဖြင့် လမ်းစဉ်အားဖြင့် တော်လှန်ရေးအင်အားစုကြားထဲတင်မကဘူး umbrella တစ်ခုအောက်ထဲမှာ ရှိနေတဲ့ အဖွဲ့အစည်းတွေ အချင်းချင်းကြားမှာပါ ဒီဟာအတွက်ကို သဘောမတူတာ ပြန် လည်ဆွေးနွေးဖို့ ပြောတာတွေ ရှိခဲ့တယ်။ ကျွန်မတို့ အစည်းအဝေးပေါင်း ၉ ခုလောက်ထိုင်ခဲ့ရတယ်။ ညတိုင်းညတိုင်း ၁၁ ကျော်ထိဆွေးနွေးကြတယ်။ ဒီပေါ်မှာ ဖြစ်တန်ချေတွေ သုံးသပ်ကြတယ်။ ရန်ကုန်မြို့ပေါ်နဲ့ မြို့ကြီးတွေမှာ ဖြိုခွင်းမှုတွေများလာတယ်။ ပထမတစ်ခေါက် silent strike မှာလည်း လူထုကပေးဆပ်ရတာများတယ်။ silent strike ခေါ်လို့တောင် ဒီလိုလုပ်ခံနေရတော့ လူထုကို လမ်းပေါ်ဆွဲတင်မယ်ဆိုရင် ကျွန်မတို့အတွက် ပေးရမယ့်တန်ကြေးက ကြီးတယ်။ အားလုံးရဲ့ဆုံးဖြတ် ချက်နဲ့ ဒီပေါ်မှာ silent strike မခေါ်ရင် ငါတို့ဘာလုပ်နိုင်လဲဆိုတာအခါမှာ ဆက်ထပ်မထွက်လာတာမျိုးရှိတယ်။ ၁ ရက်နေ့ကိုလည်းပဲ နှစ်ပတ်လည်နေ့ကိုလည်းပဲ silent strike နဲ့ပဲ လုပ်ဖို့ဖြစ်ကြတယ်”

တတိယအကြိမ်မြောက် တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်လှုပ်ရှားရန်ကြေညာပြီး လူမှုကွန်ရက်များတွင်လည်း ထိုသို့ ထပ်မံလှုပ်ရှားမှုနှင့်ပတ်သတ်၍ စစ်အာဏာရှင်ဆန့်ကျင့်သူများအကြား ဝေဖန်မှုအများအပြားရှိခဲ့သည်။ အာဏာသိမ်းစစ်ကောင်စီဘက်မှ တတိယအကြိမ်အသံတိတ်သပိတ်ပြုလုပ်ရန် လှုံ့ဆော်သူများကို ဖမ်းဆီးခြင်းများပြုလုပ်ခဲ့ကြပြီး တပ်ထောက်ခံသူများမှလည်း အသံတိတ်သပိတ်ပြုလုပ်မည့် နေ့ရက်မတိုင်ခင် ဆန္ဒထုတ်ဖော်မှုများ နေရာအနှံပြုလုပ်ခဲ့ကြသည်။ ထို့အပြင် တတိယအကြိမ်မြောက်သပိတ်နှင့်ပတ်သက်သော သတင်းအမှားများနှင့် ကောလဟလများလည်း ပျံ့နှံ့ခဲ့သည်။

လှုပ်ရှားမှုပြုလုပ်ရန် အခက်အခဲအများအပြား ရှိခဲ့သော်လည်း တတိယအကြိမ်မြောက် အသံတိတ်လှုပ်ရှားမှု ပြုလုပ်ရန် သဘောတူညီမှုရရှိခဲ့ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ(၁)ရက်နေ့တွင် အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (General Strike Coordination Body)မှဦးဆောင်၍ စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့်အနေဖြင့် “ပြည်တော်ဝင်ဖို့ ရုန်းကြစို့“ဆိုသည့် ခေါင်းစဉ်ဆောင်ပုဒ်ဖြင့် ပြုလုပ်ခဲ့ကြသည်။ ထို့နေတွင် “အဆုံးသတ် တိုက်ပွဲ ဒို့ဆင်နွှဲ”၊ “လုံးဝ အုပ်ချုပ်ခွင့်မရစေရ” စသည့် ဆောင်ပုဒ်များအသုံးပြုပြီး ပြည်သူလူထုတစ်ရပ်လုံးအား မနက် ၁၀ နာရီမှ ညနေ ၄ နာရီထိ လမ်းမပေါ်သို့မထွက်ကြပဲ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်တွင် ပူးပေါင်းပါဝင်ကြရန်နှင့် ညနေ ၄ နာရီတိတိတွင် လက်ခုတ်တီးခြင်းပြုလုပ်ရန်၊ ကျောင်းသားနှင့် လူငယ်သပိတ်ခေါင်းဆောင်များ၊ လှုပ်ရှားတက်ကြွသူများနှင့် စစ်အာဏာရှင်ဆန့်ကျင်သူများမှ လူမှုကွန် ရက်မီဒီယာများနှင့် သတင်းမီဒီယာများမှတစ်ဆင့် လှုံ့ဆော်တိုက်တွန်းခဲ့ကြသည်။ တတိယကြိမ်မြောက် အသံတိတ်သပိတ်ကို တစ်နိုင်ငံလုံးမှ ပြည်သူလူထုအများစုမှပါဝင်ဆင်နွှဲခဲ့ကြပြီး နိုင်ငံတကာမီဒီယာတချို့မှ အာဏာသိမ်းမှုတစ်နှစ်ပြည့် အကြမ်းမဖက်အာဏာဖီဆန်မှုများ မြန်မာလူထုမှ ပြုလုပ်နေသေးကြောင်း ဖော်ပြခြင်းခံခဲ့ရသည်။

သံတမန်ရေးရာတိုက်ပွဲ (Credential Challenge)

၂၀၂၁ ခုနှစ် စက်တင်ဘာ(၁၄)ရက်နေ့တွင် ကျင်းပမည့် ၇၆ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် မြန်မာနိုင်ငံအ တွက်ကိုယ်စားပြုမည့်အစိုးရတစ်ရပ်နှင့် အမြဲတမ်းကိုယ်စားလှယ်တစ်ဖွဲ့ကို ရွေးချယ်ရမည်ဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(State Administrative Council – SAC)နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(National Union of Government – NUG)တို့ အစိုးရနှစ်ရပ်လုံးမှ အသိအမှတ်ပြုမှုရရှိရေး ကြိုးပမ်းကြရမည်ဖြစ်သည်။ ထိုသို့ရွေးချယ်ရာတွင် နိုင်ငံ(၉)နိုင်ငံပါဝင်သည့် ကိုယ်စားပြုခွင့်ရွေးချယ်ရေးကော်မတီ(Credential Committees)မှ မဲခွဲဆုံးဖြတ်မည်ဖြစ်ပြီး ထိုကော်မတီ၏အကြံပြုချက်ကို ညီလာခံသို့ တင်သွင်းမည်ဖြစ်သည်။ ထိုအကြံပြုချက်ကို အထွေထွေညီလာခံ တက်ရောက်သည့် နိုင်ငံ(၁၃၉)နိုင်ငံက တစ်နိုင်ငံကမှ သဘောမတူပါက မဲခွဲဆုံးဖြတ်ရမည်ဖြစ်သည်။ အထွေထွေညီလာခံတက်ရောက်လာသော ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ မြန်မာပြည်သူ့တစ်ရပ်လုံးထောက်ခံသည့် “NUG”ကိုသာရွေးချယ်ရန်၊ အာဏာသိမ်းစစ်ကောင် စီ(SAC)အား အသိအမှတ်မပြုရန် ကြိုးပမ်းသည့်လှုပ်ရှားမှုကို သံတမန်ရေးရာတိုက်ပွဲ(Credential Challenge)ဟုအ မည် သတ်မှတ်ခဲ့သည်။ ကုလသမဂ္ဂမှ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အား အသိအမှတ်ပြုခဲ့ပါက တရားဝင်ကမ္ဘာအသိ အမှတ်ပြုအစိုးရအဖြစ် ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံအတွင်းနှင့် နိုင်ငံတကာရောက် မြန်မာ့အရေးလှုပ်ရှားသူများက ကိုယ်စားပြုခွင့်ရရှိရေးအတွက် လှုပ်ရှားမှုအများအပြား ပြုလုပ်ခဲ့သည်။ လှုပ်ရှားမှုများမှာ –

  • လူမှုကွန်ရက်စာမျက်နှာဖြစ်သည့် ဖေ့ဘွတ်ကိုယ်ပိုင်စာမျက်နှာတွင် ဓာတ်ပုံဘောင်ပြောင်းလဲခြင်း (Profile Frame)၊

  • အင်တာနက်မှတစ်ဆင့် ပြည်သူလူထု၏ လတ်မှတ်ပေါင်းများစွာကို စုဆောင်းကောက်ယူပြီး သက်ဆိုင်ရာကိုပေးပို့သည့် လှုပ်ရှားမှုပြုလုပ်ခြင်း(Signature Campaign)၊

  • အာဏာသိမ်းစစ်ကောင်စီကို ကန့်ကွက်ပြီး “NUG”ကိုသာ ထောက်ခံသော စာသားများနှင့် လူမှုကွန်ရက်စာမျက်နှာများဖြစ်သည့် ဖေ့ဘွတ်ခ်နှင့် တွစ်တာတို့တွင် လူအများဆီသို့ ရောက်ရှိရန် Hashtag (#) များအသုံးပြု၍ ရေးသားခြင်းများ၊

  • နိုင်ငံတကာရောက် မြန်မာများမှ ၎င်းတို့၏ သက်ဆိုင်ရာနိုင်ငံအသီးသီးတွင် မြေပြင်ထက် လူထုစည်းရုံးပွဲများပြုလုပ် ၍ ဆန္ဒထုတ်ဖော်ပြသခြင်းများနှင့်

  • အရပ်ဘက်လူမှုအဖွဲ့အစည်းများစုပေါင်း၍ သဘောထားကြေညာချက်များထုတ်ပြန်၍ သက်ဆိုင်ရာသံရုံးများကို ပေးပို့ခြင်း အစရှိသည့်တို့ဖြစ်ကြသည်။

အထွေထွေသပိတ်ပေါင်းစပ်ညှိနိုင်ရေးအင်အားစု(GSCB)မှ သံတမန်ရေးရာတိုက်ပွဲနှင့်ပတ်သတ်၍ လူမှုကွန်ရက်စာ မျက်နှာဖြစ်သည့်ဖေ့ဘွတ်ခ်တွင် “Reject Military, Accept NUG”ဆိုသည့်စာသားပါဝင်သည့် ဓာတ်ပုံဘောင်များ (Facebook Profile Frame)ပြောင်းလဲခြင်းလှုပ်ရှားမှုကို ၂၀၂၁ ခုနှစ် ဩဂုတ်လ(၉)ရက်နေ့တွင် စတင်ဦးဆောင်ပြုလုပ်ခဲ့သည်။ သံတမန်ရေးရာတိုက်ပွဲလှုပ်ရှားမှု ဦးဆောင်အဖွဲ့အစည်းများမှ တာဝန်ရှိသူတစ်ယောက်၏ ပြောကြားချက်အရဖေ့ဘွတ်ခ်သုံးစွဲသူပေါင်း(၄)သန်းကျော်ခန့် ဓာတ်ပုံဘောင်ပြောင်းလဲခြင်းလှုပ်ရှားမှုတွင် ပါဝင်လှုပ်ရှားခဲ့သည်။ ထိုသို့လှုပ်ရှားမှုကိုထောက်ခံ၍ပြောင်းလဲခဲ့သူများမှ နာမည်ကြီးအနုပညာရှင်များ ပါဝင်ခဲ့သည်။ ထိုသို့ပါဝင်ခဲ့သည့် အနုပညာရှင်တချို့ကို ဖမ်းဆီးရန် အမည်စာရင်းနှင့် ကြေးနန်းတစ်စောင် လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့ခဲ့သည်။

ကုလသမဂ္ဂအထွေထွေညီလာခံမှ NUG ကို အသိအမှတ်ပြုရန် နှိုးဆော်ခြင်းခေါင်းစဉ်ဖြင့် “CRPH/NUG Support Group AUSTRALIA”အဖွဲ့မှဦးဆောင်၍ အင်တာနက်မှတစ်ဆင့် ပြည်သူလူထု၏လက်မှတ်ပေါင်းများစွာကို စုဆောင်းကောက်ယူပြီ သက်ဆိုင်ရာကိုပေးပို့သည့် လှုပ်ရှားမှုပြုလုပ်ခဲ့သည်။ ထိုကောက်ခံမှုတွင် ဘာသာစကားခုနှစ်မျိုးဖော်ပြထားရှိပြီး အင်တာနက်သုံးစွဲသူများထံမှ လက်မှတ် ၂ သိန်းကျော် ကောက်ခံရရှိခဲ့သည်။

UN မှ NUG ကို အသိအမှတ်ပြုရေးအတွက် မြန်မာ့နွေဦးတော်လှန်ရေးတွင် ဦးဆောင်ဦးရွက်ပြုနေသော လူငယ်နှင့် ကျောင်းသားအင်အားစုများမှ လှုပ်ရှားသူများ၊ NUG မှ တာဝန်ရှိသူများ၊ လူမှုကွန်ရက်မီဒီယာတွင် ဩဇာရှိသောပုဂ္ဂိုလ်များက လူမှုကွန်ရက်စာမျက်နှာများဖြစ်သောဖေ့ဘွတ်ခ်နှင့် တွစ်တာစာမျက်နှာများတွင် နိုင်ငံ၏ကိုယ်စားပြုခွင့် အရေးပါအရာရောက်မှုများကို ရေးသားဖော်ပြခဲ့ကြပြီး မြန်မာပြည်သူလူထုအားပါဝင်ရန် နှိုးဆော်ခဲ့ကြသည်။ ကမ္ဘာမှ မြန်မာအကြောင်းသတင်းများကို အဆက်မပြတ်သိရှိနေစေရန်နှင့် ကမ္ဘာမှ မြန်မာ့အရေးကို အရေးစိုက်လာရန်ရည်ရွယ်ပြီးလှုပ်ရှားသော “Twitter for Revolution Team”မှလည်း တွစ်တာစာမျက်နှာပေါ်တွင် #AcceptNUG_RejectMilitary#UN_RecognizeNUG အစရှိသည့် Hashtag များအသုံးပြု၍ ကမ္ဘာသတင်းစီးဆင်းမှု ရေစီးကြောင်းစာမျက်နှာတွင် ကိုယ်စားပြုခွင့်ရရေး ခေါင်းစဉ်ကို စဉ်ဆက်မပြတ် နိုင်ငံတကာမှ လူတိုင်းသိရှိရေးအတွက် ရည်ရွယ်ပြီး ၂၀၂၁ ခုနှစ် ဩဂုတ်လ(၁၀)ရက်နေ့မှစတင်၍ တွစ်တာအသုံးပြုသူများအား တိုက်တွန်းနှိုးဆော်မှုများ ပြုလုပ်ခဲ့သည်။ ထိုသို့တွစ်တာအသုံးပြုသူများအား ရေးသားရန်တိုက်တွန်းနှိုးဆော်ရာ ကမ္ဘာသတင်းစီးဆင်းမှုရေစီးကြောင်း၌ ထိပ်ဆုံး(၁၀)ခုတွင် ဖြစ်နေစေရန်အတွက် မိုဘိုင်းဖုန်းများ၊ ကွန်ပျူတာများတွင် Virtual Private Network (VPN)များသုံးစွဲစေပြီး မတူညီသည့် နိုင်ငံနေရာများမှ ရေးသားမှုမျာ ပြုလုပ်စေခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေး(Global Myanmar Spring Revolution – GMSR)အဖွဲ့မှလည်း အထွေထွေ သပိတ်ပေါင်းစပ်ညှိနိုင်ရေးအင်အားစု(GSCB)နှင့်ပူးပေါင်း၍ နိုင်ငံတကာမှ မြန်မာ့အရေးလှုပ်ရှားသူများကို အင်တာနက်မှတစ်ဆင့် စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်ခဲ့ပြီး UN မှ NUG အား နိုင်ငံကိုယ်စားပြုရေး ရွေးချယ်ရန်အတွက် မြေပြင်၌ လူထုဆန္ဒထုတ်ဖော်ပွဲများကို ၂၀၂၁ ခုနှစ် စက်တင်ဘာ(၁၁–၁၂)ရက်များတွင် နိုင်ငံအများအပြားတွင် ပြုလုပ်ခဲ့သည် ထို့အ ပြင် သံတမန်ရေးရာတိုက်ပွဲဗီဒီယိုလှုပ်ရှားမှု(CC video campaign challenge)ပြုလုပ်ရန်လှုံ့ဆော်ခဲ့ပြီး နိုင်ငံတကာရောက် မြန်မာများနှင့် မြန်မာ့အရေးလှုပ်ရှားသူများ ပါဝင်ခဲ့ကြသည်။

အထွေထွေသပိတ်ပေါင်းစပ်ညှိနိုင်ရေးအင်အားစု(GSCB)မှ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ကျောင်းသားနှင့် လူငယ် အင်အားစုများဖြင့်ပူးပေါင်း၍ နိုင်ငံတကာရှိ သံရုံးများအားလည်း UN အထွေထွေညီလာခံတွင် ပြည်သူထောက်ခံ့သည့် NUG ကိုသာလက်ခံရန် သံခင်းတမန်ခင်းစာစောင်များ ပေးပို့ခဲ့သည်။ ထို့အပြင် မြန်မာနှင့် နိုင်ငံတကာအရပ်ဘက်အဖွဲ့အစည်းများ (၃၅၈)ဖွဲ့မှ UN အဖွဲ့ဝင်နိုင်ငံများအား မြန်မာနိုင်ငံ၏ UN ဆိုင်ရာလက်ရှိ အမြဲတမ်းကိုယ်စားလှယ်အဖြစ် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ ဆက်လက်ထားရှိရန် အိတ်ဖွင့်ပေးစာများ ပေးပို့ခဲ့သည်။

သံတမန်ရေးရာတိုက်ပွဲ (ဝါ) ကိုယ်စားပြုခွင့်ရရှိရေးလှုပ်ရှားမှု၏ ရလဒ်အနေဖြင့် ၂၀၂၁ ခုနှစ် စက်တင်ဘာ(၁၄)ရက်နေ့တွင်ကျင်းပသော(၇၆)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် မည့်သည့်အစိုးရကိုမှ အသိအမှတ်ပြုခြင်းမရှိခဲ့ပဲ မဲခွဲဆုံးဖြတ်မှုမှာနှောင့်နှေးမှုရှိခဲ့ပြီး အမြဲတမ်းကိုယ်စားလှယ်ဦးကျော်မိုးထွန်းကိုသာလျှင် မြန်မာနိုင်ငံ၏ အမြဲတမ်းကိုယ်စား လှယ်အဖြစ်ထားရှိမြဲအတိုင်း ထားရှိခဲ့သည်။

သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှု (Blood Money Campaign)

သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုသည် မြန်မာ့နွေဦးတော်လှန်ရေးတွင် မှတ်တမ်းတင်ဖော်ပြရမည့်လှုပ်ရှားမှုဖြစ်ပြီး အာ ဏာသိမ်းစစ်တပ်၏ နိုင်ငံခြားဝင်ငွေများ ရပ်စဲရန်၊ နိုင်ငံတကာစီးပွားရေးလုပ်ငန်းများနှင့် စစ်တပ်ဖြင့် လက်တွဲလုပ်ဆောင်ခြင်းများ ရပ်တန့်ရန်၊ အထူးသဖြင့် မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း(Myanmar Oil and Gas Enterprise – MOGE)နှင့် ချိတ်ဆက်လုပ်ကိုင်နေသော ရေနံကုမ္မဏီများ ဆက်လက်မလုပ်ဆောင်ရန်၊ အကြမ်းဖက်စစ်အုပ်စု၏ စီးပွားရေးထောက်တိုင်များကို ပစ်မှတ်ထားတားဆီးနိုင်ရန် ရည်ရွယ်ချက်ဖြင့် လှုပ်ရှားမှုပေါင်းများစွာ ပြုလုပ်ကာလုပ်ဆောင်ခြင်းဖြစ် သည်။ သတင်းမီဒီယာဖိအားနှင့်အတူ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုနှင့် အာဏာသိမ်းစစ်တပ်၏ စီးပွားရေးမဏ္ဏိုင်ကို ပြိုလဲရန် ပစ်မှတ်ထားသည့် လှုပ်ရှားမှုလည်းဖြစ်သည်။ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအင်အားစုတွင် နောက်ခံမတူညီ သော တက်ကြွလှုပ်ရှားသူများဖြင့် ဖွဲ့စည်းထားပြီး နိုင်ငံတကာနှင့် ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်းများ၊ ကျောင်းသားနှင့် အ လုပ်သမားသမဂ္ဂများ၊ ငြိမ်းချမ်းရေး၊ ပညာရေး၊ ကျန်းမာရေး၊ မသန်စွမ်း၊ သုတေသန၊ အိုင်တီနည်းပညာနှင့် နယ်ပယ်အစုံမှ ပါ ဝင်ကြသည်။

သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုကို ရှစ်လေးလုံး(၃၃)နှစ်ပြည့်ဖြစ်သည့် ၂၀၂၁ ခုနှစ် ဩဂုတ်(၈)ရက်နေ့တွင် စ တင်လုပ်ဆောင်ခဲ့ပြီး လူမှုကွန်ရက်စာမျက်နှာများတွင် ဓာတ်ပုံကမ်ပိန်းများ၊ လက်မှတ်ရေးထိုးကန့်ကွက်သည့်ကမ်ပိန်းများ (Signature Campaign)၊ တွစ်တာစာမျက်နှာတွင် နိုင်ငံတကာမှဖတ်ရူ့သူများ သတိထားမိစေရန်ရေးသားသည့်(Twitter Mass trending)ကမ်းပိန်များ၊ အွန်လိုင်းဆန္ဒထုတ်ဖော်ပွဲများ၊ နိုင်ငံတကာရောက်မြန်မာများနှင့် မြန်မာ့အရေးလှုပ်ရှားသူ များမှ ၎င်းတို့၏သက်ဆိုင်ရာနိုင်ငံအသီးသီးတွင် မြေပြင်ထက် လူထုစည်းရုံးပွဲများပြုလုပ်၍ ဆန္ဒထုတ်ဖော်ပြသပွဲများ စသည့်လှုပ်ရှားမှုများကို စဉ်ဆက်မပြတ်ပြုလုပ်ခဲ့သည်။

ပထမအကြိမ် ဓာတ်ပုံကမ်းပိန်လှုပ်ရှားမှုအဖြစ် ၂၀၂၁ ခုနှစ် ဩဂုတ်(၈)ရက်နေ့တွင် လူမှုကွန်ရက်စာမျက်နှာများဖြစ်သည့် ဖေ့ဘွတ်ခ်နှင့် တွစ်တာစာမျက်နှာများတွင် “အကြမ်းဖက်စစ်တပ်ဝင်ငွေတွေကို ရပ်ပစ်ပါ(Freeze the Terrorist Junta Income)၊ အာဏာသိမ်းစစ်တပ်နဲ့ နိုင်ငံတကာစီးပွားရေးလုပ်ဆောင်နေတာတွေ ဖြတ်ပစ်(Cut off the junta”s access to international business)၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုကို ငွေကြေးထောက်ပံမှုတွေ ရပ် တန့်ပါ”(Stop Paying to crime against humanity)ဆိုသည့်စာသားများထဲမှ ကြိုက်နှစ်သက်ရာ စာသားကို စာရွက်များတွင်ရေးသားပြီး ဓာတ်ပုံရိုက်မျှဝေနိုင်သည့် လှုပ်ရှားမှုပြုလုပ်ခဲ့သည်။

ဒုတိယအကြိမ် ဓာတ်ပုံကမ်ပိန်းလှုပ်ရှားမှုအဖြစ် ၂၀၂၁ ခုနှစ် စက်တင်ဘာ(၂၅)မှ (၂၈)ရက်နေ့အထိ အွန်လိုင်းဆန္ဒ ထုတ်ဖော်ပွဲခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့သည်။ ရေနံကုမ္ပဏီများဖြစ်သည့် Total နှင့် Chevron ကုမ္ပဏီများမှ အာဏာသိမ်းစစ် တပ်ဆီသို့ ငွေကြေးစီးဆင်းနေမှုများကို ဆန့်ကျင့်သည့်ဆောင်ပုဒ်များနှင့်တကွ “#BloodMoneyMyanmar၊ #Freeze PaymentsToJunta၊ #Total_Stop SponsoringSAC၊ #Chevron_StopSponsoringSAC#Sanction MOGE၊ #StopFundingCrimesAgainstHumanity၊ #ဖက်ဆစ်စစ်တပ်အမြစ်ဖျက်ဖို့_သွေးစွန်းငွေဖြတ်တောက်စို့” ဆိုသည့် hashtag များကို အသုံးပြု၍ ဓာတ်ပုံရိုက်မျှဝေနိုင်သည့် လှုပ်ရှားမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည် ။

အဆိုပါ ဓာတ်ပုံကမ်ပိန်း၏ နောက်ဆက်တွဲလှုပ်ရှားမှုအနေဖြင့် လူမှုကွန်ရက်တစ်ခုဖြစ်သောဖေ့ဘွတ်ခ်တွင် ဓာတ်ပုံဘောင်(Facebook Profile Frame)ပြောင်းလဲခြင်းလှုပ်ရှားမှုအဖြစ် “Sanction MOGE, Freeze payment to Junta”ဆောင်ပုဒ်စာသားပါရှိသည့် ဓာတ်ပုံဘောင်အား ပြည်သူလူထုက ပြောင်းလဲခြင်းဖြင့်လည်း ပါဝင်ပူးပေါင်းနိုင်ခဲ့သည်။

အင်တာနက်မှတစ်ဆင့် ပြည်သူလူထု၏ လက်တ်ပေါင်းများစွာကို စုဆောင်းကောက်ယူပြီး လက်မှတ်ရေးထိုးကန့်ကွက်သည့် ကမ်းပိန်များကိုလုပ်ဆောင်ရာတွင် လူမှုကွန်ရက်မီဒီယာပေါ်တွင် ဩဇာရှိသူများ၊ လူငယ်နှင့် ကျောင်းသားသမဂ္ဂခေါင်းဆောင်များ၊ အမျိုးသားညီညွတ်ရေးအစိုးရမှ တာဝန်ရှိသူများကဦးဆောင်၍ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ် ငန်းမှာ အာဏာသိမ်းစစ်တပ်၏ ပင်မငွေကြေးထောက်တိုင်ဖြစ်ပြီး နိုင်ငံတကာစီးပွားရေးကုမ္ပဏီများဖြစ်သည့် စွမ်းအင်ကုမ္ပဏီ Total၊ Chevron၊ PSCO နှင့် PTT များက အာဏာသိမ်းစစ်တပ်အား ငွေကြေးများထောက်ပံ့လွှဲပြောင်းခြင်း မပြုလုပ်ပဲ ယာယီငွေအကောင့်များတွင် ခေတ္တခဏသိမ်းဆည်းထားရန်၊ ပင်မငွေကြေးထောက်တိုင်ဖြစ်သော MOGE ကို နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းများ ပူးပေါင်းလုပ်ကိုင်ခြင်းမရှိပဲ တားဆီးပိတ်ပင်ရန်အကြောင်းအရာများပါဝင်သည့် လက်မှတ်ထိုးကမ်ပိန်းများကို သက်ဆိုင်ရာကုမ္ပဏီများနှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သို့ လိပ်မူပေးပို့သည့် လှုပ်ရှားမှုကို ပြုလုပ်ခဲ့သည်။

၂၀၂၁ ခုနှစ် အောက်တိုဘာလ(၂၅)နှင့် (၃၁)ကြားတွင် သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုကို အရှိန်မြင့်သည့် အနေဖြင့် ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုကို ကမ္ဘာလုံးဆိုင်ရာမြန်မာ့နွေဦးတော်လှန်ရေး(Global Myanmar Spring revolution – GMSR)နှင့် သွေးစွန်းငွေဖြတ်တောက်ရေး(Blood Money)တို့မှ ပူးပေါင်းပြုလုပ်ခဲ့သည်။ ယင်း၌ နိုင်ငံတ ကာတွင် မြေပြင်ထက် လူထုဆန္ဒပြပွဲများဖြစ်မြောက်ရန်စီစဉ်ခြင်း၊ မြေပြင်ထက် ဆန္ဒမပြနိုင်သူများအား လူမှုကွန်ရက်မီဒီယာကမ်ပိန်းများစီစဉ်ပေးခြင်း၊ ဖေ့ဘွတ်ခ်တွင် ဓာတ်ပုံဘောင်(Facebook Profile Frame)ပြောင်းလဲခြင်း)၊ လက်မှတ်ထိုးကမ်ပိန်းများတွင် ပါဝင်ခြင်း၊ တွစ်တာတွင် လှုပ်ရှားမှုနှင့်ပါတ်သက်သည့်အကြောင်းအရာများကို တစ်ကမ္ဘာလုံးသိရှိစေရန် သတင်းစီးဆင်းမှု ထိပ်ဆုံးအကြောင်းအရာများတွင်ပါစေရန် စာသားများတင်ခြင်း(Tweet)ဖြင့် ပြုလုပ်ခြင်းစသည့် လှုပ်ရှားမှုများကို ပြုလုပ်ခဲ့သည်။ ဆိုရှယ်မီဒီယာကမ်ပိန်းအနေဖြင့် လှုပ်ရှားမှုနှင့်ပတ်သက်သည့် တောင်းဆိုချက်များကို လက်သုံးချောင်းထောင်သည့် ပုံနှင့်တကွ လူမှုကွန်ရက်မီဒီယာများတွင် ဓာတ်ပုံမျှဝေခြင်းဖြင့် ပါဝင်နိုင်ခဲ့သည်။ လှုပ်ရှားမှုတွင် ပါဝင်လိုသည့် ပြည်သူ များသည် အင်္ကျီအဖြူ/အမည်း၊ သွေးစွန်းနေသော အင်္ကျီပုံစံနှင့် လက်အိတ်အနီ၊ လက်ပတ်စည်းအနီရောင်၊ ရေဆေးအနီရောင်မှုန့်ဖြင့် လက်တွင်လိမ်းခြင်းစသည့် နည်းလမ်းများအသုံးပြုပြီး ဓာတ်ပုံရိုက်ကူးခြင်းဖြင့်ပါဝင်နိုင်သည်။

သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု၏ တာဝန်ရှိသူတစ်ယောက်မှပြောဆိုချက်အရ တောင်းဆိုချက်များကို လက် မှတ်ရေးထိုးသည့်(Petition)လှုပ်ရှားမှုများတွင် ပြည်သူလူထုအားလုံးပူးပေါင်းကြရန် လှုံ့ဆော်သော်လည်း သတ်မှတ်ထားသော လတ်မှတ်ထိုးသည့် အရေအတွက်ရောက်ရှိရန် ခက်ခဲမှုများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။ လက်မှတ်ရေးထိုးသည့် လှုပ်ရှားမှုသည် နိုင်ငံတကာတွင် အရေးပါအရာရောက်သည်ကို ပြည်သူများ သဘောပေါက်နားလည်လာစေရန်နှင့် ပူးပေါင်းပါဝင်လာစေရန်တို့ကို လူမှုကွန်ရက်မီဒီယာပေါ်တွင် ဩဇာရှိသူများ၊ လူငယ်နှင့် ကျောင်းသားခေါင်းဆောင်များ၊ အနုပညာရှင်များနှင့် NUG မှ တာဝန်ရှိသူများ၏ အကူအညီဖြင့် ရေးသားနှိုးဆော်ခဲ့ကြရသည်။

သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု၏ တာဝန်ရှိသူတစ်ယောက်မှ တောင်းဆိုချက်များကို လက်မှတ်ရေးထိုးသည့် (Petition)လှုပ်ရှားမှုအခက်အခဲများကို အောက်ပါအတိုင်းပြောကြားခဲ့သည်။

“ကျွန်တော်တို့လေ petition ကို လူတွေက သိပ်ယုံကြည်မှုနည်းတယ်။ ငါတို့လက်မှတ်ထိုးလို့ ဘာဖြစ်မှာလဲ သိတဲ့အ တိုင်း UN တို့ဘာတို့ကလည်း တချိန်လုံးစိုးရိမ်နေတာဆိုတော့ petition တွေ ကျွန်တော်တို့ ကြေညာတဲ့ အခါကျရင် ပထမပိုင်းဆို ကျွန်တော်တို့က သက်သေလည်းမပြနိုင်သေးဘူး ဒီဟာတွေက အစွမ်းရှိတယ်ဆိုတာ ထိရောက်မှုရှိတယ်ဆိုတာကို သက်သေမပြနိုင်ကြသေးတော့ လက်မှတ်ထိုးဖို့ အရမ်းပြောရတယ်။ လက်မှတ်ထိုးတဲ့အခါမှာလည်း ပုံမှန်က နိုင်ငံတကာမှာ ပလက်ဖောင်းတွေက တခြားနိုင်ငံက လူတွေအတွက် အဆင်ပြေနေပေမယ့် ဒီတော်လှန်ရေးမှာကျတော့ zip code တောင်းတဲ့ဟာရှိတယ်။ နိုင်ငံရွေးခိုင်းတာရှိတယ်။ ဖုန်းနံပါတ်ထည့်ခိုင်းတာ zip code တို့ မဖြစ်မနေရေးခိုင်းတာရှိတယ်။ အဲ့ကျရင် လက်မှတ်ထိုးတော့ဘူး။ ကျွန်တော်တို့က action network ကိုပြောပြီးတော့ ငါတို့နိုင်ငံက ဒီအခြေအနေရှိတယ်။ zip code မတောင်းပါနဲ့။ မြန်မာပြည်သူကို လက်မှတ်ထိုးခိုင်းတဲ့နေရာမှာ လူထုက လက်မှတ်မထိုးရဲဘူး။ ကျွန်တော်တို့ကို respond ပြန်လာတယ်။ security reason အရ zip code ထည့်ခိုင်းတာ သူတို့အဆင်မပြေနေဘူး။ နင်တို့ ဒါတော့ ပြင်ပေးပါ မြန်မာပြည်ကလူတွေလက်မှတ်ထိုးရဖို့အတွက် ပြန်ပြင်ရတယ် ပြီးတော့ သူတို့ကိုပြန်ထိုးခိုင်းရတယ်။ နောက်တစ်ခုက social media influence ရဲ့ အားက အရမ်းကို အရေးကြီးတယ်။ ကျွန်တော်တို့က ဒီလှုပ်ရှားမှ လုပ်တော့မှသိတယ်။ boost တစ်ခါမှမလုပ်ဘူး BMC page က မတူညီတဲ့ လူမှုကွန်ရက်မီဒီယာ ဩဇာရှိသူတွေကို ဖိတ်ပြီး လှုပ်ရှားမှုအကြောင်း MOGE အကြောင်းကို သေချာရှင်းပြတယ် လူထုနားထဲ သေချာရောက်အောင် ရှင်းပေးပါ။ လူထုကို နားဝင်အောင် ပြောပေးပါဆိုပြီး ပြောရတယ်။ အဲဒီနောက်မှာ တဖြည်းဖြည်းနဲ့ ဒီလှုပ်ရှားမှုကို လူထုပါဝင်လာတယ်”

သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု စဉ်ဆက်မပြတ်ပြုလုပ်ခြင်း၏ ရလာဒ်တစ်ခုအနေဖြင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၂၁)ရက်နေ့တွင် နိုင်ငံတကာစီးပွားရေးကုမ္ပဏီဖြစ်သည့် ရေနံကုမ္ပဏီ Total နှင့် Chevron မှ မြန်မာနိုင်ငံတွင် စီးပွားရေးဆက်လက်မလုပ်ဆောင်ရန် လက်ရှိလုပ်ကိုင်နေသည့် လုပ်ငန်းများကို ထွက်ခွာမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်များ အသီးသီးထုတ်ပြန်ခဲ့သည် ။

ဘူးသပိတ်လှုပ်ရှားမှုများ

ဘူးသပိတ်လှုပ်ရှားမှုများကို အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင့်သည် အကြမ်းမဖက်အာခံသည့်နည်းနာတစ်ခုအဖြစ် သတ်မှတ်နိုင်သည်။ အများပြည်သူလူထုမှ ရေချိန်အမြင့်ဆုံးပါဝင်ခဲ့သည့်လှုပ်ရှားမှုများဟုလည်း သတ်မှတ်နိုင်သည်။ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု(GSCB)မှဦးဆောင်၍ ဘူးသပိတ်များကို ပြုလုပ်ခဲ့သည်။ ဘူးသပိတ်ဟုဆိုရာတွင် “ကျောင်းမတက်ဘူး၊ အခွန်မဆောင်ဘူး၊ မီတာခမပေးဘူး၊ ဧည့်စာရင်းမတိုင်ဘူး၊ စစ်တပ်ထုတ်ကုန်မသုံးဘူး“ဆိုသည့်လှုပ်ရှားမှုအ ကြောင်းအရာငါးခု အဓိကပါဝင်ပါသည်။

ကျောင်းမတက်ဘူး”လှုပ်ရှားမှုတွင် တက္ကသိုလ်ကျောင်းများကို ကျောင်းတက်ရန်ခေါ်ဆိုသည့် ၂၀၂၁ ခုနှစ် မေလတွင် အာဏာသိမ်းစစ်တပ်က ဖွင့်လှစ်မည့် တက္ကသိုလ်ကျောင်းများအား သွားရောက်မတက်ရန်လှုံ့ဆော်သည့်အနေဖြင့် စတင်ပြု လုပ်ခဲ့ခြင်းဖြစ်သည်။ စောက်တလွဲပညာရေး ကမ်ပိန်းဆိုသည့်ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံပညာရေးကို ရှုံ့ချဝေဖန်သည့် စာ သားများနှင့် ကျောင်းသားလူငယ်များ ကြီးပြင်းလာသည့် သက်တမ်းတစ်လျောက် ပညာရေးနှင့်ပတ်သတ်သည့် ကြုံတွေ့ခဲ့ရသမျှကို ရေးသားရန်လှုံ့ဆော်ပြီး “ကျောင်းမတက်နှင့် ကျောင်းပျက်”ဆိုသည့်ဆောင်ပုဒ်များသုံးစွဲကာ ကျောင်းများဖွင့်ပါက ကျောင်းမတက်ရန်နှိုးဆော်သည့် လှုပ်ရှားမှုဖြစ်ခဲ့သည်။ “ကျောင်းမတက်ဘူး”လှုပ်ရှားမှု၏ နောက်ဆက်တွဲလှုပ်ရှားမှုမှာ ကျောင်းမပို့ဘူးလှုပ်ရှားမှု ဖြစ်သည်။ ၂၀၂၁ ခုနှစ် ဇွန်လဆန်းတွင် ပြန်လည်ဖွင့်လှစ်မည့် အခြေခံပညာကျောင်းများသို့ မိဘပြည်သူများမှ မိမိတို့၏သားသမီးများကို ကျောင်းမပို့ရန်နှင့် ပညာများပြန်လည်သင်ကြားပါကလည်း စစ်ကျွန်ပညာရေးဖြစ်မည်မှာ သေချာပေါက်ဖြစ်သည်ဟုဆိုသည့် ရည်ရွယ်ချက်များဖြင့် လှုပ်ရှားမှုကိုပြုလုပ်ရန် နှိုးဆော်ခဲ့ကြသည်။ မိဘပြည်သူလူထုများမှပါဝင်ခဲ့ကြပြီး အခြေခံပညာကျောင်းများတွင် ၂၀၂၁ ခုနှစ် ပညာသင်နှစ် ဇွန်လဖွင့်စဉ်က ကျောင်းတက်ရောက်သူဦးရေ အရေအတွက် နည်းပါးခဲ့သည်။ ၂၀၂၁ ခုနှစ် ဂျူလိုင်တွင် ကိုဗစ်-၁၉ လှိုင်းများ တတိယအကြိမ်ရိုက်ခတ်မှုကြောင့် ကျောင်းများ ပြန်လည်ပိတ်ခဲ့ရပြီး ဒုတိယအကြိမ်ပြန်လည်ဖွင့်သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ၌လည်း အခြေခံပညာကျောင်းများတွင် ကျောင်းတက်သူဦးရေ အနည်းငယ်သာ ရှိခဲ့သည် ။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင့်သည့်အနေဖြင့် မြန်မာနိုင်ငံတဝှမ်းရှိ ပြည်သူများသည် စစ်အာဏာရှင်လက်ထဲသို့ ငွေ ကြေးများမရောက်ရှိစေရန် စစ်အာဏာရှင်သို့ အခွန်မဆောင်ဘူး”၊ “မီတာခမဆောင်ဘူး”၊ “ဧည့်စာရင်းမတိုင်ဘူး ဆိုသည့် ဘူးသပိတ်များကို လိုက်လံပူးပေါင်း လုပ်ဆောင်ခဲ့ကြသည်။

အာဏာသိမ်းစစ်ကောင်စီက ဧည့်စာရင်းဥပဒေကို ပြန်လည်ပြဌာန်းခဲ့သည်။ ထိုပြဌာန်းချက်ဖြင့် စစ်အာဏာရှင်စနစ်ကိုအာခံ၍ အစိုးရယန္တရားများ လည်ပတ်မှုမရှိစေရန် ရုံးမတက်သည့် အစိုးရဝန်ထမ်းများနှင့် အာဏာရှင်တော်လှန်ရေး ပြုလုပ်သူများကို လိုက်လံစစ်ဆေးမှုများ ပြလုပ်ရန်ကြိုးပမ်းခဲ့မှုကြောင့် အကြမ်းမဖက် အာခံသောနည်းနာတစ်ခုအဖြစ် “ဧည့်စာရင်းမတိုင်ဘူး”ဆိုသည့် ဘူးသပိတ်များကို ပြည်သူများက စတင်ပူးပေါင်းပါဝင်ခဲ့ကြသည်။

“စစ်တပ်ထုတ်ကုန် မသုံးဘူး” ဆိုသည့် ဘူးသပိတ်လှုပ်ရှားမှုသည် မြန်မာ့နွေဦးတော်လှန်ရေးတွင် အရေးပါသော အခန်းကဏ္ဍတစ်ခုဖြစ်ခဲ့သည်။ စစ်တပ်၏ ငွေကြေးစီးဆင်းမှုကို အတိုင်းအတာတစ်ခုထိ တားဆီးနိုင်သည့် လှုပ်ရှားမှုတစ်ခုဖြစ်ခဲ့သည်။ စစ်တပ်နှင့်ဆက်နွယ်နေသော စီးပွားရေးလုပ်ငန်းများ၊ စားသောက်ဆိုင်များ၊ ကုမ္ပဏီများ၊ စားသောက်ကုန်ပစ္စည်းများစသည့်အရာများကို ဝယ်သူသုံးစွဲခြင်းမပြုခြင်းနှင့် ပူးပေါင်းလုပ်ဆောင်ခြင််မရှိစေရန်လုပ်ဆောင်ခြင်းဖြစ်သည်။ သပိတ်မှောက် ခြင်း အမျိုးအစားများတွင် စစ်တပ်အရာရှိကြီးများ၊ စစ်တပ်နှင့်ဆက်စပ်သော လူပုဂ္ဂိုလ်များနှင့် ၎င်းတို့ မိသားစုများ၊ ကုမ္ပဏီ များနှင့် ထုတ်ကုန်များစသဖြင့် ပါရှိသည်။ ထိုသို့စစ်တပ်နှင့် ဆက်စပ်စီးပွားရေးများ၊ ထုတ်ကုန်များကို အများပြည်သူလူထုများ သတိထားသိရှိနေစေရန်၊ သုံးစွဲခြင်းမပြုရန်နှင့် ပူးပေါင်းလုပ်ဆောင်ခြင်းမရှိရန်အတွက် လူမှုကွန်ရက်စာမျက်နှာများ၊ အဖွဲ့များ၊ မိုဘိုင်းဖုန်းအပ်ပလီကေးရှင်းများ၊ ချက်ဘော့များ(Chatbot)နှင့် အင်တာနက်စာမျက်နှာများစွာရှိသည်။ ဝေးဝေးနေအမည်ရှိအဖွဲ့အစည်းမှ အင်တာနက်စာမျက်နှာများ၊ မိုဘိုင်းဖုန်းအပ်ပလီကေးရှင်းများ၊ လူမှုကွန်ရက်စာမျက်နှာများဖြင့် စစ် တပ်ထုတ်ကုန်များ ဖော်ပြပေးထားပြီး အင်တာနက်သုံးစွဲသူများ ရှောင်လွှဲရမည့် စစ်တပ်နှင့်ပတ်သတ်သည့် စီးပွားရေးများနှင့် ထုတ် ကုန်များ၏ အချက်အလက်များနှင့် အကြောင်းအရာများကို စဉ်ဆက်မပြတ်ဖော်ပြပေးလျက်ရှိသည်။ “မသုံးနဲ့” ဆိုသည့် အဖွဲ့အစည်းမှလည်း မိုဘိုင်းဖုန်းအပ်ပလီကေးရှင်း ပြုလုပ်ထားပြီး ထိုအပ်ပလီကေးရှင်းတွင် စစ်တပ်ထုတ်ကုန်များကို မသိရှိပါက အလွယ်တကူ ရှာဖွေနိုင်‌အောင် ပြုလုပ်ပေးထားခြင်း၊ စစ်တပ်ထုတ်ကုန်များကို အပ်ပလီကေးရှင်းမှတစ်ဆင့် ပေးပို့နိုင်ခြင်းများပါရှိသည်။ လူမှုကွန်ရက်စာမျက်နှာဖြစ်သည့် ဖေ့ဘွတ်တွင် အများပြည်သူသုံးဖေ့ဘွတ်အဖွဲ့များ(Facebook Public Group)ဆယ်ခုမကရှိပြီး စစ်တပ်ထုတ်ကုန်များကို မသိရှိပါက ထိုအဖွဲ့များတွင် သွားရောက်မေးမြန်းနိုင်ပြီး အင်တာနက်သုံးစွဲသူများအချင်းချင်း သိလိုသည်များကို ပြန်လည်မျှဝေပေးမှုများ ပြုလုပ်ကြသည် ။

နိဂုံး

အာဏာသိမ်းစစ်ကောင်စီဘက်မှ အင်တာနက်သုံးစွဲမှုများကို နည်းလမ်းပေါင်းမျိုးစုံဖြင့် ဖြတ်တောက်ခြင်း၊ အင်တာနက်အသုံး ပြုမှုအခွင့်အရေးများကို ဖိနှိပ်ခြင်းများရှိခဲ့သော်လည်း မြန်မာ့နွေဦးတော်လှန်ရေး၏အစိတ်အပိုင်းတစ်ခုဖြစ်သော ဒစ်ဂျစ်တယ် နည်းနာအရ ခုခံတော်လှန်ခြင်းအနေဖြင့် လှုပ်ရှားမှုပေါင်းများစွာကို နိုင်ငံတဝှမ်းမှ အင်တာနက်အသုံးပြုသူများမှ ပူးပေါင်းပါ ဝင်ခဲ့ကြပြီး အကြမ်းမဖက်အာဏာဖီဆန်ရေး နည်းနာတစ်ရပ်အဖြစ် အာဏာရှင်စနစ်ကို တော်လှန်ခုခံခဲ့ကြသည်ကို အောင် မြင်မှုသမိုင်းမှတ်တမ်းမှတ်ရာအဖြစ် သတ်မှတ်နိုင်ပါသည်။

ကန့်သတ်ချက်များ

မြန်မာ့နွေဦးတော်လှန်ရေး ဒစ်ဂျစ်တယ်လှုပ်ရှားမှုအကြောင်းအရာများနှင့် အချက်အလက်များကို လူမှုကွန်ရက်စာမျက်နှာများနှင့် သတင်းမီဒီယာများမှတစ်ဆင့် စုဆောင်းထားခြင်းဖြစ်သည့်အတွက် လှုပ်ရှားမှုအကြောင်းအရာများအားလုံး မခြုံငုံနိုင်ခြင်းနှင့် မပါဝင်နိုင်ခြင်းစသည့် ကန့်သတ်မှုအချို့များရှိပါသည်။

1 view

Comments


Commenting has been turned off.
bottom of page