(၅) အစောင့်ကြည့်ခံနေ့စွဲများအောက်က မြန်မာ့လူထု
စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်အတွင်း အင်တာနက်ဖြတ်တောက်မှုနှင့်အွန်လိုင်းပေါ်မှပြောဆိုရေးသားမှုများကို စောင့်ကြည့် ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည့်အပြင် လူထုအား အစုလိုက်အပြုံလိုက် စောင့်ကြည့်နိုင်ရေးအတွက် အချက်အလက်စုဆောင်းမှုအစီအစဉ်များကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရသည်။ ထို့အပြင် စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များ သည် မြေပြင်တွင် အများပြည်သူအသုံးပြုနေသည့် မိုဘိုင်းဖုန်းများကိုလည်း စောင့်ကြည့်စစ်ဆေးမှုများပြုလုပ်ခဲ့သည်ကို တွေ့ရသည်။
အင်တာနက်ပေါ်မှ နိုင်ငံရေးအရတိုက်ခိုက်ပြောဆိုမှုများနှင့် လိင်အသားပေးကိစ္စများတင်ခြင်းအား အရေးယူနိုင်ရန်အ တွက် စစ်ကောင်စီက ကော်မတီတစ်ရပ်ဖွဲ့စည်းဆောင်ရွက်နေသည်ကိုလည်း တွေ့ရသည်။ ယင်းကော်မတီအား ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုဝန်ကြီးက ဥက္ကဋ္ဌအဖြစ်ဦးဆောင်ပြီး ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဒုဝန်ကြီးက ဒုဥက္ကဋ္ဌအဖြစ် ဦးဆောင်ဖွဲ့ စည်းထားသည်။
ရခိုင်ပြည်နယ်တွင် တိုက်ပွဲများပြင်းထန်လာပြီးနောက် ရခိုင်မှတ်ပုံတင်ကိုင်ဆောင်ထားသည့်ခရီးသွားများ၏မိုဘိုင်းဖုန်းများကိုပါ စစ်ဆေးသည့် ဖြစ်စဉ်များလည်း ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့သည်ကိုတွေ့ရသည်။
မြန်မာနိုင်ငံမှအလည်အပတ်နိုင်ငံကူးလက်မှတ်(PV)ဖြင့် ပြည်ပအလုပ်အကိုင်အတွက် လေဆိပ်မှထွက်ခွာခွင့်မပြုဟု စစ်ကောင်စီက ကြေညာခဲ့သည်။
မိုဘိုင်းဆင်းကဒ်နှင့်ဘဏ်အကောင့်များ အသုံးပြုမှုနှင့်သက်ဆိုင်သည့်
အောက်တိုဘာ(၂၁)ရက်ထုတ် မြန်မာ့အလင်းသတင်းစာပါ စစ်ကောင်စီ ကြေညာချက်
ထို့အပြင် မိုဘိုင်းဆင်းကဒ်(Mobile SIM Card)၊ မိုဘိုင်းငွေပေးချေမှုအကောင့်(Mobile Payment Account)နှင့် ဘဏ်အကောင့်(Bank Account)များအား မသက်ဆိုင်သူထံ အခကြေးငွေဖြင့် ရောင်းချခြင်း၊ ငှားရမ်းအသုံးပြုစေခြင်းများ အား ဥပဒေအရ အရေးယူမည်ဟု စစ်ကောင်စီက ကြေညာခဲ့သည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင် တရုတ်နိုင်ငံသို့ သွားပြီးနောက် တရုတ်က အကူအညီပေးမည့်စီမံကိန်းများတွင် ရာနှင့်ချီသည့် ရဲကားများ၊ စစ်ဆေးရေးဂိတ်များတွင်အသုံးပြုမည့် မျက်နှာသွင်ပြင်မှတ်တမ်းတိုက်ဆိုင်စစ်ဆေးသည့်စနစ်များ အကူအညီပေးရန်ပါဝင်ဟု မြန်မာနောင်း(Myanmar Now)သ တင်းဌာနက ရေးသားဖော်ပြထားသည်ကိုလည်း တွေ့ရသည်။
အထက်ပါဖြစ်ရပ်အချို့သည် ၂၀၂၄ ခုနှစ်အတွင်း အများပြည်သူတစ်ရပ်လုံး၏သွားလာလှုပ်ရှားမှုအားလုံးကို အွန်လိုင်းပေါ်တွင်သာမက မြေပြင်မှာပါ စောင့်ကြည့်ထိန်းချုပ်ရန်ဆောင်ရွက်နေကြောင်း သက်သေခံချက်တစ်ချို့ဖြစ်သည်။
(၅.၁) ကိုယ်ရေးအချက်အလက် လုံခြုံခွင့်နှင့်ကာကွယ်ပိုင်ခွင့်များကိုဂရုမစိုက်သော
စစ်ကောင်စီ၏လုပ်ဆောင်မှုအခြေအနေများ
စစ်ကောင်စီ၏အများပြည်သူတစ်ရပ်လုံးအပေါ် စောင့်ကြည့်ရေးလုပ်ဆောင်ချက်များတွင်ပုဂ္ဂလိကကိုယ်ရေးအချက်အလက် လုံခြုံခွင့်နှင့်ကာကွယ်ပိုင်ခွင့်များကို လုံးဝဂရုမစိုက်သည်ကို တွေ့ရသည်။ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်အတွင်းရှိ မြစ်ကျိုး၊ လက်ပံ၊ အညာစု၊ ဆင်ရွာနှင့် အထက်ဝိုင်းပတ်ကျေးရွာများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နေအိမ်များထဲအထိဝင် ရောက်ပြီး ပြည်သူများအသုံးပြုသည့်ဖုန်းများကို စစ်ဆေးခဲ့သည်။ ခရီးသွားလာနေသော ပြည်သူများ၏လက်ကိုင်ဖုန်းများကိုစစ်ဆေးရန် စစ်ကောင်စီ၏လော်ဘီချန်နယ်ဖြစ်သော ကျော်စွာတယ်လီဂရမ်ချန်နယ်က လှုံ့ဆော်မှုပြုလုပ်ခဲ့သည်ကိုလည်း တွေ့ရသည်။
ခရီးသွားများ၏လက်ကိုင်ဖုန်းများအားစစ်ဆေးရန် စစ်ကောင်စီလော်ဘီချန်နယ်မှလှုံ့ဆော်မှု
စစ်ကောင်စီသည် မေလ(၃၀)ရက်နေ့တွင် ဗီပီအဲန်(VPN)အသုံးပြုမှုများကို တိုးမြှင့်ပိတ်ပင်မှုပြုလုပ်ခဲ့သည်။ ထိုသို့ တိုးမြှင့်ပိတ်ပင်မှု ပြုလုပ်ပြီးနောက်ပိုင်းတွင် အမြန်လမ်းစစ်ဆေးရေးဂိတ်(Check Point)များတွင် ယာဉ်စစ်ရာမှာ ဖုန်းထဲရှိ ဗီပီအဲန်(VPN)များပါစစ်ဆေးခြင်း ပြုလုပ်ခဲ့သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မန္တလေးမြို့တွင် လက်ကိုင်ဖုန်းများထဲ ဗီပီအဲန် (VPN)ရှိမရှိစစ်ဆေးပြီး တွေ့ရှိပါက သိန်းနှင့်ချီသောငွေညစ်ခြင်းများပြုလုပ်ခဲ့သည်ဟု ရွှေဖီမြေသတင်းဌာနက ရေးသားဖော် ပြခဲ့သည်။ လားရှိုးမြို့တွင်လည်း ဗီပီအဲန်(VPN)အသုံးပြုသူများအား ဖမ်းဆီးမည်ဟု စစ်ကောင်စီစစ်သားများက ခြိမ်းခြောက်ခဲ့သည်။
တောင်သာနှင့်ပုသိမ်စသည့် မြို့များတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်ကိုင်ဖုန်းများအတွင်း ဗီပီအဲန် (VPN)ရှိမရှိ စစ်ဆေးအရေးမှုများ ပြုလုပ်ခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်တစ်ဖက်ကမ်း၊ အောက်ရုံ/စက်ဆန်းရပ်ကွက်တွင် နေအိမ်များထဲအထိဝင်ရောက်ပြီး ဖုန်းထဲတွင် ဗီပီအဲန်(VPN)ရှိမရှိ စစ်ဆေးမှုများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြုလုပ်ခဲ့သည်ကိုတွေ့ရသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းတွင် လက်ကိုင်ဖုန်းအတွင်း ဗီပီအဲန်(VPN)အသုံးပြုမှုစစ်ဆေးစဉ် လူငယ်တစ်ဦးကို စစ်ကောင်စီတပ်မှ ပစ်ခတ်ဖမ်းဆီးခဲ့သေးသည်။
အထက်ပါအခြေအနေများသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တရားရုံး၏တစ်စုံတစ်ရာ ညွှန်ကြားချက်ဖော်ပြခြင်းမရှိပဲ လူထု၏လက်ကိုင်ဖုန်းများကို စိတ်ကြိုက်ရယူစစ်ဆေးခဲ့သည့် ဖြစ်စဉ်များဖြစ်သည်။ ထိုဖြစ်စဉ်များသည် မြန်မာနိုင်ငံသားတို့၏ဒစ်ဂျစ်တယ်အခြေခံရပိုင်ခွင့်ဖြစ်သော ကိုယ်ရေးအချက်အလက်လုံခြုံခွင့်နှင့်ကာကွယ်ပိုင်ခွင့်များကို ချိုးဖောက်ခံနေရသည့်သက်သေခံချက်များလည်း ဖြစ်သည်။
မိုးကုတ်မြို့တွင် တော်လှန်ရေးထောက်ခံသူများအား မှတ်တမ်းပြုအရေးယူနေကြောင်း
စစ်ကောင်စီဝါဒဖြန့်မီဒီယာများပြီးဖော်ပြချက်ကို သတင်းတင်ဆက်ထားသည့် မဲခေါင်သတင်း၏ဖော်ပြချက်
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့မှာ တော်လှန်ရေးထောက်ခံသူအယောက်(၄၀၀)ကို စစ်ကောင်စီတပ်က ကိုယ်ရေး မှတ်တမ်းပြုစုထားပြီး စတင်ဖမ်းဆီးနေပြီဟု စစ်ကောင်စီဝါဒဖြန့်ချန်နယ်များမှဖြန့်ဝေခဲ့ကြောင်းကို မဲခေါင်သတင်းဌာနက သ တင်းရေးသားဖော်ပြခဲ့သည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်း မြန်မာနိုင်ငံအနှံအပြားတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ပြီးနောက် ရေဘေးအတွက် ကေပေး(KBZpay)မှတစ်ဆင့် ငွေလွှဲလှူဒါန်းခဲ့သည့် အကောင့်အများအပြားကို ငွေကြေးခဝါချသည်ဆိုသည့်စွပ်စွဲချက်ဖြင့် ပိတ်ပင်ခံခဲ့ရသည်ကို တွေ့ရသည်။
အထက်ပါဖြစ်ရပ်များကိုကြည့်ပါက စစ်ကောင်စီသည် အများပြည်သူတစ်ရပ်လုံး၏ လှုပ်ရှားသွားလာမှုများအား မြေပြင်တွင်သာမကအွန်လိုင်းမှာပါ စောင့်ကြည့်နေသည့်အပြင် လူထု၏ငွေကြေးသုံးစွဲမှုများကိုလည်း အနီးကပ်စောင့်ကြည့်မှုများပြု လုပ်နေသည်ကို ထင်ရှားစွာတွေ့မြင်နိုင်သည်။
(၅.၂) အများပြည်သူ၏ကိုယ်ရေးအချက်အလက်နှင့်
စစ်ကောင်စီ၏ယူအိုင်ဒီ/အီးအိုင်ဒီစီမံကိန်းအခြေအနေများ
စစ်ကောင်စီ၏ အများပြည်သူအား အပြည့်အဝစောင့်ကြည့်နိုင်ရေးယန္တယား အောင်မြင်နိုင်ရေးအတွက် အဓိကကျသည့်အ ချက်မှာ အများပြည်သူ၏ကိုယ်ရေးကိုယ်တာအချက်အလက်မှန်များကို စုဆောင်ရရှိရေးဖြစ်သည်။ စစ်ကောင်စီသည် အများပြည်သူ၏အချက်အလက်မှန်များရရှိနိုင်ရေးအတွက် ၂၀၂၄ ခုနှစ်အတွင်း ယူအိုင်ဒီ/အီးအိုင်ဒီများထုတ်ပေးရေးလုပ်ငန်းစဉ်အား တစိုက်မတ်မတ် ဦးတည်ဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။
စစ်ကောင်စီသည် အများပြည်သူအား ယူအိုင်ဒီ/အီးအိုင်ဒီများ မဖြစ်မနေလုပ်ဆောင်လာစေရန်အတွက် ပုံစံမျိုးစုံဖြင့် ဖိ အားပေးဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။
ဟိုင်းကြီးကျွန်းတွင် ယူအိုင်ဒီ/အီးအိုင်ဒီမပြုလုပ်သည့် ဒေသခံ(၅၀)ကျော်ကို စစ်ဆေးဒဏ်ရိုက်ခဲ့သည်။ ရွေးကောက်ပွဲလုပ်ငန်းစဉ်အတွက်ဟုဆို၍ ယူအိုင်ဒီ/အီးအိုင်ဒီများကို ဖိအားပေးဆောင်ရွက်ခိုင်းခဲ့သည်။ နိုင်ငံကူးလက်မှတ်ပြုလုပ်ရာတွင် ယူအိုင်ဒီနံပါတ်များယူဆောင်လာရန် ဖိအားပေးဆောင်ရွက်ခဲ့သည်။ နယ်စပ်ဖြတ်သန်းသွားလာသူများသည် မှတ်ပုံတင်အပြင် ယူအိုင်ဒီလက်မှတ်ပါမှသာ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်များ ပြုလုပ်ပေးတော့မည်ဟု စစ်ကောင်စီက အသိပေးကြေညာခဲ့သည်။ ပြည်ပထွက်ခွာသူများသည် ယူအိုင်ဒီ(UID)နံပါတ်များ ပြုလုပ်ထားကြရန် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန် ကြီးဌာန(လဝက)က ကြေညာခဲ့သည်။ ယူအိုင်ဒီနံပါတ်အတုများ ကိုင်ဆောင်အသုံးပြုပါက ဥပဒေနှင့် အညီအရေးယူခံရမည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန(လဝက)က ကြေညာခဲ့သည်။ ထိုသို့ပြည် တွင်းပြည်ပခရီးသွားလာမှုများတွင် ယူအိုင်ဒီကဒ်များပြသရန် ဖိအားပေးလာမှုကြောင့် ယူအိုင်ဒီကဒ်များ ပိုမိုလုပ်ဆောင်လာကြရသည့် အခြေအနေများနှင့်ရင်ဆိုင်ခဲ့ရသည်။
(၅.၃) သန်းခေါင်စာရင်းလား၊ စောင့်ကြည့်မှုလား
စစ်ကောင်စီသည် ၂၀၂၄ ခုနှစ် အောက်တိုဘာတွင် ပြည်လုံကျွတ်သန်ခေါင်းစာရင်းကောက်ယူပြီး ၂၀၂၄ ဒီဇင်ဘာလတွင် ရှေ့ ပြေးလူဦးရေစာရင်းထုတ်ပြန်ရန် စီစဉ်နေသည်ဟု ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ထုတ်ပြန်ကြေညာခဲ့သည်။ စစ် ကောင်စီ၏သန်းခေါင်စာရင်းအစီအစဉ်အား လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ၊ တော်လှန်ရေးအင်အားစုများနှင့်ဒစ်ဂျစ်တယ်လုံခြုံရေးဆိုင်ရာကျွမ်းကျင်သူများက အများပြည်သူအားစောင့်ကြည့်နိုင်ရေးအတွက် စစ်ကောင်စီလုပ်ဆောင်မှု၏အ စိတ်အပိုင်းတစ်ခုအဖြစ် ရှုမြင်ခဲ့ကြသည်။
စစ်ကောင်စီသည် အောက်တိုဘာလ (၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ သန်းခေါင်စာရင်းကောက်ယူမှု အစီအစဉ်ကို ဆောင်ရွက်ခဲ့သည်။ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် စာရင်းစစ်/စာရင်းကောက်(၄၂,၀၀၀)ခန့် အသုံးပြုခဲ့သည်။ သန်းခေါင်စာရင်းကောက်ယူသည့်နေ့ရက်တွင် အိမ်ထောင်ဦးစီး (သို့မဟုတ်) အိမ်ထောင်စုအကြောင်းဖြေကြားနိုင်မည့်သူ များ နေအိမ်၌နေရန် စစ်ကောင်စီက ဖိအားပေးခဲ့သည်။ ဆရာ/ဆရာမများအားလည်း စစ်ကောင်စီ၏သန်းခေါင်စာရင်း ကောက်ယူမှုအစီအစဉ်တွင် မဖြစ်မနေပါဝင်ဆောင်ရွက်ပေးရန် ဖိအားပေးဆောင်ရွက်ပေးခဲ့သည်။
စစ်ကောင်စီသည် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူမှုဟု ခေါင်းစဉ်တပ်ခဲ့သော်လည်း ပဋိပက္ခဖြစ်ပွားနေ သည့်နေရာဒေသအများအပြားတွင် သန်းခေါင်စာရင်းကောက်ခံမှုကို ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည်ကို တွေ့ရသည်။ ထို့ ကြောင့် စစ်ကောင်စီ၏သန်းခေါင်စာရင်းကောက်ခံမှုအစီအစဉ်သည် အချက်အလက်အမှန်များရရှိနိုင်ရေးအတွက် စိန်ခေါ်မှု များစွာဖြင့် ရင်ဆိုင်ခဲ့ရသည်။
သန်းခေါင်စာရင်း (သို့မဟုတ်) လူဦးရေစာရင်းသည် နိုင်ငံတစ်ခု၏လူမှုစီးပွားဆိုင်ရာအစီအစဉ်များ ဆောင်ရွက်နိုင်ရေးအတွက်အရေးကြီးသည့် အချက်အလက်ကောက်ခံမှုတစ်ခုဖြစ်သော်လည်း အာဏာသိမ်းစစ်ကောင်စီ၏သန်းခေါင်စာရင်းကောက်ခံမှုအစီအစဉ်အား လူထုအနေဖြင့် သန်းခေါင်စာရင်းလား၊ စောင့်ကြည့်မှုလားဟု ဝေခွဲမရခြင်းများဖြင့် ပြီးဆုံးသွားခဲ့သည်။
(၆) ပိုမိုတင်းကြပ်လာသော သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေများ
စစ်ကောင်စီသည် အာဏာသိမ်းကာလနောက်ပိုင်းကတည်းက သတင်းမီဒီယာလိုင်စင်များရုပ်သိမ်းခြင်းနှင့်သတင်းသမားများ ဖမ်းဆီးထောင်ချခြင်း စသည့်ပုံစံမျိုးစုံဖြင့် သတင်းမီဒီယာများအပေါ် ဖိနှိပ်ခဲ့သည်။ မြန်မာအင်တာနက်ပရောဂျက်(MIP)မှ ကောက်ယူထားသည့်အချက်အလက်များအရ ဖေဖော်ဝါရီလ(၁)ရက်နေ့ အာဏာသိမ်းခံရပြီးနောက် စစ်ကောင်စီက သတင်း သမား(၁၇၀)ကျော်ကိုဖမ်းဆီးခဲ့သည်။ လက်ရှိအချိန်အထိ သတင်းသမား(၄၄)ဦးမှာ အကျဉ်းထောင်များတွင်ရှိနေပြီး သတင်း မီဒီယာ(၁၅)ခု လိုင်စင်ရုပ်သိမ်းခံခဲ့ရသည်
(၆.၁) ၂၀၂၄ ခုနှစ်တွင်း ဖြစ်ပွားခဲ့သော မီဒီယာဖိနှိပ်မှုအခြေအနေများ
မြန်မာအင်တာနက်ပရာဂျက်(MIP)၏စုဆောင်းထားသော အချက်အလက်များအရ ၂၀၂၄ ခုနှစ်အတွင်း ဖမ်းဆီးခံရသည့်သ တင်းသမား(၄)ဦးထက်မနည်း ရှိခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းကာလမှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ သ တင်းသမား(၄၄)ဦးမှာ အကျဉ်းထောင်အသီးသီးတွင် ဖမ်းဆီးခံထားရစဲ ဖြစ်သည်။ ၂၀၂၄ ခုနှစ်အတွင်း သတင်းသမား(၃)ဦး သည် သတင်းလုပ်ငန်းကြောင့် သေဆုံးခဲ့ရသည်။
စစ်ကောင်စီသည် ပြည်ပအခြေစိုက်မီဒီယာများဖြစ်သည့် မဇ္ဈိမ(Mizzima)၊ ဧရာဝတီ(The Irrawaddy)၊ ခေတ်သစ် (Khit Thit)နှင့် မြန်မာနောင်း(Myanmar Now)တို့ကို အရေးယူဆောင်ရွက်နိုင်ရေးစစ်ကောင်စီ၏ဝန်ကြီးဌာနများဖြစ် သော ပြည်ထဲရေး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး၊ လူဝင်ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနများမှပူးပေါင်းဆောင် ရွက်နေသည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်ကိုလည်း ယခုနှစ်အတွင်းတွေ့ရှိရသည်။
DMG သတင်းထောက်နှင့် ရုံးဝန်ထမ်းအား ယခင်ဖွင့်ထားသည့် ဆက်သွယ်ရေးဥပေဒပုဒ်မများမှ ပိုမိုပြင်းထန်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ပြောင်းလဲအမှုဖွင့်ခဲ့သည်ကိုလည်း တွေ့ရသည်။ Dawei Watch သတင်းဌာနမှ သ တင်းထောက် ကိုမျိုးမြင့်ဦးကို ထောင်ဒဏ်တစ်သက်တစ်ကျွန်း၊ ကိုအောင်ဆန်းဦးကို ထောင်ဒဏ်အနှစ် ၂၀ မြိတ်မြို့ စစ်ခုံရုံးက ချမှတ်ခဲ့သည်။ လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ(IPCM)က Dawei Watch သတင်းသမား(၂)ဦး အား ထောင်ဒဏ်တစ်သက်တစ်ကျွန်းနှင့်နှစ်(၂၀)ချမှတ်ခံရခြင်းကို ကန့်ကွက်ရှုံ့ချမှုပြုလုပ်ခဲ့သော်လည်း စစ်ကောင်စီသည် ယင်းတို့ ၏ဆုံးဖြတ်ချက်အပေါ် ပြင်ဆင်ဆောင်ရွက်ခဲ့ခြင်းမရှိသည်ကို တွေ့ရသည်။
၂၀၂၄ ခုနှစ်အတွင်း သတင်းသမားများထိခိုက်သေဆုံးရသည့်ဖြစ်စဉ်များလည်း ဖြစ်ပေါ်ခဲ့သည်။ ကျိုက်ထိုတွင် စစ်ကောင်စီတပ်စီးနင်းပစ်ခတ်မှုကြောင့် ဒီဗီဘီစီဂျေ(DVB CJ)သတင်းထောက် ကိုဝင်းထွဋ်ဦး(ခ)ဖိုင်ဇယ်နှင့် အလွတ်တန်းသ တင်းထောက်ကိုထက်မြတ်သူတို့ သေဆုံးခဲ့ရသည်။ သီပေါတိုက်ပွဲမှာ သတင်းရယူနေစဉ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ရွှေဖီမြေနှင့်သံလွင်ခတ်သတင်းထောက်(၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ သတင်းမီဒီယာသမားများသည် ဖိနှိပ်မှုပေါင်းစုံနှင့်ရင်ဆိုင်နေရသည်ဟု မြန်မာသတင်းစာဆရာများအစည်းအရုံး(IMJA)က ထုတ်ဖော်ပြောကြားခဲ့သည်။
နယ်စည်းမခြားသတင်းသမားများအဖွဲ့(RSF)၏ ညွှန်းကိန်းအရ မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့် အခြေအနေမှာ ကမ္ဘာ့နိုင်ငံပေါင်း(၁၈၀)အနက် အဆင့်(၁၇၃)တွင်သာ ရှိနေသည်ကိုလည်း တွေ့ရသည်။
(၆.၂) တိုင်းရင်းသားဒေသများတွင်ဖြစ်ပွားခဲ့သော
တော်လှန်ရေးအင်အားစုများနှင့်မီဒီယာများအကြား ပွတ်တိုက်မှုအခြေအနေများ
၂၀၂၄ ခုနှစ်အတွင်း သတင်းမီဒီယာများနှင့်တိုင်းရင်းသားလက်နိုင်ကိုင်များအကြား သတင်းရယူမှုဆိုင်ရာအခြေအနေများနှင့် ပတ်သက်ပြီး ပွတ်တိုက်မှုအချို့ ဖြစ်ပွားခဲ့သည်ကိုလည်း တွေ့ရသည်။
ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီအနေဖြင့် မီဒီယာလွတ်လပ်ခွင့်အပေါ်ဝိရောဓိဖြစ်စေသည့် အချက်အလက်များပါဝင်သည့် မီဒီယာကျင့်ဝတ်ဆိုင်ရာညွှန်ကြားချက်ကို ဧပြီလ(၁၆)ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ထို့အတူ ကရင်အမျိုး သားအစည်းအရုံး(KNU)ကလည်း သတင်းဌာနများလိုက်နာရမည့်စည်းကမ်းချက်များဟုဆိုကာ ဧပြီလ(၂၁)ရက်နေ့က ထုတ်ပြန်ခဲ့သည်။
ထိုကဲ့သို့ ထုတ်ပြန်ချက်များကြောင့် တိုင်းရင်းသားဒေသများ၏ သတင်းလွတ်လပ်ခွင့်အခြေအနေနှင့်ပတ်သက်ပြီး စိတ်ပူပန်မှုများ ဖြစ်ပေါ်ခဲ့ကြရသည်။ ဧပြီလ(၁၆)ရက်နေ့စွဲဖြင့် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)မှ ထုတ်ပြန်သော မီဒီယာကျင့်ဝတ်ဆိုင်ရာညွှန်ကြားချက်နှင့် ဧပြီလ(၂၁)ရက်နေ့စွဲဖြင့် ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ထုတ်ပြန်သော သတင်းနှင့်ပြန်ကြားရေးလုပ်ငန်းဆိုင်ရာ ပေါ်လစီမူဝါဒများ၊ ကျင့်ဝတ်စည်းကမ်းများတွင်ပါဝင်သော အချက်အ လက်တချို့သည် သတင်းသမားများ၏လုံခြုံရေးနှင့်သတင်းလွတ်လပ်ခွင့်အပေါ် ခြိမ်းခြောက်နေကြောင်း မြန်မာသတင်းမီဒီယာနှင့်သတင်းထောက်များအကြား စိုးရိမ်ပူပန်မှုများဖြစ်ပေါ်နေသည်ဟု လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ(IPCM) က ပြန်လည်ထုတ်ပြန်ခဲ့သည်ကိုလည်း တွေ့ရသည်။
ထိုကဲ့သို့ ပွတ်တိုက်မှုများစတင်ပြီးနောက် (၄)လဝန်းကျင်အကြာ ဩဂုတ်လတွင် လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ(IPCM)နှင့်ကရင်အမျိုးသားအစည်းအရုံး(KNU)တို့ တွေ့ဆုံဆွေးနွေးပြီး “KNU နယ်မြေ၌ သတင်းမီဒီယာမူဝါဒဆိုင် ရာပူးပေါင်းဆောင်ရွက်ရေး” ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။
အောက်တိုဘာလတွင်လည်း ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)နှင့်လွတ်လပ်သောမြန်မာသတင်းမီဒီ ယာကောင်စီ(IPCM)တို့ သတင်းမီဒီယာမူဝါဒဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ လွတ်လပ်စွာသတင်းရယူရေးဆိုင်ရာကိစ္စရပ် များအတွက် တွေ့ဆုံဆွေးနွေးခဲ့ကြသည်ကို တွေ့ရသည်။ သတင်းရယူပိုင်ခွင့်တွေ ပိုကောင်းလာဖို့ရှိတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)က ထုတ်ဖော်ပြောကြားခဲ့သည်ကိုလည်း တွေ့ရသည်။
ဖားကန့်မြို့နယ် အခြေစိုက်သတင်းထောက်များဖြစ်သော ကိုတာလင်းမောင်နှင့်အလွတ်သတင်းထောက် ကိုနောင်ရိုးတို့ကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)က ဖမ်းဆီးခဲ့သည့်ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပေါ်ခဲ့သည်။ ဖမ်းဆီးခံသတင်းထောက်နှစ်ဦးအား ပြန်လွှတ်ပေးရန် မြန်မာသတင်းစာဆရာများအစည်းအရုံး(IMJA)က အောက်တိုဘာလ(၂၃)ရက်တွင် အိတ်ဖွင့်ပေး စာပေးပို့ပြီး ရက်ပိုင်းအကြားတွင် သတင်းထောက်နှစ်ဦး ပြန်လည်လွတ်မြောက်လာခဲ့သည်။ သတင်းသမား(၂)ဦးလွတ်မြောက် ရေးအတွက် လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ(IPCM)ကလည်း ကြားဝင်ညှိနှိုင်းပေးမှုများရှိခဲ့ကြောင်း သတင်းမီဒီယာရပ်ဝန်းမှ သိရသည်။
၂၀၂၄ ခုနှစ်အတွင်း သတင်းမီဒီယာများနှင့်တိုင်းရင်းသားဒေသရှိ တော်လှန်ရေးအင်အားစုများအကြား ပွတ်တိုက်မှုများဖြစ်ပေါ်ခဲ့သော်လည်း အပြန်အလှန်တွေ့ဆုံဆွေးနွေး ညှိနှိုင်းဆောင်ရွက်မှုများ လုပ်ဆောင်နိုင်ခဲ့သည်ကို တွေ့ရသည်။
(၇) တွေ့ရှိချက်များ
(၁) စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်အတွင်း မြို့နယ်အနည်းဆုံး(၈၂)မြို့နယ်တွင် အင်တာနက်ဖြတ်တောက်မှုများပြုလုပ်
ခဲ့သည်။
(၂) အင်တာနက်ဖြတ်တောက်ခံရသောနေရာများသည် စစ်ကောင်စီနှင့်စစ်ရေးပဋိပက္ခကြီးထွားရာနေရာဒေသများဖြစ်
နေသည်ကိုလည်း တွေ့ရသည်။
(၃) စစ်ကောင်စီလက်လွှတ်ခဲ့ရသောမြို့နယ်အားလုံးနီးပါးတွင် အင်တာနက်ဖြတ်တောက်ခဲ့သည်ကို တွေ့ရသည်။
(၄) ဗီပီအဲန်(VPN)အသုံးပြုမှုများကို ပိုမိုတင်းကြပ်စွာ ပိတ်ပင်ခဲ့သည်။
(၅) စစ်ကောင်စီထိန်းချုပ်ဒေသများအတွင်းရှိ အင်တာနက်သုံးစွဲသူများ၏အွန်လိုင်းပေါ်မှပြောဆိုရေးသားမှုများအား
စောင့်ကြည့်အရေးယူမှုများလည်း ဆက်လက်လုပ်ဆောင်နေသည်ကို တွေ့ရသည်။
(၆) အွန်လိုင်းပေါ်မှပြောဆိုရေးသားမှုများအားစောင့်ကြည့်ရာတွင် ဖေ့ဘွတ်ခ့်(Facebook)သာမက တစ်တော့ခ့်(Tik
Tok)အသုံးပြုမှုများပါ စောင့်ကြည့်အရေးယူမှုများ တိုးမြင့်လာသည်ကို တွေ့ရသည်။
(၇) မြန်မာနိုင်ငံ၏သတင်းလွတ်လပ်ခွင့်အခြေအနေသည်လည်း အင်တာနက်လွတ်လပ်ခွင့်နည်းတူ ပိုမိုကျဆင်းလာ
သည်ကို တွေ့ရသည်။
(၈) အကြံပြုချက်များ
စစ်ကောင်စီ၏အင်တာနက်ဖြတ်တောက်မှုများ လျော့ပါးသွားစေရေးနှင့် မြန်မာနိုင်ငံသားများဒစ်ဂျစ်တယ်အခွင့်အရေးအပြည့် အဝရရှိစေရေးအတွက် ကျွန်ုပ်တို့သည် နိုင်ငံတကာအသိုင်းအဝိုင်းသို့ အောက်ပါအချက်များအား တောင်းဆိုလိုပါသည်။
(၁) အင်တာနက်ဖြတ်တောက်မှုများအား ရှုံ့ချခြင်းနှင့်ဒဏ်ခတ်ပိတ်ဆို့အရေးယူခြင်း
(၁.၁) သံတမန်ရေးရာအရ ဖိအားပေးခြင်း - အင်တာနက်ဖြတ်တောက်မှုများနှင့်ဆက်သွယ်ရေးဆိုင်ရာပိတ်ပင်မှု
များကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များအတွက် မြန်မာစစ်အစိုးရအား ပြင်းထန်စွာရှုံ့ချရန်။
(၁.၂) ဒဏ်ခတ်ပိတ်ဆို့အရေးယူခြင်း - အင်တာနက်ဖြတ်တောက်မှုနှင့်စောင့်ကြည့်မှုများအတွက် အထောက်
အပံ့ပေးနေသော ပါဝင်သူများအား ဒဏ်ခတ်ပိတ်ဆို့မှုများနှင့်အရေးယူမှုများ ပိုမိုပြုလုပ်ရန်။
(၁.၃) နိုင်ငံတကာက ပေါင်းစုဖိအားပေးခြင်း - ကမ္ဘာ့ကုလသမဂ္ဂ(UN)နှင့်အာဆီယံ(ASEAN)ကဲ့သို့သော လမ်း
ကြောင်းများ ကိုအသုံးပြုပြီး ပဋိပက္ခဒေသများအပါအဝင် အင်တာနက်ပြတ်တောက်နေသည့်နေရာများအား
အင်တာနက်ပြန်လည်အသုံးပြုခွင့်ပေးရေး စစ်ကောင်စီအား ဖိအားပေးရန်။
(၂) လုံခြုံသောဆက်သွယ်ရေးနည်းပညာနှင့်ဒစ်ဂျစ်တယ်ကြံခိုင်နိုင်စွမ်းမြင့်မားရေးတွင် အထောက်အပံ့များပေးခြင်း
(၂.၁) နည်းပညာပံ့ပိုးခြင်း - အင်တာနက်ဖြတ်တောက်မှုနှင့်ကန့်သတ်မှုများကို ရှောင်တိမ်းနိုင်ရေးအတွက် ဗီပီ
အဲန်(VPN) များ၊ ဝှက်စာစနစ်ပါသည့် အပ်ပလီကေးရှင်းများနှင့် Mesh Network Devices များကဲ့သို့ လုံခြုံ
သောဆက်သွယ်ရေး နည်းပညာဆိုင်ရာပစ္စည်းများကို ဖြန့်ဝေပေးနိုင်ရန်အတွက် အရင်းအမြစ်နှင့်ငွေကြေးပံ့ပိုး
ပေးရန်။
(၂.၂) စွမ်းရည်မြှင့်တင်ခြင်း - ဒေသတွင်းအဖွဲ့အစည်းများအား ဒစ်ဂျစ်တယ်လုံခြုံရေးနှင့်အွန်လိုင်းလုံခြုံရေး
ဆိုင်ရာအလေ့အထများနှင့်သက်ဆိုင်သည့်သင်တန်းများ ပံ့ပိုးပေးရန်။
(၂.၃) အရေးပေါ်ဆက်သွယ်ရေးစနစ်များပံ့ပိုးခြင်း - လူ့အခွင့်အရေးချိုးဖောက်မှုများကို အစီအရင်ခံနိုင်ရေးနှင့်
လူမှုအဖွဲ့အစည်းအတွက်အရေးကြီးသော သတင်းအချက်အလက်များရရှိနိုင်စေရေးအတွက် ဂြိုလ်တုဆက်
သွယ်ရေး(Satellite)အခြေ ပြုနည်းပညာဆိုင်ရာစနစ်များအား ပံ့ပိုးပေးရန် စသည့်အချက်များကို အကြံပြု
ပါသည်။
Recommended Citation Style –
Myanmar Internet Project (2025, January 7). ၂၀၂၄ ခုနှစ် တစ်နှစ်တာကာလအတွင်းမြန်မာနိုင်ငံ၏ဒစ်ဂျစ်တယ်ဖိနှိပ်ခံရမှု အခြေအနေများ https://www.myanmarinternet.info/my/post/yearly_report_2024_part_2
Kommentare