လေးနှစ်တာကာလအတွင်း ပိုမိုအင်အားကောင်းလာသော စစ်ကောင်စီ၏ဒစ်ဂျစ်တယ်စောင့်ကြည့်ရေးယန္တရားများ
- SRS
- 18 hours ago
- 8 min read
Updated: 10 hours ago
၂၀၂၅ ခုနှစ် မတ်လဝန်းကျင်မှစတင်ပြီး အာဏာသိမ်းစစ်ကောင်စီသည် ယင်းတို့အားဆန့်ကျင်သူတစ်ဦးချင်းစီကို စောင့်ကြည့် ခြေရာခံနိုင်သောနည်းပညာများ သိသိသာသာစတင် အသုံးပြုလာသည်ကို တွေ့ရှိရသည်။ စစ်ကောင်စီ၏ဒစ်ဂျစ်တယ်ဖိနှိပ်မှု များသည် (၄)နှစ်တာအာဏာသိမ်းကာလအတွင်း ပိုမိုပီပြင်၍ ပြင်းထန်လာသည်။ မြန်မာအင်တာနက်ပရောဂျက်(MIP)၏စာ ရင်းများအရ စစ်တပ်အာဏာသိမ်းပြီးနောက် အင်တာနက်ဖြတ်တောက်မှုအကြိမ်အရေအတွက်မှာ ၂၀၂၅ ခုနှစ် မတ်လကုန် အထိ (၃၅၇)ကြိမ်ရှိခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးနှင့်ကချင်ပြည်နယ်သည် အင်တာနက်ဖြတ်တောက်မှု အကြိမ်အရေအတွက် အများဆုံးကြုံနေရသောဒေသများဖြစ်သည်ဟုဆိုသည်။ စစ်ကောင်စီသည် ယင်းတို့လွှမ်းမိုးချုပ်ကိုင်နိုင်မှု အားနည်းသောနေ ရာဒေသအစိတ်အပိုင်းများတွင် အင်တာနက်ဖြတ်တောက်ခြင်းဖြင့် ဖိနှိပ်လျက်ရှိပြီး ယင်းတို့ လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိနေဆဲ ဖြစ်သော ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် စောင့်ကြည့်ရေးနည်းပညာများနှင့်ဖိနှိပ်လျက်ရှိသည်။
စစ်ကောင်စီ၏စောင့်ကြည့်ရေးဂေဟစနစ်ဖော်ဆောင်မှုများ
အရပ်သားအစိုးရ၏ရှိရင်းစွဲစောင့်ကြည့်ရေးယန္တရားကို စစ်ကောင်စီက အာဏာသိမ်း(၄)နှစ်ကျော်ကာလအတွင်း အားကြိုး မာန်တက် ဆက်လက်အကောင်ထည်ဖော်ခဲ့သည်။ ထို့အပြင် အခြားသောနည်းပညာသစ်များနှင့်ကိရိယာများဝယ်ယူ၍ နိုင်ငံ တစ်ဝန်းနှင့်ဆိုက်ဘာနယ်ပယ်အား ထိန်းချုပ်စောင့်ကြည့်ရေးအစုအဝေး(surveillance assembly)နှင့်ဂေဟစနစ်(eco system)တစ်ခုအဖြစ် ဖော်ဆောင်ခဲ့ကိုလည်း တွေ့ရသည်။ အဆိုပါ ယန္တရားများကို အောက်ပါအတိုင်းဆက်လက်တွေ့ရမည်။
နိုင်ငံသားအချက်အလက်များအား စုစည်းလာခြင်း
နိုင်ငံသားအချက်အလက်များဖြစ်သော နိုင်ငံသားစိစစ်ရေးအမှတ်၊ ဆင်းကဒ်မှတ်ပုံတင်နှင့်အခြားဝန်ဆောင်မှုများမှအချက်အ လက်များကို နေရှယ်နယ်ဒေတာဘေ့စ်(National Database)သို့ တစ်စုတစ်ဝေးတည်းဖြစ်ရန် စစ်ကောင်စီက စုစည်းလာ သည်။
အများပြည်သူအကြား ပျံ့နှံ့နေသော ဆိုရှယ်မီဒီယာ ပိုစ့်တစ်ခုအရ ‘Guest List Management System (GLMS)’အပြင် ‘Person Scrutinizing and Monitoring System(PSMS)’၊ လေဆိပ်၌တပ်ဆင်လိုက်သော ‘Myanmar Advanced Passenger Processing System(MAPPS)’၊ စစ်မှုထမ်းစိစစ်သော ‘National Service Information Management System(NSIMS)’အစရှိသည်တို့မှာ နိုင်ငံသားအချက်အလက်များ စုစည်းထားသော ဒေတာဘေ့စ်(database)တစ်ခုအပေါ် မူတည်၍ တည်ဆောက်ထားသော ထုတ်ကုန်များဟု သတ်မှတ်နိုင်သည်။
ထိုသို့အချက်အလက်စုစည်းမှုများကို အရပ်သားအစိုးရလက်ထက်၌ ‘e-Government’၏အစိတ်အပိုင်းတစ်ခုဖြစ်သော ဆင်းကဒ်မှတ်ပုံတင်ခြင်း(Sim Registration)အနေဖြင့် ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ပထမအကြိမ်နှင့် ၂၀၁၉-၂၀၂၀ ခုနှစ်တွင် ဒုတိယအကြိမ်အဖြစ် တွန်းအားပေးဆောင်ရွက်ခဲ့ရာမှ စတင်ခဲ့သည်။ ယင်းဆင်းကဒ်မှတ်ပုံတင်ခြင်းလုပ်ငန်းများကို အာဏာ သိမ်းပြီးနောက်၌ စစ်ကောင်စီက ပိုမိုတင်းကြပ်စွာဆောင်ရွက်ခဲ့သည်။ တယ်လီနောအနေဖြင့် ကုမ္ပဏီအားလွှဲပြောင်းရောင်း ချရန်ဆုံးဖြတ်ရာတွင် စစ်ကောင်စီမှတောင်းခံသည့် တယ်လီနောသုံးစွဲသူများ၏ကိုယ်ရေးအချက်အလက်များအား ပေးခဲ့ရခြင်းမှာလည်း အဓိကအကြောင်းရင်းတစ်ခုဖြစ်ခဲ့သည်ဟု ထုတ်ပြန်ခဲ့ဖူးသည်။ ထို့အပြင် အက်တမ်(Atom)အဖြစ် လက်လွှဲပြီး နောက်ပိုင်းမှာလည်း အတင်းအကြပ်မှတ်ပုံပြန်တင်ခိုင်းသည်ကို တွေ့ခဲ့ရသည်။
၂၀၂၂ ခုနှစ် စက်တင်ဘာလကုန်ပိုင်း၌ စစ်ကောင်စီလက်အောက်ခံ ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လာသော ကြေ ညာချက်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ‘e-ID Biographic Registration Software’နည်းပညာနှင့် နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့်နိုင်ငံသားပြုခွင့်ရသူ(၅၂)သန်းကျော်ကို နေရှင်နယ်ဒေတာဘေစ့်(National Database)တည်ဆောက်၍စာရင်းပြုစုထားပြီးဖြစ်သည့်အပြင် ဆင်းကဒ်(Sim Card)မှတ်ပုံတင်အချက်အလက်များကို ဒေတာဘေ့စ်ဖြင့် တိုက်စစ်မည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။ ထိုအချက်ကြောင့် နေရှင်နယ်ဒေတာဘေစ့်(National Database)ကို အများပြည်သူက ပထမဦးဆုံးအနေဖြင့် သိရှိခဲ့ရခြင်းဖြစ်သည်။ ထိုသို့ကြေညာပြီး မကြာခင်မှာပင် မြန်မာနိုင် ငံတွင်းရှိ အော်ပရေတာ(Operator)များထံမှ စုစည်းရယူထားသည့် အခြေခံဆက်သွယ်ရေးလိုအပ်ချက် ဖြည့်ဆည်းရေးဆိုင်ရာရန်ပုံငွေ(Universal Service Fund, USF)ကိုသုံးစွဲပြီး ‘SIM Registration Management System’တစ်ခုအတွက်ဟုဆိုကာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ၂၀၂၂ ခုနှစ် အောက်တိုဘာလအကုန်တွင် တင်ဒါခေါ်ယူခဲ့သည်။ တင်ဒါကို ‘NAUNG YOE TECHNOLOGIES Co., Ltd’က အောင်မြင်၍ လုပ်ငန်းကာလ(၄)နှစ်စာအတွက် လုပ်ငန်းတန်ဖိုး ၆,၉၉၁,၇၀၁,၀၀၀ ကျပ်(ခြောက်ဘီလီယံကိုးရာကိုးဆယ့်တစ်သန်းခုနှစ်သိန်းတစ်ထောင်ကျပ်)တိတိဖြင့် လုပ် ငန်းအပ်နှံဆောင်ရွက်သွားမည်ဟု ၂၀၂၃ ခုနှစ် ဧပြီလဆန်းပိုင်းက ထုတ်ပြန်ခဲ့သည်။
ထို့နောက်တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ဆင်းကဒ်မှတ်ပုံတင်ခြင်း(Sim Registration)များကို ၂၀၂၃ ခု နှစ် ဇန်နဝါရီလ(၃၁)ရက်နောက်ဆုံးထားပြီး မှတ်ပုံတင်ရန်နှင့်ပျက်ကွက်ပါက ဆင်းကဒ်များပိတ်သိမ်းသွားမည်ဟု ကြေညာခဲ့ သည်။ ဆင်းကဒ်မှတ်ပုံတင်ခြင်းများကို နောက်ပိုင်းမှာ ပိုမိုတင်းကြပ်လာတာကိုလည်း တွေ့ရသည်။ အထူးသဖြင့် ၂၀၂၃ ခုနှစ် မေလတွင် အက်တမ်(Atom)သုံးစွဲသူများ၏တည်နေရာကို ခြေရာခံ၍ အနီး၌ရှိသော အက်တမ်ဒစ်ဂျစ်တယ်စတိုး (Atom Digital Store)ဆိုင်များကိုပါ ညွှန်ပြသည်အထိ ဆောင်ရွက်ခဲ့သည်။ လက်ရှိအချိန်မှာလည်း ဆင်းကဒ်အသစ်များတွင် ဆစ်ဂနယ်(Signal)၊ တယ်လီဂရမ်(Telegram)များကို အသုံးပြုရန်အတွက် မှတ်ပုံတင်၍မရအောင် ‘OTP’ ပိတ်ထားသောအနေအထားများကို တွေ့ရှိခဲ့ရသည်။
နီးစပ်ရာဒစ်ဂျစ်တယ်စတိုးဆိုင်သို့သွား၍ ဆင်းကဒ်အား မှတ်ပုံတင်ရန်တိုက်တွန်းသော စာတို
အီအိုင်ဒီ(e-ID)စနစ်လုပ်ငန်းစဥ်များသည် ၂၀၂၃ ခုနှစ်တွင် အရှိန်တက်လာခဲ့သည်။ ၂၀၂၃ ခုနှစ် ဧပြီလ(၃)ရက်၌ စစ်ကောင် စီအခြေစိုက်သော နေပြည်တော်တွင် ဇီဝအချက်အလက်(Biometric)များ ကောက်ယူမည်ဖြစ်ကြောင်း၊ ဇီဝအချက်အလက် (Biometric)နှင့် ကိုယ်ရေးအချက်အလက်(Biographic)များကို ကောက်ယူထည့်သွင်းခြင်း၊ ထိန်းသိမ်းခြင်းလုပ်ငန်းစဥ်များလုပ်ဆောင်ပြီး ဂဏန်း(၁၀)လုံးပါသော ယူအိုင်ဒီ(Unique ID, UID)ထုတ်ပေးရန်နှင့် (လက်ရှိအချိန်အထိ အကောင်အ ထည်မပေါ်သေးသော)နေရှင်နယ်အိုင်ဒီ(National ID, NID)ဆက်လက်ထုတ်ပေးနိုင်ရန် စီစဥ်လျက်ရှိကြောင်းများကို “လူမှုစီးပွား ဖွံ့ဖြိုးဖို့ Biometric ကောက်ကြစို့”ဆောင်ပုဒ်နှင့်တကွ ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဒီနေရာမှာ Biographic နဲ့ Biometric ဆိုပြီး ဒေတာကောက်ယူမှု အမျိုးအစား နှစ်မျိုးရှိတာကိုသတိပြုဖို့လိုအပ်သည်။ Biographic ကတော့ အမည်၊ အသက်၊ မွေးနေ့၊ နေရပ်လိပ်စာ စသည့် ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကိုဆိုလိုသည်။ Biometric (ဇီဝအချက်အလက်) ကတော့ နိုင်ငံသားများရဲ့ လက်ဗွေရာ၊ မျက်ကြည်လွှာ၊ လက်ဖဝါး၊ မျက်နှာသွင်ပြင် တို့ကို နိုင်ငံသားအချက်အလက်များနှင့် ပေါင်းစည်းသိမ်းဆည်းခြင်း လုပ်ငန်းစဉ်ဖြစ်သည်။ |
ထိုအခြေအနေများသည် လုပ်ငန်းသဘောအရ ကိုယ်ရေးအချက်အလက်များကောက်ခံခြင်းမှ တစ်ဆင့်တက်၍ ဇီဝအချက်အ လက်များကောက်ယူခြင်းဖြစ်သကဲ့သို့ ဇီဝအချက်အလက် (Biometric)ကောက်ယူသောစနစ်များနှင့်လုပ်နည်းလုပ်ဟန်များ ကို နေပြည်တော်အခြေပြုစမ်းသပ်ခဲ့သည်ဟု ယူဆနိုင်သည်။
ထို့နောက် ဇီဝအချက်အလက်စုဆောင်းခြင်းကို ၂၀၂၃ ခုနှစ် ဇွန်လမှာ ရှမ်းပြည်နယ်နှင့်ပဲခူးတိုင်းဒေသကြီးများတွင် ကွင်းဆင်း သင်တန်းပေးခဲ့သည့်အပြင် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများထံမှ ဇီဝအချက်အလက်စုဆောင်းမှုများကိုလည်း လုပ် ဆောင်ခဲ့သည်။
Biometric Enrollent and UID Management System အသုံးပြုနည်းသင်တန်းဖွင့်လှစ်ခြင်းအား
မြန်မာအလင်းသတင်းစာမှ သတင်းတစ်ပုဒ်
ယင်းမတိုင်ခင်ကလည်း သန်းခေါင်းစာရင်းများရှိ အချက်အလက်များမှတစ်ဆင့် စုဆောင်းသိမ်းဆည်းခြင်းများကို လဝကမြို့ နယ်ရုံးအသီးသီးရှိ (နိုင်-၄)မှတ်တမ်းပါအချက်အလက်(၅၂)သန်းကျော်နှင့်အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆) (၁၃)သန်း ကျော်ကို ဒေတာဘေစ့်(Database)အတွင်းထည့်သွင်း ဆောင်ရွက်ပြီးဖြစ်ပါကြောင်း ထပ်မံကြေညာခဲ့သည်။ ၂၀၂၃ ခုနှစ် ဇူ လိုင်လလောက်တွင် စနစ်များပုံပေါ်လာပြီဟု ယူဆနိုင်ပြီး ထိုလုပ်ငန်းစဥ်များက ထုတ်ပေးသောကဒ်များတွင် ဂဏန်း(၁၀)လုံး ပါသော ယူအိုင်ဒီ(Unique ID, UID)အပြင် ကျူအာရ်(QR)ကုဒ်စနစ်ကိုလည်း ပေါင်းစပ်ထားနိုင်ခဲ့ပြီး လုပ်ငန်းစဥ်အရ အ ရေအတွက်များများ ကိုင်တွယ်လာနိုင်တာကိုလည်း တွေ့ခဲ့ရသည်။ ၂၀၂၃ ခုနှစ် သြဂုတ်လတွင် လူဦးရေ(၇)သိန်းကျော်အ တွက် ဇီဝအချက်အလက်များ ကောက်ယူထားနိုင်ခဲ့ကြောင်း သိရသည်။
Unique Identification Number ကဒ်ပြား (ရင်းမြစ်-BNI)
နောက်ပိုင်းတွင် တရုတ်နည်းပညာနှင့်အကူအညီများလည်း ပါဝင်လာခဲ့သည်။ “သန်းခေါင်စာရင်းကောက်ယူရေးနှင့်မြန်မာ တွင် အီလက်ထရောနစ်ခွဲခြားစိတ်ဖြာမှုစနစ်”အတွက် အကူအညီတောင်းခဲ့ပြီး ထိုနည်းပညာများကို တရုတ်နိုင်ငံတွင် လေ့ လာခဲ့သည်ဟု သိရသည်။
EID လုပ်ငန်းစဉ်များနှင့်ဆက်စပ်သော GNLM သတင်းစာမှ သတင်းတစ်ပုဒ်
ဒေတာကောက်ယူရာတွင် စစ်ကောင်စီသည် ဖိအားပေးသောဗျူဟာဖက်သို့ ခြေလှမ်းလှမ်းလာခဲ့သည်။ ဖိအားပေးမှုများမှာ ကနဦးတွင် စမတ်ကဒ်(Smart Card, UID)မပါဝင်ဘဲ ခရီးသွားလျှင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်လဝကရုံးထောက်ခံချက် များကို ရန်ကုန်ရှိမြို့နယ်အချို့တွင် လိုအပ်ချက်တစ်ခုအနေဖြင့် ၂၀၂၃ ခုနှစ်တွင် ဆောင်ရွက်ခဲ့သည်။ အချို့ဒေသများတွင် နိုင်ငံကူးလက်မှတ်လျှောက်ထားသူများအား စမတ်ကဒ်(Smart Card)လုပ်ဆောင်ရန် စစ်ကောင်စီက ဖိအားပေးခြင်းကို ၂၀၂၄ ခု နှစ်အစပိုင်းမှစ၍ တွေ့ခဲ့ရသည်။ ၂၀၂၄ ခုနှစ်၌ စစ်မှုထမ်းဥပဒေထွက်ပြီး ၂၀၂၄ ခုနှစ် မတ်လ ၁၅ ရက်တွင် နိုင်ငံကူးလက်မှတ်(Passport)လျှောက်ထားရန်အတွက် ယူအိုင်ဒီ(UID)ကိုပါ လိုအပ်လာသည့်အနေအထားဖြစ်လာသည်။ ထိုသို့ လို အပ်လာသောအခြေအနေကို ယူအိုင်ဒီ(UID)“ရှိပါက”တစ်ပါတည်းယူဆောင်လာရန် ပန်ကြားသည့်အနေဖြင့် စတင်ခဲ့ခြင်းလည်းဖြစ်သည်။ ၂၀၂၄ ခုနှစ် ဧပြီလ(၅)ရက်မှာတော့ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(TBP - Temporary Border Pass)ရယူရန်အတွက် ယူအိုင်ဒီ(UID)ကို လိုအပ်ချက်တစ်ခုအဖြစ် သတ်မှတ်လာခဲ့သည်။ ထို့နောက် နိုင်ငံကူးလက်မှတ် (Passport) လျှောက်ထားခြင်းအတွက် ယူအိုင်ဒီ(UID)က မဖြစ်မနေလိုအပ်ကြောင်း ၂၀၂၄ ခုနှစ် မေလ(၁၄)ရက်မှာ ကြေ ညာခဲ့သည်။ ထိုသို့ဖိအားပေးမှုတွေကြောင့် ယူအိုင်ဒီ(UID)လျှောက်ထားသူ များလာခဲ့သည်။
အထက်တွင်ဖော်ပြခဲ့သော ဖိအားပေးမှုများအပြင် ကောက်ယူထားသောအချက်အလက်များကိုအသုံးချ၍ ဖိနှိပ်မှုများ၊ ဖမ်း ဆီးမှုများကို ၂၀၂၄ ခုနှစ် နှောင်းပိုင်းမှစတင်၍ လုပ်ဆောင်ခဲ့သည်ကိုလည်း တွေ့ရသည်။ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ(၅)ရက်၌ အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ပြည်ပထွက်ခွာသူများတွင် အမည်ပျက်စာရင်း(Blacklist)သွင်းခံရသူများ ထွက်ခွာ ခွင့်မပြုရေး အလေးထားဆောင်ရွက်ရန် ညွှန်ကြားခဲ့ဟုဆိုသည်။ ထို့နောက် စစ်ကောင်စီသတင်းစာများ၌ ယူအိုင်ဒီ(UID) ကတ်ပြားအတုလုပ်၍ နိုင်ငံကူးလက်မှတ်လျှောက်ထားရာမှာ ပူးပေါင်းပါဝင်သူ(၂၃)ဦးကို ဖမ်းဆီးနိုင်ခဲ့သည်ဟု ၂၀၂၄ ခုနှစ် နိုဝင်ဘာလ(၂၇)ရက်မှတွင် ဖော်ပြခဲ့ကြသည်။ ထိုဖြစ်စဥ်အရ ယူအိုင်ဒီ(UID)အသုံးပြုပြီး အများပြည်သူအပေါ် စောင့်ကြည့် စိစစ်ဖမ်းဆီးမှုများကို စစ်ကောင်စီသည် ယန္တရားတစ်ခုအနေဖြင့် အလွယ်တကူ အကောင်ထည်ဖော်လာနိုင်ကြောင်း ယူဆနိုင် သည်။
၂၀၂၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်းစာရင်းကောက်ယူခြင်း
၂၀၂၃ ခုနှစ် မေလ၌ အကောင်အထည်ဖော်ခဲ့သော ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူခြင်းကိုလည်း ၂၀၂၄ ခုနှစ် အောက်တိုဘာလ(၁)ရက်တွင် စတင်ခဲ့သည်။ သန်းခေါင်စာရင်းကောက်ယူရာတွင်(Computer-Assisted Personal Interviewing, CAPI)နည်းပညာကိုအသုံးပြုခဲ့ပြီး စာရင်းကောက်ယူသူ ၄၂,၀၀၀ ကျော်သည် မိုဘိုင်းတက်ခ်ပလက် (Mobile Tablet)များအသုံးပြုကောက်ယူခဲ့ခြင်းဖြစ်သည်။ မေးခွန်းအရေအတွက်အားဖြင့်(၆၈)ခုပါဝင်ခဲ့ပြီး လူဦးရေဆိုင်ရာအကြောင်းအရာ၊ ပြည်တွင်းရွေ့ပြောင်းသွားလာခြင်းအကြောင်းအရာ၊ ပညာရေးအကြောင်းအရာ၊ လုပ်သားအင်အားအ ကြောင်းအရာ၊ မွေးဖွားခြင်းဆိုင်ရာအကြောင်းအရာ၊ မသန်စွမ်းမှုအကြောင်းအရာ၊ ပြည်ပရွေ့ပြောင်းသွားလာခြင်းအ ကြောင်းအရာ၊ အိမ် ထောင်စုနှင့်ဖွဲ့စည်းပုံအကြောင်းအရာ၊ သေဆုံးခြင်းနှင့်ကိုယ်ဝန်ဆောင်မိခင်သေဆုံးခြင်းအကြောင်းအရာစသည့် ခေါင်းစဉ်ခွဲ(၉)ခု ပါဝင်သည်။ စုဆောင်းရရှိသောအဖြေများကို ဒစ်ဂျစ်တယ်ပုံစံဖြင့် ကောက်ခံသိမ်းဆည်းခြင်းဖြစ်ပြီး သန်း ခေါင်စာရင်းကောက်ခံသူတစ်ဦးချင်းစီ၏ကောက်ယူရရှိသော အချက်အလက်များသည် ဗဟိုချုပ်ကိုင်မှုရှိသောဆာဗာတစ်ခုသို့သွားရောက်ပေါင်းစည်းပြီး ကောက်ယူရရှိသော အချက်အလက်များမှတစ်ဆင့် စစ်ကောင်စီအတွက် စစ်မှုထမ်းနိုင်သော အသက်အပိုင်းအခြားရှိသော လူငယ်အရေအတွက်၊ စီဒီအမ်(CDM)လှုပ်ရှားမှုတွင် ပါဝင်ကြသောဝန်ထမ်းများနှင့်ကျောင်း သားများ၊ ပြည်ပရောက်နေသောသူများနှင့်အရေအတွက်များ၊ တော်လှန်ရေးအင်အားစုများ အစရှိသဖြင့် ခွဲခြားသတ်မှတ်နိုင်သောအခြေအနေတွင် ရှိခဲ့သည်။
သန်းခေါင်းစာရင်းကောက်ယူခြင်းသည် ရွေးကောက်ပွဲကျင်းပနိုင်စေရန်အတွက် ရည်ရွယ်ကောက်ယူခဲ့ခြင်းဖြစ်ပြီး မူလစီစဉ် ထားသော ၂၀၂၄ ခုနှစ် အောက်တိုဘာလ(၁)ရက်မှ(၁၅)ရက်နေ့အထိ (၁၅)ရက်တာကာလမှ အောက်တိုဘာလ(၃၁)ရက်နေ့ထိ တိုးမြှင့်ကောက်ခံခဲ့သည်။ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလထုတ်ပြန်မှုအရ အမှန်တကယ်ကောက်ယူရရှိသော လူဦးရေပမာဏ ၃၂,၁၉၁,၄၀၇ ဦးရှိပြီး သန်းခေါင်စာရင်းကောက်ယူရန်ခက်ခဲသောဒေသ များအတွက် ခန့်မှန်းအရေအတွက်အဖြစ် ၁၉,၁၂၅,၃၄၉ ဦးသတ်မှတ်ကာ စုစုပေါင်းအနေဖြင့်(၅၁.၃)သန်းကျော်ရှိသည်ဟုဆို သည်။ ထိုအချက်အလက်များအား ကြည့်ရှုခြင်းအားဖြင့် နိုင်ငံသားပေါင်း(၃၂)သန်းကျော်၏ အိမ်ထောင်စုအချက်အလက်များ ကို ဒစ်ဂျစ်တယ်အားဖြင့် စုစည်းထားနိုင်စွမ်းရှိခဲ့သည်ဟု နားလည်ရနိုင်သည်။
စစ်ကောင်စီ၏ပြည်သူ့အင်အား ဦးစီးဌာန၊
၂၀၂၅ ခုနှစ်ပြည်လုံးကျွတ်သန်းခေါင်စာရင်းမှရရှိသော အချက်အလက်ထုတ်ပြန်ချက်
PSMS စောင့်ကြည့်ရေး နည်းပညာ
PSMS(Person Scrutinization and Monitoring System)ဆိုသည်မှာ ဉာဏ်ရည်တုနည်းပညာ(AI)၊ သွင်ပြင်မှတ် သားခြင်း(Facial Recognition)နည်းပညာ၊ ဗဟိုချုပ်ကိုင်မှုစီစီတီဗီ(CCTV)စောင့်ကြည့်ရေးနည်းပညာနှင့်နိုင်ငံသားအ ချက်အလက်များကို စုဆောင်းသိမ်းဆည်းထားသော နေရှင်နယ်ဒေတာဘေ့စ်(National Database)များ စုပေါင်းအလုပ်လုပ်သောစနစ်တစ်ခုဟု ဆိုနိုင်သည်။ ထိုအသုံးအနှုန်းများမှာ နိုင်ငံတကာက ခေါ်ယူသုံးစွဲကြသော စံနှုန်းသတ်မှတ်ချက်ရှိသည့် နည်း ပညာအသုံးအနှုန်းများ မဟုတ်ပါ။ ‘PSMS’နှင့်လုပ်ဆောင်ပုံဆင်တူပြီး ရည်ရွယ်ချက်ကွဲပြားသော NSIMS (National Service Information Management System)နည်းပညာကို ရန်ကုန်လေဆိပ်တွင် စတင်အသုံးပြုနေပြီဟု သိရှိရသည်။ ထို ‘NSIMS’ စနစ်သည် စစ်မှုထမ်းစာရင်းတွင် အမည်စာရင်းပါဝင်သူများနှင့်တာဝန်ထမ်းဆောင်နိုင်စွမ်းရှိသူများအား စစ်ထုတ်နိုင်သည်။ အမည်နှင့်အတိုကောက်များကွဲလွဲသော်လည်း အရင်းစစ်လိုက်ပါက နိုင်ငံသားအချက်အလက်များကိုစိစစ် ၍ စောင့်ကြည့်ရေးနှင့်နောက်ဆက်တွဲများဖြစ်သော ခြေရာခံခြင်းနှင့်ဖမ်းဆီးခြင်းများကို လုပ်ဆောင်နိုင်မည့် ဖိနှိပ်ရေးနည်းပညာတစ်ခုဖြစ်သည်။
PSMS နည်းပညာသည် စစ်ကောင်စီအတွက် ဟွာဝေး(Huawei)မှ ထောက်ပံ့ထားသောနည်းပညာတစ်ခုဖြစ်ကြောင်း သ တင်းများအရ သိရသည်။ ဟွာဝေး(Huawei)၏ စောင့်ကြည့်ရေးနည်းပညာများကို ပဋိပက္ခဖြစ်ပွားနေသောနိုင်ငံများတွင် နိုင်ငံသားများအား စောင့်ကြည့်ရာတွင်အသုံးပြုရန်အတွက် ရောင်းချခဲ့သောမှတ်တမ်းများလည်း ရှိခဲ့ဖူးသည်။ ထိုသို့ အလိုအ လျောက်စောင့်ကြည့်မှုထက်ကျော်လွန်ပြီး စောင့်ကြည့်ထားသည့်အချက်အလက်မှတ်တမ်းများအား ထပ်မံသုံးသပ်ခွဲခြမ်းစိတ် ဖြာကာ လေ့လာကောက်ချက်ဆွဲခြင်းများ(Analysis)လည်းဆောင်ရွက်နိုင်သည့် စွမ်းရည်များရှိနိုင်သည်ဟုလည်း ယူဆရသည်။
စီစီတီဗီ(CCTV)ကင်မရာကွန်ရက်
စီစီတီဗီကင်မရာကွန်ရက်များကို ၂၀၁၉ ခုနှစ်ဝန်းကျင် အရပ်သားအစိုးရလက်ထက်၌ မန္တလေး၊ ရန်ကုန်နှင့်နေပြည်တော်ကဲ့သို့မြို့များတွင် “smart city၊ safe city” ခေါင်းစဉ်တွေအောက်မှ ဖော်ဆောင်ခဲ့သည်။ ရန်ကုန်ယာဉ်သွားလာမှုထိန်းချုပ်စင်တာ(Yangon Traffic Control Center)ကဲ့သို့ အဆောက်အအုံများကိုတည်ဆောက်၍ စောင့်ကြည့်ရေးအတွက် အခြေခံအုတ်မြစ်များ တည်ထောင်ခဲ့ခြင်းလည်းဖြစ်သည်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်တွင် စီစီတီဗီ(CCTV)ကွန်ရက်ဖြန့်ကျက်သည့် လုပ်ငန်းစဉ်များ တိုးချဲ့ပြုလုပ် ခဲ့ပြီး ကနဦးမြို့တော်များအပြင် အခြားမြို့ကြီးများဖြစ်သော မော်လမြိုင်၊ ထားဝယ်၊ တောင်ကြီး၊ ဘားအံနှင့် မြစ်ကြီးနားမြို့များတွင်ပါ ဖော်ဆောင်မည်ဟု သိရသည်။ အဆိုပါကွန်ရက်အတွင်း၌ ဉာဏ်ရည်တု(AI)နည်းပညာများပါဝင်ပြီး မျက်နှာသွင်ပြင်များကို မှတ်သားတွက်ချက်နိုင်သော သွင်ပြင်မှတ်သားခြင်း(facial recognition)အပြင် ကားနံပါတ်အစရှိသည်များကိုပါ မှတ်သားတွက်ချက်နိုင်ကြောင်း သိရသည်။
အဆိုပါ စီစီတီဗွီ(CCTV)ကွန်ရက်များသည် ‘PSMS’ဟုခေါ်သော Person Scrutinization and Monitoring System ၏ အစိတ်အပိုင်းတစ်ခုအဖြစ် လက်ရှိအခြေအနေတွင် အသက်ဝင်နေပြီဟုဆိုရမည်။ အဆိုပါ စနစ်များတွင်မျက်နှာကို အလိုအလျောက်မှတ်မိနိုင်သော သွင်ပြင်မှတ်သားခြင်း(Facial Recognition)စနစ်များပါဝင်လေ့ရှိပြီး ကွန်ရက် (Network)က ပစ်မှတ်ထားသော (သို့မဟုတ်) သတ်မှတ်ထားသော ပုံစံမျိုးဖြင့်ဝင်ရောက်လာပါက အလိုအလျောက်စနစ်ဖြင့် ပိုမိုစောင့်ကြည့်ခြင်းကို ခံရနိုင်သည်။ ထို့အပြင် သက်ဆိုင်ရာသို့ အချက်ပေးအကြောင်းကြားနိုင်မည့် လုပ်ငန်းစဥ်များကိုလည်း ထည့်သွင်းစဥ်း စားထားနိုင်သည်။ စီစီတီဗီ(CCTV)ကွန်ရက်များကို ဗဟိုချုပ်ကိုင်မှုစနစ် အသုံးပြုထားပြီး ဒေတာဘေ့စ် (database)တစ်ခုနှင့်ချိတ်ဆက်ထားကြောင်း ယူဆနိုင်သည်။ ထို့အပြင် ထိုဒေတာဘေစ့်(database)သို့ အချက်အလက်များပုံမှန်အဆင့်မြှင့် (update)တင်၍ မြေပြင်ရှိ စစ်ဆေးရေးဂိတ်များနှင့်စစ်ကောင်စီလက်အောက်ခံများသို့ ဖြန့်ကျက်ထားနိုင်သည်။
ထိုသို့ ပြည်တွင်း၌ ဖြန့်ကျက်ထားသော နည်းပညာများကို ဇီကျန်တာဟွာနည်းပညာ(Zhejiang Dahua Technology) ကုမ္ပဏီ၊ ဟွာဝေး(Huawei)နှင့်ဟိုက်ဗွီရှင်း(Hikvision)ကုမ္ပဏီများမှ ဝယ်ယူထားခြင်း ဖြစ်သည်။
Firewall နည်းပညာ
အာဏာသိမ်းမှုနောက်ပိုင်း လွတ်လပ်သော သတင်းမီဒီယာဝက်ဘ်ဆိုက်များကို ပိတ်ပင်ခြင်း၊ လူမှုကွန်ရက်မီဒီယာများနှင့် ဆက်သွယ်ရေးအက်ပ်ပလီကေးရှင်းများကို ဆင်ဆာဖြတ်တောက်ပိတ်ဆို့ခြင်းများကို စစ်ကောင်စီက ပိုမိုလုပ်ဆောင်ခဲ့သည်။ အများပြည်သူအသုံးအများဆုံးဖြစ်သော ဖေ့ဘွတ်ခ့်(Facebook)လူမှုကွန်ရက်မီဒီယာကို စစ်ကောင်စီက ပိတ်ပင်ထားခြင်း ကြောင့် ဗီပီအဲန်(VPN)များအသုံးပြုပြီး ပိတ်ဆို့မှုများကို ကျော်လွှားနေကြသည်။ “ပိတ်ဆို့မှုများအား ကျော်လွှားသည့်နည်းပ ညာ(Circumvention Technology)”များဖြစ်ကြသော ဗီပီအဲန်(VPN)များအား ပိတ်ဆို့သောနည်းပညာသည် ၂၀၂၄ ခုနှစ် မေလ(၂၉)ရက်တွင် စတင်အသက်ဝင်ခဲ့သည်။
ထိုပိတ်ဆို့မှုနည်းပညာကို တရုတ်နိုင်ငံအခြေစိုက် Jizhi (Hainan) Technology Company Limited (ခေါ်) Geedge Network ကထောက်ပံပေးထားပြီး TIANGOU secure gateway (TSG) firewall နည်းပညာနှင့်ဆိုက်ဘာနာရေတာ (Cyber Narrator)ဟုခေါ်သော ဖြတ်သန်းသွားလာနေသော အင်တာနက်လှုပ်ရှားမှုများအား ဆန်းစစ်သောနည်းပညာ ပါဝင် လာခဲ့သည်။
နည်းပညာအလုပ်လုပ်ပုံအရ “TSG Firewall” စနစ်တွင် “Deep Packet Inspection”ဟုခေါ်သော အတွင်းကျကျ ထောက်လှမ်းရေးစနစ်တစ်ခုပါဝင်တတ်ပြီး အက်ပလီကေးရှင်း(application)ထောင်ကျော်အား ခွင့်ပြုခြင်းနှင့်ပိတ်ပင်ခြင်းများကို အလိုရှိသလိုလုပ်နိုင်သည်။ ဤနည်းလမ်းဖြင့် အချို့သောဝက်ဘ်ဆိုက်များကို နိုင်ငံအတွင်း ဝင်ရောက်ကြည့်ရှုအသုံးပြုခွင့်မရှိအောင် လုပ်ဆောင်နိုင်သည်။ ကွန်ရက်အတွင်း သွားလာနေသော လမ်းကြောင်းများကိုလည်း စောင့်ကြည့်စစ်ဆေးနိုင်ပြီး “DPI(Deep Packet Inspection)”ကို အသုံးပြုကာ အီးမေးလ်၊ မက်ချ်ဆေ့စသည့်အချက်အလက်များကို ကြားဖြတ်ဖမ်းယူခြင်း၊ ကာကွယ်ထားသောဝှက်စာစနစ်(encryption)ကိုဖြေပြီး ဝင်ရောက်ကြည့်ရှုခြင်းများကို လုပ်ဆောင်နိုင်သည်။ ဝှက်စာစနစ်ဖြေရန်ခက်ခဲသော အခြေအနေများတွင် ပေးပို့လာသောဖိုင်များမှ လမ်းကြောင်း၏“Metadata”ဖြစ်သော ပေးပို့ဖိုင်အရွယ်အစား၊ ပေးပို့ချိန်၊ ပေးပို့သူနှင့်လက်ခံသူ၏ “IP address” စသည်များကိုပါ စုဆောင်းနိုင်စွမ်း ရှိသည်။
ထိုနည်းပညာကြောင့် မြန်မာ့အင်တာနက်သုံးစွဲသူများသည် “ဆုပ်လျှင်စူး စားလျှင်ရူး”ဆိုသောအနေအထားသို့ ရောက်နေရ သည်။ လက်ရှိအချိန်တွင် မြန်မာပြည်သူများအတွက် ကာကွယ်နိုင်ရန်အားထားယုံကြည့်စိတ်ချရသော ဗီပီအဲန်(VPN)လက် တစ်ဆုပ်စာနှင့် စိတ်မချရသော ဗီပီအဲန်(VPN)ပေါင်းများစွာကိုသာမှီခို၍ ဖေ့ဘွတ်ခ့်(Facebook)၊ ဆစ်ဂနယ်(Signal)၊ နက်ဖလစ်(Netflix)စသည်အထိ သုံးစွဲနေရခြင်းဖြစ်သည်။ ဗီပီအဲန်(VPN)အသုံးမပြုပါက စောင့်ကြည့်ခံရမည်ဖြစ်သလို စစ် ကောင်စီအလိုကျ ခွင့်ပြုထားသော ဝန်ဆောင်မှု(Service)များကိုသာ သုံးစွဲနိုင်မည်ဖြစ်ပြီး စိတ်ချရသောဗီပီအဲန်(VPN)အ သုံးမပြုနိုင်ပါကလည်း အင်တာနက်ပေါ်တွင် လုံခြုံမည်မဟုတ်ပါ။ ထို့အပြင် ကိုယ်ပိုင်ဗီပီအဲန်(VPN)ထူထောင်ခြင်းမျိုးက လည်း ၂၀၂၅ ခုနှစ် ဇန်နဝါရီလ(၁)ရက်မှာပြဋ္ဌာန်းခဲ့သော ဆိုက်ဘာလုံခြုံရေးဥပဒေ(Cyber Security Law)အရ အနည်း ဆုံးတစ်လမှ အများဆုံးခြောက်လအထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံးကျပ်တစ်ဆယ်သိန်းမှ အများဆုံးကျပ်သိန်းတစ်ရာ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်သည့်အန္တရာယ်လည်း ရှိနေသေးသည်။
ကွန်ရက်စောင့်ကြည့်စိစစ်ခြင်း
ဆိုက်ဘာနာရေတာ(Cyber Narrator)သည် ကွန်ရက်စောင့်ကြည့်ရေးနည်းပညာတစ်ခုဖြစ်ပြီး ပမာဏများသော အင်တာ နက်စီးဆင်းမှုကို စောင့်ကြည့်နိုင်စွမ်းရှိသည်။ ကွန်ရက်ချိတ်ဆက်မှုများကို စောင့်ကြည့်ရာတွင် ပိုမိုလျှင်မြန်လွယ်ကူစေသော မြင်သာအောင် ပုံဖော်ပေးနိုင်စွမ်းလည်းရှိသည်။ ထိုနည်းပညာသည် မြန်မာနိုင်ငံအတွင်း အင်တာနက်သုံးစွဲသူများ၏ချိတ် ဆက်မှုတိုင်းကို ခွဲခြမ်းစိတ်ဖြာပေးနိုင်သည်။ “OTT Service Tracking”နည်းပညာကိုအသုံးပြုပြီး လူအသုံးများသော အက် ပလီကေးရှင်းများ၊ ဝက်ဘ်ဆိုက်များကို ခြေရာခံဖော်ထုတ်နိုင်သည်။ ထို့အပြင် သုံးစွဲသောအက်ပလီကေးရှင်း၊ အိုင်ပီ(IP) လိပ်စာ၊ ဒိုမိန်းအမည်(Domain Name)နှင့်သုံးစွဲသော အင်တာနက်ဝန်ဆောင်မှုများအပေါ်အခြေခံ၍ အင်တာနက်အသုံးပြု သူများကို ခွဲခြားဖော်ထုတ်နိုင်သည်။ အင်တာနက်အသုံးပြုသူများမှ မည်သူက မည်သည့်ဝန်ဆောင်မှုများအသုံးပြုနေသည်ကို စိစစ်ပိုင်းခြားနိုင်သည်။ တူရာစုဝေးခြင်းဖြင့် အင်တာနက်အသုံးပြုသူများ၏ အချင်းချင်းပတ်သက်မှုနှင့်ချိတ်ဆက်မှုများကို ဖော် ထုတ်နိုင်စွမ်းရှိသည်။ ဆိုက်ဘာနာရေတာ(Cyber Narrator)ကို “Tiangou Secure Gateway (TSG)”နှင့်ပူးပေါင်းအ လုပ်လုပ်ဆောင်နိုင်စွမ်းလည်းရှိသည်။ ဆိုက်ဘာနာရေတာ(Cyber Narrator)ကို အော်ပရေတာများနှင့်အင်တာနက်ဂိတ်ဝေးများတွင် တပ်ဆင်အသုံးပြုခြင်းဖြင့် နိုင်ငံတစ်ဝန်းမှ အင်တာနက်အသုံးပြုသူများ၏ချိတ်ဆက်စီးဆင်းမှုများကို ဇယားကွက် များ၊ အချိုးအစားများ၊ အတက်အကျများဖြင့် ရှင်းရှင်းလင်းလင်း စိစစ်စောင့်ကြည့်နိုင်စွမ်းရှိစေသည်ဟု ယူဆနိုင်သည်။
ကြားဖြတ်စောင့်ကြည့်ခြင်း
အများပြည်သူ၏ဆက်သွယ်ရေးအချက်အလက်များအား စစ်ကောင်စီက ကြားဖြတ်စောင့်ကြည့်နိုင်သည်။ အာဏာသိမ်းမှု မတိုင်ခင်ကပင် မြန်မာနိုင်ငံအတွင်း၌ ကြားဖြတ်စောင့်ကြည့်ရေးစနစ်များ ထည့်သွင်းထားပြီးဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ် ဖေဖော် ဝါရီလကတည်းက တယ်လီနောတွင် တပ်ဆင်ထားပြီးဖြစ်ကြောင်း Justice for Myanmar ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။ ပြည်တွင်းဆက်သွယ်ချိတ်ဆက်မှုများကိုလည်း ဥပဒေကြောင်းအရ စောင့်ကြည့်ခြေရာခံနိုင်ရန်အတွက် “နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့်ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကိုကာကွယ်ပေးရေးဥပဒေ”ကို ပြောင်းလဲပြင်ဆင်ခဲ့ပြီး ကြားဖြတ်စောင့်ကြည့်ရေးနည်းပညာများကိုလည်း ပြည်တွင်းအခြေစိုက်အော်ပရေတာများတွင် တပ်ဆင်အသုံးပြုလာခဲ့သည်။
ထပ်မံတိုးချဲ့သောအားဖြင့် ဖုန်းလိုင်းနှင့်စာတိုပို့စနစ်(SMS)များအား စောင့်ကြည့်ထောက်လှမ်းရန်အတွက် ပို့ဆောင်ဆက် သွယ်ရေးဝန်ကြီးဌာန၏လမ်းညွှန်ချက်ဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ဆိုက်ဘာလုံခြုံရေးအဖွဲ့ဖွဲ့စည်းကာ ဖုန်းခေါ်ဆိုမှုနှင့်လူမှု ကွန်ရက်များ စောင့်ကြည့်ခြင်းများဆောင်ရွက်ရန် စီစဉ်ခဲ့သည်ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက သတင်းဌာနသို့ ဖြေကြားခဲ့သည်။ အ ဆိုပါဖြေကြားမှုတွင် ၂၀၂၁ခုနှစ်နှစ်ဦးပိုင်းမှစတင်ပြီး ဉာဏ်ရည်တု(AI)နည်းပညာအသုံးပြုထားသော စောင့်ကြည့်ရေးစနစ် များကို အမ်ပီတီ(MPT)နှင့်မိုင်တဲလ်(MyTel)တို့၌ စတင်တပ်ဆင်ထားပြီး ဖုန်းခေါ်ဆိုမှုနှင့်စာတို(SMS)ပေးပို့မှုများကို “စကား လုံး/စုများမှတ်သားခြင်း (keyword recognition)”စနစ်ဖြင့် “တော်လှန်ရေး”၊ “ဆန္ဒပြ”အစရှိတဲ့ စကားလုံး“keyword”များကို အလိုအလျာက်သိရှိပြီး အလိုအလျာက်မှတ်တမ်းရယူခြင်း၊ သက်ဆိုင်ရာအား အသိပေးမှုများပြုလုပ်အကြောင်းကြားခြင်းတို့ကို ဆောင်ရွက်နိုင်သည်ဟုဆိုသည်။ ထို့အပြင် မိုဘိုင်းဖုန်းတာဝါတိုင်(mobile cell tower)များ၏အလုပ်လုပ်ပုံအရ အ ဆိုပါ အချက်အလက်များအပြင် သုံးစွဲသူ၏ခန့်မှန်းတည်နေရာကိုပါ ရရှိသွားနိုင်မည် ဖြစ်သည်။
အထက်ပါ ကြားဖြတ်စောင့်ကြည့်ရေးစနစ်များ တပ်ဆင်ရန်ဖိအားပေးခြင်းကပင် မြန်မာနိုင်ငံအတွင်း အင်တာနက်နှင့်ဆက် သွယ်ရေးဝန်ဆောင်မှုပေးသောကုမ္ပဏီတစ်ခုဖြစ်သည့် တယ်လီနော(Telenor)ထွက်ခွာရန်လမ်းစ ဖြစ်စေခဲ့သည်။ လက်ရှိ တယ်လီနောအလွန်ကာလ၌ထိုစနစ်များကို ပြည်တွင်းအော်ပရေတာ(operator)များအားလုံးတွင် တပ်ဆင်ထားပြီးသား ဖြစ် မည်ဟု ယူဆရသည်။
ဖော်ပြပါအခြေအနေများမှာ နည်းပညာပိုင်းဆိုင်ရာအကောင်အထည်ဖော်မှုများဟု သတ်မှတ်၍ ရနိုင်သည်။ အခြားတစ်ဖက် တွင်လည်း ထိုနည်းပညာများကို အကောင်အထည်ဖော်ရန်အတွက် ဥပဒေရေးရာမူဘောင်များ ပြဌာန်းထားသည်။ ၂၀၂၃ ခုနှစ် မတ်လ(၁)ရက်မှာ ကြားဖြတ်စောင့်ကြည့်ရေးမူဘောင်(Lawful Interception Framework)ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအတွင်းမှာ အခန်း(၁၄)အနေဖြင့် ပြင်ဆင်ထည့်သွင်းခဲ့ပြီး အဆိုပါ မူဘောင်ထဲတွင် ကြားဖြတ်စောင့်ကြည့်ရေးအတွက် လုပ်ငန်းစဥ်များနှင့်တာဝန်ခွဲယူမှုများကို ထည့်သွင်းဖော်ပြထားသည်။ အကြမ်းအားဖြင့် အဆိုပါလုပ်ငန်းစဥ်အတွက် အကြမ်းဖက်အဖွဲ့အစည်းနှင့်ပတ်သက်သည်ဟု သံသယရှိသူအား စောင့်ကြည့်နိုင်ရန်ဆုံးဖြတ်ချက်ကို ဗဟိုကော်မတီမှသာ ချုပ်ကိုင်ထားပြီး အဆိုပါ ဗဟိုကော်မတီအား စစ်ကောင်စီလက်ရင်းစွဲ ပြည်ထဲရေးဝန်ကြီးဌာနက စိတ်ကြိုက်ဖွဲ့စည်းခွင့်ရမည့် အနေအထားဖြစ်သည်။ ထို့ကြောင့် ယင်းမှာတရားမျှတမှုအတွက် စိစစ်နိုင်မှုမရှိနိုင်အောင် ရည်ရွယ်ရေးဆွဲထားသောမူဘောင် တစ်ရပ်ဖြစ်သည်။
ထိုအဖွဲ့၏ဆုံးဖြတ်ပိုင်ခွင့်တွင် တယ်လီဖုန်းနှင့်အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်မှုများကို ဖြတ်တောက်ခြင်း၊ ကန့် သတ်ခြင်း (သို့မဟုတ်) ကြားဖြတ်ဖမ်းယူခြင်းပြုနိုင်ရေးအတွက် ဗဟိုအဖွဲ့၏သဘောတူညီချက်ရရှိရေးဆောင်ရွက်ရမည်ဟု ပါ ဝင်နေသည်။
ဒစ်ဂျစ်တယ်ဓာတ်ခွဲခန်း
“အမျိုးသားဒစ်ဂျစ်တယ်ဓာတ်ခွဲခန်း”ဆိုသောစကားရပ်သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ၌ ပြဌာန်းခဲ့သော ဆိုက်ဘာလုံခြုံရေးဥပ ဒေ၊ အခန်းတော်တော်များများတွင် ပါဝင်ခဲ့သည်။ လက်ရှိအချိန်မှာ အဆိုပါဓာတ်ခွဲခန်း၏အနေအထား၊ ပြီးမြောက်မှု၊ အ ကောင်ထည်ဖော်နိုင်မှုကို မှန်းဆရခက်နိုင်သော်လည်း မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ်ဓာတ်ခွဲခန်းတစ်ခုတည်ဆောက်ရန် နည်း ပညာလက်ဝယ်ရှိပြီးဖြစ်နိုင်ကြောင်း သတင်းများ၊ မြေပြင်ပြောကြားမှုများနှင့်အတူ အတိတ်ဖြစ်စဥ်များအရ ယူဆနိုင်သည်။ ထိုအချက်များကို ဤနေရာတွင် စုစည်းတင်ပြပါမည်။
၂၀၁၇ ခုနှစ်၊ အရပ်သားအစိုးရလက်ထက်တွင် ရိုက်တာသတင်းဌာနမှ သတင်းမီဒီယာသမားနှစ်ဦးဖြစ်သူ ကိုဝလုံးနှင့်ကို ကျော်စိုးဦးတို့ကို ရဲတပ်ဖွဲ့က ဖြားယောင်းဖမ်းဆီးခဲ့ပြီး မြန်မာနိုင်ငံလျှို့ဝှက်ချက်များအက်ဥပဒေအရ တရားစွဲကာ ထောင်ဒဏ် ချမှတ်ခဲ့သည်။ ထိုဖြစ်စဉ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က အစ္စရေးနိုင်ငံထုတ် “Cellebrite” ဆော့ဖ်ဝဲလ်အား အသုံးပြုကာ သ တင်းမီဒီယာသမားနှစ်ဦး၏ဖုန်းများကို စစ်ဆေးခဲ့သည်ဟု ဆိုသည်။ ထိုစစ်ဆေးမှုမှရရှိလာသော အချက်အလက်များဖြင့် ယင်းတို့နှစ်ဦးအား စွဲချက်တင်အမိန့်ချရာတွင် သက်သေများအဖြစ် အသုံးပြုခဲ့သည်။ ဝါရှင်တန်ပို့စ်(Washington Post)ဖော် ထုတ်မှုများအရ အဆိုပါ“Cellebrite”မှ ဝယ်ယူထားသောနည်းပညာကိရိယာများမှာ “Universal Forensic Extraction Device (UFED)”ကိရိယာဖြစ်ပြီး စမတ်ဖုန်း(Smartphones)နှင့်လပ်တော့(Laptop)များကို ထိုးဖောက်ဝင်ရောက်ပြီး အချက်အလက်များရယူနိုင်သည်ဟုဆိုသည်။ ထိုဖြစ်စဥ်အပြီးတွင် “Cellebrite”မှ မြန်မာနိုင်ငံအား နည်းပညာလိုင်စင် ဆက် လက်ထောက်ပံမှုကို ရပ်လိုက်သည်ဟုဆိုသည်။ သို့သော် ယင်းနည်းပညာကိုဆက်လက်အသုံးပြုနေကြောင်း နယူးယောက်ခ့် တိုင်းမ်(NY times)၏ တွေ့ဆုံမေးမြန်းသည့်အပေါ် ရှေ့နေတစ်ဦးက ဆိုထားသည်။
Cellebrite ၏ UFED device များ (အချက်အလက်ရင်းမြစ်)
အထက်ပါ နယူးယောက်ခ့်တိုင်းမ်(NY times)၏လေ့လာမှုမှာ မြန်မာနိုင်ငံတွင် ‘Cellebrite’ နှင့်အလားတူ ‘MSAB’ နည်းပ ညာနှင့်ကိရိယာများကို ၂၀၁၉ ခုနှစ်မှစတင် တင်သွင်းထားသည်ဟု ဆွီဒင်အခြေစိုက် ‘MSAB’က တင်ပြထားသည်။ ၂၀၂၀-၂၁ ခုနှစ်တွင် တင်ဒါအောင်မြင်ခဲ့သောစာရင်းများအရလည်း ကြားခံကုမ္ပဏီ ‘MySpace International’မှတစ်ဆင့် ထပ်မံသွင်း ယူရန် စီစဥ်ခဲ့သည်ဟုဆိုသည်။. ‘MSAB’မှ ဖြေကြားမှုမှာလည်း ‘Cellebrite’အလားတူ ၂၀၂၁ အာဏာသိမ်းမှုအပြီးတွင် ‘MSAB’သည် မြန်မာနိုင်ငံအတွက် ဆက်လက်ထောက်ပံမှုကို ရပ်ဆိုင်းလိုက်ကြောင်း ဆိုသည်။
MSAB ၏ မြေပြင်သုံး ဒစ်ဂျစ်တယ်ဖောက်ထွင်းရေး စက်ကိရိယာ (အချက်အလက်ရင်းမြစ်)
သုံးသပ်ချက်များအရ ‘Cellebrite’နှင့်‘MSAB’နည်းပညာနှစ်ခုလုံး၏ ထောက်ပံမှုရပ်တန့်သွားပြီဆိုသော်လည်း ကိရိယာ (device model)အဟောင်းများနှင့်စက်လည်ပတ်မှုစနစ်(operating System)အဟောင်းများတွင်ဆက်လက်၍ ထိထိ ရောက်ရောက် အလုပ်လုပ်နေနိုင်မည်ဟု ယူဆရသည်။
ဒစ်ဂျစ်တယ်နည်းပညာပိုင်းတွင်သာမက ဥပဒေပိုင်းတွင်လည်း “နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့်ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကိုကာကွယ်ပေးရေးဥပဒေ"ကို စစ်ကောင်စီက ပြင်ဆင်ခဲ့သည်။ အများပြည်သူကိုအကာအကွယ်ပေးသောဥပဒေ ပုဒ်မ ၅၊ ၇ နှင့် ၈ များကို ဥပဒေပြင်ဆင်ရာတွင် ရပ်ဆိုင်းခဲ့ခြင်းကြောင့် လုံခြုံရေးအကြောင်းပြချက်ဖြင့် မည်သည့်အခြေအနေတွင်မဆို အများပြည်သူ၏ဒစ်ဂျစ်တယ်ကိရိယာများကို ဝင်ရောက်ရှာဖွေနိုင်ခြင်း၊ နောက်ယောင်ခံခြင်း၊ စုံစမ်းထောက်လှမ်းခြင်း၊ အ ချက်အလက်တောင်းယူခြင်းများကို ဆောင်ရွက်ခွင့်ရရှိသွားစေသည်။ ထို့အပြင် ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းက ပြဌာန်းခဲ့သော ဆိုက်ဘာလုံခြုံရေးဥပဒေ(Cyber Security Law)၊ အခန်း(၁၂)၊ “သက်သေခံပစ္စည်းသိမ်းဆည်းခြင်းနှင့်ကျွမ်းကျင်သူ၏ သက်သေခံတင်သွင်းခြင်း”၌ ဒစ်ဂျစ်တယ်သက်သေခံပစ္စည်းများအား ထိန်းသိမ်းစစ်ဆေးနိုင်သောအခြေအနေတစ်ရပ်ကို ထည့်သွင်းပြဌာန်းထားသည်။
ဒစ်ဂျစ်တယ်နည်းပညာများ၊ ဥပဒေထုတ်ပြန်မှုများနှင့်အမျိုးသားဓာတ်ခွဲခန်းကဲ့သို့ အခြေအနေများ မဖြစ်လာခင်ကတည်းက စစ်ကောင်စီသည် မြေပြင်စစ်ဆေးရေးဂိတ်များ၌ ကွန်ပျူတာများဖြင့် အသုံးပြုသူစက်အတွင်းမှာ ဖျက်ထားသောအက်ပလီ ကေးရှင်းများ၊ ဒေတာများနှင့်အချက်အလက်များကို စစ်ဆေး၍ ဖော်ထုတ်သောဖြစ်စဉ်များကို တွေ့ရှိခဲ့ရသည်။ ဒစ်ဂျစ်တယ် မှုခင်းဆေးပညာကုမ္ပဏီ ‘Compelson s.r.o’ မှ MOBILedit Forensic Pro Software လိုင်စင်များကို မြန်မာနိုင်ငံရဲ တပ်ဖွဲ့သို့ ရောင်းချထားကြောင်း ၂၀၂၅ ခုနှစ် ဧပြီလ(၁၆)ရက်ထုတ် Justice for Myanmar ၏ ထုတ်ပြန်ချက်က ဆိုသည်။ ထိုဆော့ဝဲလ်သည် ဖုန်းခေါ်ဆိုမှုမှတ်တမ်းများ၊ ဖုန်းနံပါတ်များ၊ စာတိုမက်ဆေ့များ၊ ဓာတ်ပုံ၊ ဗီဒီယို၊ ဖိုင်များနှင့်ဆက်သွယ်ရေးအက်ပလီကေးရှင်း(စကိုက်ခ်၊ ဖေ့ဘွတ်ခ့်၊ ဗိုက်ဗာနှင့် ဆစ်ကနဲ)များမှ ပေးပို့ထားသော အချက်အလက်များကို ဖော်ထုတ်နိုင် သည်ဟု ‘MOBILedit’ ၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။ ထိုဆော့ဝဲလ်အား ၂၀၂၁ ခုနှစ် အာဏာမသိမ်းခင် ကတည်းကရောင်းချထားခြင်းဖြစ်ကြောင်း ကုမ္ပဏီက ရှင်းလင်းသော်လည်း အာဏာသိမ်းမှုနောက်ပိုင်း၌ ဆော့ဝဲလ်လိုင်စင် အား သက်တမ်းတိုးရန်ကုမ္ပဏီက အီးမေးလ်အကြိမ်ကြိမ်ပေးပို့ တိုက်တွန်းခဲ့ကြောင်း Justice for Myanmar ၏ သက်သေ အထောက်အထားများအရ သိရသည်။
အွန်လိုင်းငွေလွှဲပြောင်းမှုများအား စောင့်ကြည့်ခြင်း
တော်လှန်ရေးအင်အားစုများဆီသို့ ငွေကြေးထောက်ပံ့မှုများကို ခြေရာခံနိုင်စေရန် စစ်ကောင်စီသည် အွန်လိုင်းငွေကြေးလွှဲ ပြောင်းမှုများအား စောင့်ကြည့်စစ်ဆေးမှုများ အစဉ်တစိုက်ပြုလုပ်လျက်ရှိနေသည်။ လူအများစုအသုံးပြုနေကြသော KBZ Pay နှင့် Wave Pay ကဲ့သို့ အွန်လိုင်းငွေလွှဲပြောင်းမှုစနစ်များကို အထူးစောင့်ကြည့်ကြပ်မတ်လျက်ရှိပြီး သံသယရှိပါက အကောင့်အားအသုံးပြုခွင့်ရပ်နားခြင်းများကို ဆောင်ရွက်လျက်လည်း ရှိနေသည်။
၂၀၂၁ ခုနှစ် သြဂုတ်လ၌ ဘဏ်အကောင့်များပိတ်ဆို့ခြင်းကို ကျယ်ကျယ်ပြန့်ပြန့်စတင် တွေ့ရှိခဲ့ရသော်လည်း အာရ်အက်ဖ် အေ(RFA)၏ဖော်ထုတ်မှုတွင်မူ နေ့စဥ်ငွေသွင်းငွေထုတ်နှင့်ငွေလွှဲစာရင်းများကို နေ့စဥ်ညနေ(၄)နာရီတိုင်း စစ်ကောင်စီကိုပို့ ပေးနေရသည်မှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းပြီး တစ်ပတ်အကြာခန့်ကတည်းကဟု ဆိုသည်။
မိုဘိုင်းဘဏ်အကောင့်များမှ စောင့်ကြည့်ခြင်းအား ပိုမိုတင်းကြပ်စွာ ကိုင်တွယ်နိုင်စေရန်အတွက် အသုံးပြုသူ၏ကိုယ်ရေးအ ချက်အလက်များ ပြည့်စုံစွာထည့်သွင်းထားခြင်းမရှိသော မိုဘိုင်းဘဏ်အကောင့်များနှင့်စာရင်းများကို အပြီးတိုင်ပိတ်ပင်မှုများ ပြုလုပ်သွားမည်ဟုလည်း ၂၀၂၂ ခုနှစ် စက်တင်ဘာလက ကြေညာခဲ့သည်။ ငွေကြေးအထုတ်အသွင်းပြုလုပ်ပေးသည့် စတိုးဆိုင်များတွင် လာရောက်ငွေသွင်းငွေထုတ်ပြုကြသူများကိုစောင့်ကြည့်နိုင်ရန် စီစီတီဗီ(CCTV)များတပ်ဆင်ရန်ကြေညာချက်များထွက်ပေါ်ခဲ့ပြီး ဆိုင်ပိုင်ရှင်များမှလည်း ငွေသွင်းငွေထုတ်ပြုသူကို မှတ်ပုံတင်တောင်းရမ်းစစ်ဆေးစေခြင်း၊ အသုံးပြုသည့်အကောင့်ဖုန်းနံပါတ် မေးမြန်းစေခြင်းများဖြင့်လည်း ကြပ်မတ်မှုများစွာ ရှိခဲ့သည်။ ယင်းအခြေအနေများနှင့်ပတ်သက်၍ ဘဏ်များက တရားဝင်ထုတ်ပြန်ခြင်းမရှိသော်လည်း ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် ပေါက်ကြားလာသော စစ်ကောင်စီ အစည်းအဝေးမှတ်တမ်းများအရ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအထိ အချိန်(၁၈)လအတွင်း အကောင့်ပေါင်း ၁၈,၀၀၀ ကျော် ပိတ်ခံခဲ့ရကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း လည်ပတ်နေကြသော ဘဏ်လုပ်ငန်းများသည် စစ်ကောင်စီ၏ချုပ်ကိုင်မှုစနစ်အောက်တွင်ရှိနေပြီး အမိန့် ပေးညွှန်ကြားမှုများနှင့်အချက်အလက်တောင်းခံမှုများကို လိုက်နာလုပ်ဆောင်ပေးနေရဆဲဖြစ်သည်။ လွတ်လပ်ပြီး ဗဟိုချုပ် ကိုင်မှုကင်းဝေးသော ခရစ်တို(Crypto)ငွေကြေးစနစ်များကိုလည်း အသုံးပြုခွင့်ပိတ်ပင်မှုများရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ် မေလ (၁၅)ရက်တွင် ဘစ်ကွိုင်(Bitcoin)အပါအ၀င် တစ်ခြားသောခရစ်တိုငွေကြေး(Cryptocurrency)များကိုအသုံးပြုပါက ဥပ ဒေပုဒ်မ ၁၇၁ အရ အရေးယူခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာမှုများလည်း အာဏာသိမ်းမှုမတိုင်ခင်ကပင် ရှိခဲ့သည်။ ထို့ အပြင် လေ့လာမှုစာတမ်းတစ်ခုအရ မိုဘိုင်းဘဏ်အကောင့်များအား ပိတ်ခံရခြင်း၏နောက်ဆက်တွဲအနေဖြင့်ဘဏ်အကောင့် ဖွင့်ရာတွင် ပေးသွင်းထားခဲ့သော နေရပ်လိပ်စာများအား ကြီးလေးသောပြစ်မှုများနှင့်ခြေရာခံကာ ဖမ်းဆီးထိန်းသိမ်းခြင်းများ၊ ပိုင်ဆိုင်မှုများ ချိတ်ပိတ်သိမ်းဆည်းမှုများလည်း ရှိခဲ့သည်။
လူမှုကွန်ရက်မီဒီယာများမှတစ်ဆင့် စောင့်ကြည့်ခြင်း
ဖေ့ဘွတ်အသုံးများသော မြန်မာနိုင်ငံတွင် စစ်ကောင်စီက လူမှုကွန်ရက်မီဒီယာများကို ဆင်ဆာပိတ်ဆို့ထားသည့်အပြင် လူမှု ကွန်ရက်မီဒီယာများပေါ်မှတစ်ဆင့် စောင့်ကြည့်ခြင်းလုပ်ငန်းစဥ်များကို လုပ်ဆောင်သည်။ ထိုကဲ့သို့ လူမှုကွန်ရက်မီဒီယာ စောင့်ကြည့်မှုလုပ်ငန်းစဥ်သည် ကနဦးအနေဖြင့် အရပ်သားအစိုးရလက်ထက် ၂၀၁၈ ခုနှစ်မှာ “လူမှုကွန်ရက်စောင့်ကြပ် ကြည့်ရှုရေးအဖွဲ့(Social Media Monitoring Team - SMMT)”ကို အမေရိကန်ဒေါ်လာ(၆)သန်းကျော် အကုန်ကျခံပြီး သတင်းတုသတင်းမှားများတိုက်ဖျက်ရေးအတွက် တည်ထောင်ခဲ့ခြင်းများလည်း ရှိခဲ့သည်။ ‘SMMT’၏လုပ်ငန်းစဥ်များနှင့် ဆောင်ရွက်မှုများကိုမူ အများပြည်သူသိရှိနိုင်စေရန် ထုတ်ပြန်ခဲ့ခြင်းမျိုး မရှိခဲ့သည်ကိုလည်း တွေ့ရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လူမှုကွန်ရက်မီဒီယာများ(အထူးသဖြင့်ဖေ့ဘွတ်ခ့်)တွင် စစ်ကောင်စီအား ဆန့်ကျင့်သည့် အကြောင်းအရာများရေးသားခြင်း၊ တစ်ပါးသူများ၏ရေးထားတင်ပြချက်များကို ထပ်ဆင့်မျှဝေခြင်းပြုလုပ်သူများကိုလည်း စစ်တပ်နှင့်စစ်တပ်ထောက်ခံအားပေးသူများက စောင့်ကြည့်မှုများပြုလုပ်သည်ကို တွေ့ရသည်။ ထို့နောက် ယင်းစောင့်ကြည့် သူများက အခြားလူမှုကွန်ရက်တစ်ခုဖြစ်သော တယ်လီဂရမ်(Telegram)ပလက်ဖောင်းမှတစ်ဆင့် စစ်တပ်လော်ဘီချန်နယ် များတွင် ယင်းတို့တွေ့ရှိထားသော စစ်တပ်ဆန့်ကျင်ရေး (သို့မဟုတ်) နွေဦးတော်လှန်ရေးအား အားပေးထောက်ခံသည့် အ ကြောင်းအရာများ ရေးသားမျှဝေသူများ၏လူမှုကွန်ရက်အကောင့်မှဓာတ်ပုံများ၊ အိမ်လိပ်စာများနှင့်တကွ ထိုသူတို့ကို ဖမ်းဆီးအရေးယူရန် လှုံဆော်ရေးသားကာ ပြန်လည်မျှဝေသည်ကိုတွေ့ရသည်။ ထိုမှတစ်ဆင့် ဖမ်းဆီးခံခဲ့ရသူများလည်း များ ပြားလာသည်။ အဆိုပါချန်နယ်များတွင် အထူးသဖြင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူအမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာပုံဖျက်မှုများ၊ ဗီ ဒီယိုများအသုံးပြု၍ အသရေဖျက်ခြင်းများနှင့်ခြိမ်းခြောက်ခြင်းများ ပြုလုပ်သည်ကိုလည်း တွေ့ရသည်။
ပန်းသပိတ်ဝင်ရောက်ဆင်နွှဲသူများ၊ လိုက်ဖ့်(Live)ထုတ်လွှင့်ဆန္ဒထုတ်ဖော်သူအားဖမ်းဆီးခြင်း၊ လမ်းခရီးသွားလာရာတွင် စက်ပစ္စည်းများကို ရှောင်တခင်စစ်ဆေးခြင်းများကြောင့် အများပြည်သူသည် မိမိကိုယ်ကိုယ်မိမိဆင်ဆာဖြတ်လာကြပြီး လူမှုကွန်ရက်မီဒီယာကတစ်ဆင့် တော်လှန်ရေးသတင်းနှင့်ဓာတ်ပုံများ မျှဝေခြင်း၊ မှတ်ချက်ပေးခြင်း စသော လုပ်ဆောင်မှု များပြုလုပ်မှု တစ်စတစ်စနည်းပါးလာနေသည်။ Data For Myanmar ၏ စုစည်းချက်များအရ ၂၀၂၂ ဖေဖော်ဝါရီလမှ ၂၀၂၄ ဇူ လိုင်လကုန်အထိ အွန်လိုင်းပေါ်မှထုတ်ဖော်ပြောဆိုမှုကြောင့် ၁,၆၉၁ ဦး အဖမ်းဆီးခံခဲ့ရသည်ဟု ဆိုပါသည်။ မြန်မာအင်တာ နက်ပရောဂျက်(MIP)မှ စာရင်းပြုစုထားချက်များအရ ၂၀၂၄ ခုနှစ်တွင် ဖေ့ဘွတ်ခ့်(Facebook)၊ တစ်တော့ခ့်(TikTok)နှင့် တယ်လီဂရမ်(Telegram)တို့မှတစ်ဆင့်ဆန့်ကျင်သည့် အမြင်သဘောထားများကိုရေးသားခဲ့သူ အနည်းဆုံး ၃၇၄ ဦး ထိန်း သိမ်းဖမ်းဆီးခံခဲ့ရသည်ဟု ဆိုသည်။ ယင်းမှာ စစ်ကောင်စီ၏အကြောက်တရားအခြေပြု အုပ်ချုပ်ရေးယန္တရားတစ်ခုဟု ဆိုနိုင် သည်။
အချိန်ပြည့်၊ နေရာစုံ၌ သက်ဝင်လှုပ်ရှားနေသော စောင့်ကြည့်ရေးယန္တရားများ
ဒစ်ဂျစ်တယ်ကမ္ဘာနှင့်နေ့စဉ်လူမှုဘဝအကြားမှ အင်တာနက်အသုံးပြုမှုမှတ်တမ်းများ၊ စီစီတီဗီများမှရယူသွားသော သွားလာ လှုပ်ရှားမှုမှတ်တမ်းများ၊ ကိုယ်ရေးကိုယ်တာမှတ်တမ်းများနှင့် လူတစ်ဦးချင်း၏ပြုမှုလုပ်ဆောင်မှုများကို စောင့်ကြည့်ရေး နည်းပညာများက ပေါင်းစည်း၍ ဖြစ်တန်ချေရှိသော ပြစ်မှု သို့မဟုတ် အခြေအနေတစ်ရပ်ကို ဖော်ထုတ်နိုင်သည်။ မြန်မာနိုင်ငံအ နေဖြင့် စီဒီအမ်(CDM)လှုပ်ရှားမှုပူးပေါင်းသူများ၊ စစ်မှုထမ်းစာရင်းပါသူများ၊ စစ်ကောင်စီက အလိုရှိနေသူများ စသည့်အ ချက်အလက်များအား စုပေါင်းနိုင်ရန် စောင့်ကြည့်ရေးနည်းပညာကို စစ်ကောင်စီက အသုံးပြုနေမည်မှာ မလွဲဧကန် ဖြစ်သည်။ ပြည်သူတစ်ဦးတစ်ယောက်ချင်းစီတိုင်းသည် စောင့်ကြည့်ခံနေရနိုင်ပြီး လမ်းခရီးသွားခြင်း၊ ဆက်သွယ်ပြောဆိုခြင်း၊ အင်တာနက်အသုံးပြုခြင်း၊ လူမှုကွန်ရက်မီဒီယာအသုံးပြုခြင်းနှင့် လှုပ်ရှားသွားလာခြင်းများကိုပါ စောင့်ကြည့်ခံနေရနိုင်သော အခြေ အနေဖြစ်ပြီး နိုင်ငံသားတိုင်း၏ အခြေခံလွတ်လပ်ခွင့်များနှင့်လွတ်လပ်စွာပြောဆိုခွင့်များကို တိုက်ရိုက်ထိခိုက်နစ်နာစေသည်။
လုံခြုံရေးအတွက် အထူးသတိထားရသူများသည် နိုင်ငံသားအချက်အလက်စုဆောင်းခံရမှုမှာပါဝင်နေပါက မိမိလုပ်ကိုင် ဆောင်ရွက်နေသည်များကို အထူးဂရုစိုက်ရန် လိုအပ်လိမ့်မည်။ ထို့အပြင် အချက်အလက်စုဆောင်းခြင်းတွင် မပါဝင်နေခြင်း ကလည်း သိသာပေါ်လွင်နေစေနိုင်ပြီး ပစ်မှတ်ထားစောင့်ကြည့်ခံရခြင်းများလည်း ရှိနိုင်သည်။ ထို့အပြင် နိုင်ငံကူးလက်မှတ် လုပ်ဆောင်ရာတွင်လည်း ဇီဝအချက်အလက်နှင့်ကိုယ်ရေးအချက်အလက်များစုဆောင်းခြင်းကြောင့် နိုင်ငံသားများ၏အချက် အလက်အများစုသည် နေရှင်နယ်ဒေတာဘေ့စ်(National Database)၌ ရှိနေပြီဟု ယူဆရနိုင်သည်။
နေအိမ်ပြင်ပသို့ ထွက်ခွာချိန်၌ လမ်းများရှိ စောင့်ကြည့်ရေးကင်မရာများကို ရှောင်ရှားနိုင်ရန် နှာခေါင်းစည်း/မျက်နှာဖုံး (Mask)တပ်ဆင်ခြင်း၊ ခရီးသွားလာရာ စစ်ဆေးရေးဂိတ်များဖြတ်ကျော်ရစဉ် အချက်အလက်များဖော်ထုတ်ခံရခြင်းကို ရှောင်ရှားနိုင်ရန်အချက်အလက်များကို ဝှက်စာစနစ်ဖြင့် ကာကွယ်သိမ်းဆည်းခြင်း၊ ပြန်လည်အသုံးမပြုနိုင်စေရန် ဖျက်ဆီး ခြင်း၊ ကြားဖြတ်ဖတ်ရှုခြင်း၊ နားထောင်ခြင်းများကို ကာကွယ်နိုင်စေရန် စိတ်ချရသော အစွန်းနှစ်ဖက်ဝှက်စာစနစ်ပါဝင်သည့် ဆက်သွယ်ရေးစနစ်များကို အသုံးပြုခြင်း၊ ဒစ်ဂျစ်တယ်လှုပ်ရှားမှုများကို စောင့်ကြည့်ခြင်း၊ ခြေရာခံခြင်းကို ကာကွယ်နိုင်ရန် ဗီပီအဲန်(VPN)များအသုံးပြုခြင်းစသော လုံခြုံရေးအတွက်လိုအပ်သောကာကွယ်မှုများကိုလည်း တပ်ဆင်အသုံးပြုရန်လိုအပ် သည်။ သို့မှသာ တစ်စထက်တစ်စ တင်းကြပ်လာနေသော စစ်ကောင်စီ၏စောင့်ကြည့်ရေးယန္တရားများကို ခံနိုင်ရည်ရှိနိုင်မည်။
စစ်ကောင်စီတပ်ဆင်ထားသော စောင့်ကြည့်ရေးနည်းပညာများကို ပေါင်းစည်းလိုက်ချိန်တွင် မြန်မာနိုင်ငံသည် အချိန်ပြည့်၊ နေရာစုံ၌ အလုံးစုံစောင့်ကြည့်ခံနေရပြီး ကိုယ်ပိုင်လွတ်လပ်ခွင့်များကိုအဖက်ဖက်မှ စနစ်တကျချိုးဖောက်ခံနေရသော နိုင်ငံ တစ်ခုဖြစ်လာသည်။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုရေးသားခွင့်၊ လွတ်လပ်စွာအသင်းအဖွဲ့ဖွဲ့စည်းပိုင်ခွင့်၊ အာဏာဖြင့် အဓမ္မ ဖမ်းဆီးခြင်းမှ ကင်းလွတ်ခွင့်၊ လွတ်လပ်စွာသွားလာခွင့်နှင့်အသက်ရှင်သန်ပိုင်ခွင့်များသည် စစ်အာဏာသိမ်းပြီးကတည်းက တစ်စတစ်စပိုမိုဆိတ်သုဉ်းလာခဲ့ပြီး မြန်မာနိုင်ငံသားများ၏လူ့အခွင့်အရေးများမှာ ဆုံးရှုံးနေပြီဖြစ်သည်။ စောင့်ကြည့်ခြေရာ ခံခြင်းမှတစ်ဆင့် ဖမ်းဆီးထိန်းသိမ်းခံရခြင်းနှင့် အသက်အန္တရာယ်ထိပါးခံရခြင်းအထိ ကြုံတွေ့နိုင်ခြင်းကြောင့် လူတိုင်းသည် မိမိဒစ်ဂျစ်တယ်လုံခြုံရေးနှင့်လွတ်လပ်ပိုင်ခွင့်များကို သိရှိနားလည်ပြီး သတိရှိရှိ ပြင်ဆင်ကာကွယ်ထားရမည်။
<Ø>
“နွေဦးလုံခြုံရေးက ဘာတွေ ကူညီနိုင်မလဲ” “နွေဦးလုံခြုံရေး”က ဒစ်ဂျစ်တယ်လုံခြုံရေးကိစ္စရပ်တွေကို ၂၀၂၁ ခုနှစ် မတ်လ(၂၉)ရက်နေ့ကစတင်ပြီး အကြံပြုချက်များနဲ့ဂရုပြုဖွယ်များကို အများပြည်သူသတိပြုနိုင်ဖို့ ဖေ့ဘွတ်ခ့်စာမျက်နှာ(Facebook Page)နဲ့တယ်လီဂရမ်(Tele gram)ချန်နယ်ကတစ်ဆင့် အချိန်နဲ့တပြေးညီ တင်ပြပေးနေတယ်။ မြင့်တက်လာတဲ့ ဒစ်ဂျစ်တယ်ဖိနှိပ်မှုရန်များက ကာကွယ်နိုင်ဖို့ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်သည်များကိုလည်း အမြဲတင်ဆက်နေပြီး(၂၄)နာရီအတွင်း ပြန်လည်ဖြေ ကြားပေးတဲ့ “နွေဦးလုံခြုံရေး Helpline”ကနေလည်း အများပြည်သူရဲ့ဒစ်ဂျစ်တယ် အန္တရာယ်ကျရောက်နိုင်စွမ်းကို လျော့ ကျစေဖို့ တိုင်ပင်ဆွေးနွေးဖြေရှင်းပေးနေတယ်။ မိမိအနေနဲ့ဒစ်ဂျစ်တယ်အရ စိုးရိမ်စရာရှိပါက “နွေဦးလုံခြုံရေး Help-line”ကတစ်ဆင့် လာရောက်ဆက်သွယ်မေးမြန်းနိုင်သလို အမြဲတင်ဆက်နေတဲ့ဒစ်ဂျစ်တယ်လုံခြုံရေးသတင်းကိစ္စတွေကိုလည်း ဖတ်ရှုလေ့လာနိုင်တယ်။ |
Recommended Citation Style - SRS/Myanmar Internet Project (2025, April 26). လေးနှစ်တာကာလအတွင်း ပိုမိုအင်အားကောင်းလာသော စစ်ကောင်စီ၏ဒစ်ဂျစ်တယ်စောင့်ကြည့်ရေးယန္တရားများ, https://www.myanmarinternet.info/my/post/surveillance_ecosystem_over_four_years
Comments