top of page
Search

သဘာဝဘေး၊ ဆက်သွယ်ရေးအပျက်နှင့် ခက်ခဲခဲ့ရသော ကယ်ဆယ်ရေး

  • Myanmar Internet Project
  • 2 days ago
  • 2 min read

ငလျင်လှုပ်ခတ်ပြီး နှစ်ပတ်အလွန် ဆက်သွယ်ရေးအခက်အကျပ် အစီရင်ခံစာ




၂၀၂၅ ခုနှစ် မတ်လ(၂၈)ရက် နေ့လယ်အချိန်တွင် မြန်မာ့သမိုင်းနှစ်တစ်ရာနီးပါးကာလအတွင်း  အပြင်းထန်ဆုံးသောငလျင် တစ်ခုအဖြစ် မှတ်တမ်းတင်နိုင်သော အင်အား ၇.၇ မဂ္ဂနီကျူ့အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်ခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ဗဟိုချက်မအဖြစ် ဦးတည်လှုပ်ခတ်ခဲ့သောငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ အင်းဝ၊ ပျော်ဘွယ်နှင့် အင်းလေး အစရှိသည့်ဒေသများတွင် အဆောက်အဦးပေါင်းများစွာ ပျက်စီးခဲ့ပြီး လူပေါင်းထောင်နှင့်ချီ၍ အသက်ဆုံးရှုံးခဲ့ရ သည်။ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ လူနေ တိုက်တာအဆောက်အဦး ၄၈,၈၃၄ လုံးနှင့် ဘုရားစေတီပုထိုးပေါင်း ၅,၂၇၅ ဆူပြိုကျပျက်စီးခဲ့သည်ဟု စစ်ကောင်စီက ထုတ် ပြန်ခဲ့သည်။ စစ်ကောင်စီ၏ဧပြီလ(၈)ရက် ထုတ်ပြန်ချက်အရ သေဆုံးသူ ၃,၆၄၅ ဦး၊ ဒဏ်ရာရရှိသူ ၅,၀၁၇ ဦးနှင့်ပျောက်ဆုံးသူ ၁၄၈ ဦးရှိနေသည်။ သေဆုံးကိန်းဂဏန်း မြင့်တက်လာမှု၏အခြေခံအကြောင်းအရင်းများစွာအနက် တစ်ခုတွင် ငလျင်လှုပ်ခတ်ပြီးနောက် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်သွားခြင်းလည်း အပါအဝင်ဖြစ်သည်။ 


ငလျင်နောက်ဆက်တွဲ ဆက်သွယ်ရေးအခြေခံအဆောက်အုံပျက်စီးမှုနှင့်

ကယ်ဆယ်ရေးစီမံနိုင်မှုအခက်အခဲများ 


ငလျင်လှုပ်ခတ်ပြီးပြီးခြင်း ငလျင်ဗဟိုပြုလှုပ်ခတ်ခံရသည့်ဒေသအပါအဝင် နိုင်ငံအနှံ့အပြားတွင် ဖုန်းဆက်သွယ်ရေးလိုင်းများ ပြတ်တောက်သွားခဲ့သည်။ စစ်ကောင်စီ၏ဧပြီလ(၇)ရက် ထုတ်ပြန်ချက်အရ ငလျင်ဒဏ်ကြောင့် မိုဘိုင်းဆက်သွယ်ရေးစခန်းပေါင်း ၆,၇၃၀ ကျော် ပျက်စီးခဲ့ပြီး စခန်း ၈၀၀ ခန့် ပြုပြင်ရန် ကျန်ရှိနေသေးသည်ဟု ဆိုသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏အော်တိုအိတ်ချိန်း  ၉၅ ခုလည်း ချွတ်ယွင်းပျက်စီးခဲ့သည်ဟု စစ်ကောင်စီက ဧပြီလ(၉)ရက်တွင် ဖော်ပြခဲ့သည်

ငလျင်ဒဏ်ကြောင့် အဆောက်အဦးများစွာပြိုကျပျက်စီးခဲ့သောမန္တလေးမြို့တွင် ငလျင်လှုပ်ခတ်ပြီး(၈)ရက်မြောက် အ ချိန်အထိ ဖုန်းဆက်သွယ်ရေးမှာ ခက်ခဲနေဆဲဖြစ်သည်။ ဧရာဝတီသတင်းဋ္ဌာန၏ဧပြီလ(၁၀)ရက်နေ့ သတင်းဖော်ပြချက်အရ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်အပါအဝင် ငလျင်ဘေးသင့်ဒေသများတွင် လျှပ်စစ်မီး၊ ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများလည်း ကောင်းမွန်စွာမရရှိသေးဟု သိရသည်။ ငလျင်ဒဏ်ကြောင့် မြို့တစ်ခုလုံး၏(၇၅)ရာခိုင်နှုန်းနီးပါး ပျက်စီးသွားသောစစ်ကိုင်းမြို့တွင် ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ပေးနေသူ များက ကယ်ဆယ်ရေးပစ္စည်းများမပြည့်စုံမှု၊ ဖုန်းလိုင်း၊ အင်တာနက်လိုင်းနှင့်လျှပ်စစ်မီးပြတ်တောက်မှုများကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ ထင်သလောက် ခရီးမပေါက်ဖြစ်ခဲ့ရသည်ဟု မှတ်ချက်ပြုကြသည်။ 

ယခုကဲ့သို့ ဧရိယာကျယ်ပြန့်စွာ သဘာဝဘေးအန္တရာယ်နှင့်ကြုံတွေ့ရသောအချိန်တွင် ဆက်သွယ်ရေးလိုင်းများပြတ် တောက်သွားမှုကြောင့် အဓိကထိခိုက်သွားသည့်ဒေသများသို့သာ ကယ်ဆယ်ရေးအဖွဲ့များ ဦးတည်သွားရောက်ခဲ့ကြသည်။ အ ခြားသော အကူအညီလိုအပ်သောဒေသများတွင်မူ ဆက်သွယ်ရေးပြတ်တောက်သွားမှုကြောင့် လိုအပ်သည့်အကူအညီ တောင်းခံရေးအတွက်ပင် အခက်အခဲများ ကြုံတွေ့ခဲ့ရသည်။ 

သဘာဝဘေးအန္တရာယ်ကြောင့် ဆက်သွယ်ရေးလိုင်းများပြတ်တောက်သွားသောအခြေအနေသည် ပြီးခဲ့သည့်နှစ် မိုး ကာလရေကြီးစဉ်ကလည်း ဖြစ်ခဲ့ဖူးသည်။ ပြီးခဲ့သည့်နှစ် စက်တင်ဘာလက ရာဂိမုန်တိုင်းအရှိန်ကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး၊ ညောင်ရွှေ၊ ရွှေညောင်၊ အောင်ပန်းနှင့်ကလော စသည့် မြို့နယ်များတွင် ဖုန်းဆက်သွယ်ရေးလိုင်းများ ပြတ်တောက်သွားခဲ့သည်။ 

အထက်ပါဖြစ်စဉ်များကိုကြည့်ပါက မြန်မာနိုင်ငံတွင် လည်ပတ်နေသော ဆက်သွယ်ရေးအခြေခံအဆောက်အအုံများ သည် သဘာဝဘေးအန္တရာယ်နှင့်ကြုံတွေ့ရစဉ် ထိခိုက်လွယ်မှုနှင့်ပြန်လည်ပြင်ဆင်ရန် အချိန်အတိုင်းအတာတစ်ခုအထိ ကြာ မြင့်မှုရှိနေသည်ကို တွေ့ရသည်။ ယင်းကြာမြင့်ချိန်ကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများအား နှောင့်နှေးစေပြီး မလိုလားအပ်သောသေဆုံးမှုများကို မြင့်တက်စေနိုင်သည်။ 


လူ့ကြောင့်ဖြစ်သော ဆက်သွယ်ရေးဘေးအန္တရာယ်နှင့်ပေါင်းစပ်သွားသည့် သဘာဝဘေး


သဘာဝဘေးအန္တရာယ်ကြောင့် ဖုန်းဆက်သွယ်ရေးလိုင်းများ ပြတ်တောက်သွားခဲ့သော်လည်း ဝိုင်ဖိုင်(Wifi)အင်တာနက် လိုင်းအချို့မှာမူ သုံးစွဲနိုင်သည့်အခြေအနေအဖြစ် ဆက်လက်ရှိနေခဲ့သည်။ သို့သော် ငလျင်ဘေးဒဏ် မကျရောက်ခင်ကပင် အနည်းဆုံးမြို့နယ်(၁၀၀)ကျော်ခန့်တွင် စစ်ကောင်စီ၏ဆက်သွယ်ရေးဖြတ်တောက်ထားမှုနှင့် ကြုံတွေ့နေရသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် တစ်နှစ်ထဲတွင်ပင် မြို့နယ်ပေါင်း(၈၂)မြို့နယ်သည် စစ်ကောင်စီ၏ဆက်သွယ်ရေးဖြတ်တောက်မှုနှင့်ကြုံတွေ့ခဲ့ရ သည်။ 

ထို့အပြင် လူမှုကွန်ရက်မီဒီယာအား အလွယ်တကူအသုံးမပြုနိုင်စေရန် စစ်ကောင်စီ၏တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ပိတ်ပင်ထားမှုကြောင့်  ဗီပီအဲန်(VPN)များတစ်ဆင့်ခံကာ အသုံးပြုနေရသည်။ အင်တာနက်မြန်နှုန်းနှေးကွေးနေချိန်တွင် ဗီပီအဲန်(VPN)များ တစ်ဆင့်ခံသုံးစွဲရခြင်းသည် သဘာဝဘေးအန္တရာယ်ကြုံတွေ့ရစဉ်တွင် အလွန်ပင်အနှောင့်အယှက်ဖြစ်စေသည့်အခြေအနေဖြစ်သည်။ 

ယင်းအခြေအနေများကြောင့် အဖွဲ့ပေါင်း(၁၀၀)ကျော်မှ အင်တာနက်ပြန်ဖွင့်ပေးရန်နှင့်လူမှုကွန်ရက်မီဒီယာအား ပိတ်ပင်ထားမှုများကို ဖြေလျော့ပေးရန် စစ်ကောင်စီအား လက်မှတ်ထိုးတောင်းဆိုခဲ့သော်လည်း အရာမထင်ခဲ့ပါ။ ထို့အပြင် ငလျင်ဒဏ်ခံစားခဲ့ရသော မြန်မာနှင့်ထိုင်းနိုင်ငံတို့အတွက် ဆက်သွယ်ရေးလိုအပ်ချက်နှင့်ကယ်ဆယ်ရေးလုပ်ငန်းများကို အထောက် အကူဖြစ်စေရန် စတားလင့်ခ့်(Starlink kits)များကို ပြင်ဆင်ထားကြောင်း စတားလင့်ခ့်(Starlink)ဘက်မှ ပြောဆိုခဲ့သော် လည်း ခွင့်ပြုချက်ပေးရန် မသိကျိုးကျွန်ပြုနေခဲ့သည်။ ထိုသို့စစ်ကောင်စီ၏ဆက်သွယ်ရေးလိုင်းများအား ပိတ်ပင်ထားမှုသည် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများကို နှောင့်နှေးကြန့်ကြာစေသည်။ သဘာဝဘေးအန္တရာယ်နှင့်လူ့ကြောင့်ဖြစ်သောဆက်သွယ်ရေးဘေးအန္တရာယ်ပေါင်းစပ်သွားချိန်တွင် ထိခိုက်သေဆုံးမှုများကိုလည်း မြင့်တက်သွားစေသည်။ 


သဘာဝဘေးကာလအတွင်း တားမြစ်ခံရသော သတင်းလွတ်လပ်ခွင့်နှင့်

သတင်းအချက်အလက်လက်ခံရရှိမှုအခြေအနေ


သဘာဝဘေးအန္တရာယ်များကြောင့်ဖြစ်ပေါ်လာသော နောက်ဆက်တွဲအခြေအနေများကို တုံ့ပြန်ရင်ဆိုင်ရာတွင် နိုင်ငံတကာ အဝန်းအဝိုင်းထံမှ လျှင်မြန်သည့်အကူအညီများရရှိရေးမှာ အရေးပါသည်။ နိုင်ငံတကာ၏အာရုံစိုက်မှုရနိုင်စေရေးအတွက် ယုံ ကြည်စိတ်ချရသော သတင်းဌာနများအား လွတ်လပ်စွာသတင်းယူခွင့်ပေးရန် လိုအပ်သည်။ 

အမေရိကန်နိုင်ငံ၏ သဘာဝဘေးအန္တရာယ်အကူအညီပေးမှုများကို လေ့လာခဲ့သော လေ့လာမှုတစ်ခုက “နယူးယောက့်တိုင်းမ်(New York Times)တွင် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် သတင်းတစ်ခုပါဝင်တိုင်း အမေရိကန်အစိုးရ ၏ကူညီငွေသန်းတစ်ဝက်ခန့်တိုးသည်”ဟု ဖော်ပြထားသည်။ ၂၀၀၄ ခုနှစ် ဆူနာမီအပြီး မီချီဂန်တက္ကသိုလ်၏လေ့လာမှုအရ “မီဒီယာများတွင်ဖော်ပြမှုသည် ကူညီကယ်ဆယ်ရေးအေဂျင်စီများထံ လှူဒါန်းခံရမှုအပေါ် သိသာစွာသက်ရောက်သည်”ဟုလည်း ဖော်ပြထားသည်။ 

သို့သော်စစ်ကောင်စီသည် ငလျင်ဘေးကာလအတွင်းလာရောက်သတင်းယူလိုသော နိုင်ငံခြားသားသတင်းထောက်များ ၏လာရောက်ခွင့်အား ငြင်းပယ်ခဲ့သည်။ စစ်ကောင်စီ၏သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက တည်းစရာ၊ နေစရာ၊ ရေနှင့်လျှပ်စစ်မီးအခက်အခဲများကြောင့် ငြင်းဆိုရသည်ဟု အကြောင်းပြသည်။ ထိုသို့ဖြင့် မြန်မာနိုင်ငံ၏ ငလျင်ဘေးကို မီဒီယာများမှတစ်ဆင့် ပိုမိုအာရုံစိုက်ခံရနိုင်စေသည့်အခွင့်အရေးဆုံးရှုံးသွားသည်။ ထို့အပြင် ငလျင်ဘေးသင့်ဒေသများသို့ လွတ်လပ်စွာသတင်းရယူခွင့်ပေးရန် လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ(IPCM)နှင့်အရပ်ဘက်အဖွဲ့အစည်းများက စုပေါင်းတောင်းဆိုခဲ့သော်လည်း လျစ်လျူရှုခံခဲ့ရသည်။ ငလျင်ဘေးကာလအတွင်း လွတ်လပ်စွာ သတင်းရယူခွင့်အား ကန့်သတ်ထားရုံသာမက ကူညီကယ်ဆယ်ရေးကိစ္စရပ်များအပေါ် စစ်ကောင်စီအား အွန်လိုင်းမှဝေဖန်သူများကိုပါဖမ်း ဆီးရန် စစ်ကောင်စီလော်ဘီချန်နယ်များက လှုံ့ဆော်ခဲ့သည်

ထို့အပြင် သတင်းအချက်အလက်စားသုံးသည့်အပိုင်းတွင်လည်း ပြည်သူများအတွက် အခက်အခဲများရှိခဲ့သည်။ သဘာ ဝဘေးကာလအတွင်း၌ လူမှုကွန်ရက်မီဒီယာများပေါ်တွင် သတင်းမှားများပျံနှံ့ခြင်းကြောင့် အများပြည်သူများအတွက် ထင် ယောင်ထင်မှားမှုများ ဖြစ်ပေါ်စေသည်။ 

အင်တာနက်နှင့်ဆက်သွယ်ရေးပြတ်တောက်နေသည့်အချိန်၌ မြေပြင်တွင် နောက်ဆက်တွဲငလျင်လှုပ်ခတ်မှုများရှိမည်ဟု ကောလာဟလများ၊ သတင်းမှားများ အချိန်နှင့်အမျှပျံ့နှံ့မှုများရှိနေပြီး တိုက်ဆိုင်စစ်ဆေးရန် ဆက်သွယ်ရေးအခက်အခဲများရှိနေသဖြင့် ငလျင်လှုပ်ပြီးနောက်ပိုင်း ရက်သတ္တပတ်များတွင် နေ့စဉ်နေ့တိုင်းနီးပါး တထိတ်တလန့်လန့်ဖြင့် အများပြည်သူက နေထိုင်နေခဲ့ကြရသည်။ ဥပမာအားဖြင့်တင်ပြရသော တစ်ခြားနိုင်ငံတွင် ငလျင်လှုပ်ခဲ့ချိန်က ရိုက်ခဲ့သည့် ဓာတ်ပုံများအား မြန်မာနိုင်ငံ၏ဓာတ်ပုံများသဖွယ်ပျံ့နှံ့စေခြင်းအေအိုင်(AI)ဖြင့်ပြုလုပ်ထားသောအပျက်အစီးပုံများ ပျံ့နှံစေခြင်းနှင့် ငလျင်လှုပ်မည်ဟု အရပ်ထဲတွင် လိုက်လံဆော်ဩပြောဆိုခြင်းများ ဖြစ်သည်။ ထိုသို့သော အချက်အလက်အမှားများအား ပြည်သူများက လက်ခံရရှိနေသည်ကို အလျင်အမြန်တားဆီးခဲ့ကြသော်လည်း  အင်တာနက်ဖြတ်ခံထားရခြင်းနှင့်လျှပ်စစ်မီး အလှည့်ကျရရှိနေခြင်းများကြောင့် သတင်းအချက်အလက်စီးဆင်းမှုအကန့်အသတ်ဖြစ်စေခဲ့သည်။ ထို့ကြောင့် အများပြည်သူ၏စိုးရိမ်ကြောင့်ကြမှုကို ပိုမိုကြီးထွားစေခဲ့ပြီး သတင်းအချက်အလက်အမှားများ ဆက်လက်ပျံ့နှံ့စေခဲ့သည်။

ထို့အပြင် သဘာဝဘေးကာလအတွင်း ဖေ့ဘွတ်ခ့်ကဲ့သို့လူမှုကွန်ရက်မီဒီယာအသုံးပြုပြီး ငွေလိမ်လည်မှုများလည်း များစွာ ဖြစ်ပွားခဲ့သည်။ အထူးသဖြင့် လူမှုကွန်ရက်မီဒီယာစာမျက်နှာ(Facebook Page)များတည်ဆောက်ပြီး လိမ်လည်အလှူ ခံခြင်းများကြောင့် အများပြည်သူသည် ငွေကြေးပေါင်းများစွာလိမ်လည်ခံခဲ့ရသည့်အဖြစ်များ ဖြစ်ခဲ့သည်။ ယင်းအတွက် လူမှုကွန်ရက်မီဒီယာပလက်ဖောင်းများနှင့်အတူတကွ တားဆီးရန်လုပ်ဆောင်လျက်ရှိသော်လည်း အများပြည်သူများထံသို့ အသိပ ညာပေးရာတွင် သတင်းမီဒီယာသမားများအား ပိတ်ပင်ခြင်းနှင့်အင်တာနက်များဖြတ်တောက်ထားခြင်းများကြောင့် ထိရောက်မှုများ ရှိမနေပါ။

အထက်ဖော်ပြပါအခြေအနေများကြောင့် ငလျင်ဘေးကာလအတွင်း မြေပြင်၌ လက်တွေ့ကြုံနေရသောအခြေအနေမှန်များကို အရှိအတိုင်းသိရှိနိုင်ခွင့် အားနည်းသွားစေသည်။ ထို့အပြင် အားနည်းချက်များအားပြင်ဆင်၍ ပိုမိုကောင်းမွန်သော နောက်ဆက်တွဲ ပြန်လည်တည်ထောင်ရေးအစီအစဉ်များ ချမှတ်ရန်အတွက်လည်း ကြီးမားသောထိခိုက်မှုများကို ဖြစ်စေနိုင် သည်။


အကြံပြုချက်များ 


လူသားခြင်းစာနာထောက်ထားမှုအကူအညီများ ထိရောက်မြန်ဆန်စွာရနိုင်ရေးအတွက် ငလျင်ဘေးကာလတွင်း ဖြစ်ပေါ်ခဲ့ရ သည့် ဆက်သွယ်ရေးပြတ်တောက်မှုအခြေအနေများပေါ်တွင်အခြေခံပြီး အနာဂတ်အတွက် ကြိုတင်ပြင်ဆင်မှုများအား ပြု လုပ်နိုင်ရန် အောက်ပါအချက်အလက်များကို အကြံပြုအပ်ပါသည်။ 


၁။ ဆက်သွယ်ရေးဆိုင်ရာ ပိတ်ပင်မှုနှင့်ကန့်သတ်မှုများကို အမြန်ဆုံးရပ်တန့်ရန်။

၂။ မီဒီယာများ၏ လွတ်လပ်စွာ သတင်းရယူခွင့်အခြေအနေများအပေါ် ကန့်သတ်ချက်များကို ဖယ်ရှားရန်။

၃။ ဆက်သွယ်ရေးစနစ်တစ်ခုတည်းအပေါ်၌ မမှီခိုပဲ သဘာဝဘေးအန္တရာယ်ဒဏ်အား ကြံကြံခံနိုင်မည့်

အများပြည်သူက မွမ်းမံတည်ဆောက်ခြင်းနှင့်အများပြည်သူကကြီးကြပ်ခြင်း အလေးထားသောဆက်သွယ်ရေးစနစ် (Resilient Communication System)များပေါ်ပေါက်ရေးအတွက် မူဝါဒနှင့်ဖွံဖြိုးရေးများကို ဖော်ဆောင်‌ပေးရန်။

၄။ သဘာဝဘေးအန္တရာယ်ဒဏ်ခံနိုင်မည့် ဆက်သွယ်ရေးဆိုင်ရာအခြေခံအဆောက်အအုံများ

(Disaster-resilient/Rugged Communications Infrastructure)ပြင်ဆင်တည်ဆောက်နိုင်ရေးအစီအစဉ်များ ချမှတ်ရန်။

၅။ အရေးပေါ်အခြေအနေများတွင်အသုံးပြုနိုင်မည့် အရန်ဆက်သွယ်ရေးစနစ်များ

(Radio Tower, Mesh Networks, Satellite Phone  စသဖြင့်)တည်ဆောက်ထားရန်။

၆။ အရန်ဂြိုလ်တုအင်တာနက်(Satellite Internet)စနစ်များအား သုံးစွဲခွင့်ပြုရန်။

Comments


bottom of page