စစ်အာဏာရှင်လက်အောက်သို့ မြန်မာနိုင်ငံပြန်လည်ကျရောက်ခဲ့သည်မှာ (၄)နှစ်တိတိပြည့်ခဲ့ပြီဖြစ်သည်။ အဆိုပါ(၄)နှစ်တာ ကာလအတွင်း စစ်အုပ်စု၏လူထုအပေါ်ဖိနှိပ်မှုနည်းလမ်းအစုံစုံကိုလည်း မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပြီးဖြစ်သည်။
အာဏာသိမ်းသည့်နေ့ရက်မှစတင်၍ အာဏာရှင်လက်အောက်မှပြန်လည်လွတ်မြောက်နိုင်ရေးအတွက် လူငယ်မျိုး ဆက်များအပါအဝင် ဒီမိုကရေစီလိုလားသော တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများသည်လည်း မဟာမိတ်စုဖွဲ့၍ ကြံ့ကြံ့ ခံတွန်းလှန်လျက်ရှိသည်။ ယင်းတွန်းလှန်မှု၏အောင်မြင်မှုမှတ်တိုင်များအနေဖြင့် စစ်အုပ်စုလက်လွှတ်ခဲ့ရသောနယ်မြေများက သက်သေခံနေသည်။
ထိုသို့နယ်မြေများဆုံးရှုံးလာသော စစ်ကောင်စီသည် လူထု၏ဆက်သွယ်ရေးစနစ်ကို ပိုမိုဖြတ်တောက်ရန်ကြိုးပမ်း သည်။ သတင်းစီးဆင်းမှုအားဟန့်တားရန် ပိုမိုလုပ်ဆောင်သည်။ အင်တာနက်ပေါ်မှ ယင်းတို့အားဆန့်ကျင်ပြောဆိုသူများကို စောင့်ကြည့်ဖမ်းဆီးသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ဒစ်ဂျစ်တယ်လွတ်လပ်ခွင့်အခြေအနေသည် အာဏာသိမ်းပြီးနောက်(၄) နှစ်တာကာလအတွင်း အဆုံးစွန်းအထိ ဆိုးရွားသွားခဲ့သည်။
ယခုအစီအရင်ခံစာတွင် ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်းဖြစ်ပွားခဲ့သောဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်များနှင့်ပတ်သက်သောတွေ့ရှိချက်များကို စုစည်းဖော်ပြသွားပါမည်။
(၁) ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်းကြုံတွေ့ခဲ့ရသော ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်အနှစ်ချုပ်
(က) မိုဘိုင်းဖုန်းနှင့်အင်တာနက်ဖြတ်တောက်မှုအခြေအနေများ
(ခ) အွန်လိုင်းပေါ်မှထုတ်ဖော်ပြောဆိုရေးသားမှုများအပေါ် ဖမ်းဆီးအရေးယူမှုအခြေအနေများ
(ဂ) လူထုအပေါ်စောင့်ကြည့်ခြေရာခံနိုင်ရေးအတွက် စစ်ကောင်စီ၏လုပ်ဆောင်လာမှုအခြေအနေများ
(ဃ) သတင်းမီဒီယာလွတ်လပ်ခွင့်ဆိုင်ရာအခြေအနေများ
(က) မိုဘိုင်းဖုန်းနှင့်အင်တာနက်ဖြတ်တောက်မှုအခြေအနေများ
အင်တာနက်ဖြတ်တောက်မှုများကို စစ်ရေးလက်နက်သဖွယ် စစ်ကောင်စီက အသုံးပြုလျက်ရှိရာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအ တွင်းတွင်လည်း စစ်ကောင်စီ၏အင်တာနက်ဖြတ်တောက်မှုဆိုင်ရာဆောင်ရွက်မှုအချက်အလက်များကို မြန်မာအင်တာနက်ပရောဂျက်(MIP)က သတင်းဌာနများ၏ဖော်ပြမှုများမှတစ်ဆင့် မှတ်တမ်းတင်ထားနိုင်ခဲ့သည်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်း စစ်တွေမြို့မှအပ ရခိုင်ပြည်နယ်တစ်ခုလုံးအား စစ်ကောင်စီက ဖုန်းလိုင်းများ ဖြတ် တောက်ထားသည်ကို တွေ့ရသည်။ စစ်ကောင်စီနှင့်အာရက္ခတပ်တော်(AA)တို့အကြား တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည် နယ်၊ ဂွမြို့နယ်အတွင်းရှိ ကမ်းခြေရွာများတွင်လည်း ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည်ဟု မော် ကွန်းသတင်းဌာနက ဖော်ပြထားသည်။ အင်တာနက်ဖြတ်တောက်ခံထားရသည့် မိုးညှင်းမြို့တွင် စတားလင့်ခ့်(Starlink)အင် တာနက်စက်များအား စစ်ကောင်စီက လိုက်လံသိမ်းဆည်းမည်ဟု သတင်းများထွက်ပေါ်၍ အင်တာနက်ဝန်ဆောင်မှုပေးနေ သည့်လုပ်ငန်းများ ရပ်နားသွားခဲ့သည်။
စစ်ကောင်စီ၏အင်တာနက်နှင့်ဖုန်းလိုင်းဖြတ်တောက်မှုများ တစ်ဖက်တွင်ရှိနေသကဲ့သို့ စစ်ကောင်စီ၏လေကြောင်း တိုက်ခိုက်ရေးအတွက်သတင်းပေးမှုများအားကာကွယ်နိုင်ရန် တော်လှန်ရေးအင်အားစုများဘက်မှလည်း လုံခြုံရေးကိစ္စရပ် များအကြောင်းပြချက်ကြောင့် အင်တာနက်ဖြတ်တောက်မှုများလည်းရှိလာသည်ကို တွေ့ရသည်။ မိုးကုတ်မြို့တွင် နိုဝင်ဘာလ (၁၁)ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရပြီးနောက်ပိုင်းတွင် တီအဲန်အယ်လ်အေ(TLNA)က ဝိုင်ဖိုင်လိုင်းနှင့်အင်တာနက် လိုင်းများ ဖြတ်တောက်ထားခဲ့သည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ စီးပွားရေးလုပ်ငန်းရှင်တချို့ကိုလည်း အမ်အမ်ဒီအေအေ(MNDAA)က ခေါ်ယူစစ်ဆေးပြီး ဖုန်းများကိုပါစစ်ဆေးသည့် ဖြစ်ရပ်တစ်ခုကိုလည်း ယခုလအတွင်း တွေ့ရှိရသည်။
ယခုလအတွင်းဖြစ်ပေါ်ခဲ့သော အင်တာနက်နှင့်ဖုန်းလိုင်းပြတ်တောက်မှုများအပေါ် အခြေခံလေ့လာကြည့်ပါက စစ်ကောင်စီသည် စစ်ရေးပြင်းထန်သည့်နေရာများတွင် အင်တာနက်နှင့်ဖုန်းလိုင်းများဖြတ်တောက်ခြင်း၊ ယင်းတို့လက်လွှတ် လိုက်ရသောနယ်မြေများတွင် ဆက်သွယ်ရေးဖြတ်တောက်ပြီး လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခြင်း၊ မြေပြင်တွင် မိမိတို့အစီအစဉ်ဖြင့် အင်တာနက်ရရှိရန်ဆောင်ရွက်မှုများအပေါ် ဟန့်တားနှောင့်ယှက်ခြင်းများအား လုပ်ဆောင်ခဲ့သည်ကို တွေ့မြင်ရသည်။
အင်တာနက်ဖြတ်တောက်ခံရသောဒေသများတွင် လူမှုရေးစီးပွားရေးဆိုင်ရာအကျပ်အတည်းများ ပိုမိုရင်ဆိုင်လာရ သည့်အခြေအနေများကိုလည်း သတင်းဖော်ပြချက်များက မီးမောင်းထိုးပြနေသည်။ ချင်းပြည်နယ်တွင် ဖုန်းလိုင်းနှင့်အင်တာ နက်လိုင်းအခက်အခဲများကြောင့် ငွေလွှဲငွေထုတ်ပြုလုပ်ရာတွင် အခြားဒေသများထက်ပိုမိုကုန်ကျနေမှုများကို ဒေသခံများအ နေဖြင့်ရင်ဆိုင်နေရသည်။ ရခိုင်ပြည်နယ်တွင် အင်တာနက်လိုင်း၊ ဖုန်းလိုင်းများ ပြတ်တောက်ခြင်းနှင့်လုံခြုံရေးအပြည့်အဝမပေးနိုင်တော့ခြင်းတို့ကြောင့် ဘဏ်စနစ်လုံးဝရပ်တန့်သွားခဲ့ရသည်။ ဖုန်းနှင့်အင်တာနက်လိုင်းဖြတ်တောက်ခံထားရသည့် က ချင်ပြည်နယ်သည် ကုန်စည်စီးဆင်းမှုနှောင့်နှေးပြီး ကုန်စျေးနှုန်းများသိသာစွာမြင့်တက်လာသည်။ ချင်းပြည်နယ်၊ ရခိုင်ပြည် နယ်နှင့်ကချင်ပြည်နယ်တို့သည် စစ်ကောင်စီနှင့်တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအင်အားစုများအကြား တိုက်ပွဲများဖြစ်ပွားပြီးနောက် ကာလရှည်အင်တာနက်ဖြတ်တောက်ခံရသောဒေသများလည်း ဖြစ်သည်။
အင်တာနက်ဖြတ်တောက်မှုသည် သတင်းအချက်အလက်ရရှိမှုကို ထိခိုက်စေရုံသာမက ကာလရှည်ကြာလာသည်နှင့်အမျှ ဒေသတွင်းနေထိုင်သူတို့၏လူမှုစီးပွားအပေါ် ပြင်းထန်သည့်သက်ရောက်မှုများဖြစ်လာစေကြောင်းကို အထက်ပါအခြေအ နေများက ဖော်ပြနေသည်။
(ခ) အွန်လိုင်းပေါ်မှထုတ်ဖော်ပြောဆိုရေးသားမှုများအပေါ် ဖမ်းဆီးအရေးယူမှုအခြေအနေများ
အွန်လိုင်းပေါ်မှတစ်ဆင့် ယင်းတို့အား ဝေဖန်သူများကို ဆက်တိုက်ဆိုသလိုဖမ်းဆီးမှုများ စစ်ကောင်စီက ပြုလုပ်လျက်ရှိသည်။ ထိုသို့ဖမ်းဆီးမှုများလုပ်ရာတွင် ယင်းတို့အား ထောက်ခံသူများက ပြန်လည်ဝေဖန်လာလျှင်ပင် ဖမ်းဆီးမှုများပြုလုပ်နေသည်ကို တွေ့ရသည်။ ယင်းတို့အားဝေဖန်ပါက အသက်မပြည့်သေးသူများအားလည်း ဖမ်းဆီးသည်။ အငြိမ်းစားအရာရှိများပါမချန်ဖမ်းဆီးခဲ့သည်ကို ယခုလအတွင်း တွေ့ရှိရသည်။ စစ်ကောင်စီအားထောက်ခံကြောင်း အွန်လိုင်းမှတစ်ဆင့်ပြောလေ့ရှိသူ ငါးမင်းဆွေအား စစ်ခေါင်းဆောင်မင်းအောင်လှိုင်အားဝေဖန်မှုဖြင့် ဖမ်းဆီးခဲ့သည်။ မင်းအောင်လှိုင်အားစော်ကားသည့်အပြုအမူပါ ဗီဒီယို(Video)အား အွန်လိုင်ပေါ်ဖြန့်ဝေသည်ဟုဆိုကာ ရွှေပြည်သာမြို့နယ်၊ အ.ထ.က ၂ ၊ G-9 ဘီ(B)ခန်းတွင် ပညာ သင်ကြားနေသူမောင်ဖြိုးမြတ်ကိုလည်း ဖမ်းဆီးခဲ့သည်။ “SHWE ZAN”အမည်ဖြင့် လူမှုကွန်ရက်ပေါ်တွင် အေအေ(AA)အ ဖွဲ့အားထောက်ခံသောစာများ ရေးသားသဖြင့် အငြိမ်းစားရဲမှူးကို ပုဒ်မ-၅၀၅ ဖြင့်အမှုဖွင့်အရေးယူခဲ့သည်။ မြန်မာအင်တာနက်ပရောဂျက်(MIP)၏စာရင်းပြုစုထားမှုအရ ယခုလအတွင်း လူမှုကွန်ရက်မီဒီယာပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူအနည်းဆုံး(၁၇)ဦးခန့်ရှိသည်ကို တွေ့ရသည်။
(ဂ) လူထုအပေါ်စောင့်ကြည့်ခြေရာခံနိုင်ရေးအတွက် စစ်ကောင်စီ၏လုပ်ဆောင်လာမှုအခြေအနေများ
အင်တာနက်ဖြတ်တောက်ခြင်း၊ အွန်လိုင်းပေါ်မှဝေဖန်ပြောဆိုမှုများကို ဖမ်းဆီးအရေးယူခြင်းများအားပြုလုပ်ရုံသာမက လူထုကိုပုံစံမျိုးစုံဖြင့် စောင့်ကြည့်ထိန်းချုပ်နိုင်ရန် စစ်ကောင်စီက ဆောင်ရွက်နေသည်။
အမည်မည်း(Blacklist)စာရင်းဝင်သူများ ပြည်ပထွက်ခွာခွင့် မပြုရေးသေချာစွာစိစစ်ရန် စစ်ကောင်စီခန့် လူဝင်မှုကြီး ကြပ်ရေးဝန်ကြီးက ယခုလအတွင်း၌ ညွှန်ကြားခဲ့သည်။ နိုင်ငံခြားဝင်ငွေအကျပ်အတည်းဖြင့်ရင်ဆိုင်နေရသော စစ်ကောင်စီသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီ(၁)ရက်ကစပြီး “e-Commerce Registration System”မှတစ်ဆင့်လျှောက်ထားပြီး အွန်လိုင်းရောင်းချမှု(Online Sales)လုပ်ငန်းများအား စားသုံးသူရေးရာဦးစီးဌာနက မြေပြင်တွင်စစ်ဆေးပြီးမှသာ မှတ်ပုံတင်ခွင့်ပြုတော့မည်ဟု ဆိုလာသည်။ မြန်မာနိုင်ငံ၏ရှုပ်ထွေးသည့်စည်းမျဉ်းများကြောင့် နိုင်ငံခြားငွေလက်ခံရာတွင်အသုံးများသော နိုင်ငံတကာငွေကြေးလုပ်ငန်းနှစ်ခုဖြစ်သည့် အာဖရိကအခြေစိုက် “Perfect Money”နှင့်အမေရိကန်အခြေစိုက် “Payoneer”ကုမ္ပဏီတို့၏မြန်မာနိုင်ငံသားများအတွက်ဝန်ဆောင်မှုများရပ်ဆိုင်းသွားခဲ့သည်။ စစ်ကောင်စီ ခေါင်းဆောင်မင်း အောင်လှိုင် တရုတ်နိုင်ငံသို့သွားရောက်ပြီးနောက် တရုတ်နိုင်ငံက စစ်ကောင်စီထံအကူအညီပေးမည့် စီမံကိန်းများတွင် ရာနှင့် ချီသောရဲကားများအပါအဝင် စစ်ဆေးရေးဂိတ်များတွင် မျက်နှာသွင်ပြင်မှတ်တမ်းတိုက်ဆိုင်စစ်ဆေးသောစနစ်များ အကူအ ညီပေးရန်များပါဝင်သည်ဟု မြန်မာနောင်း(Myanmar Now)က ရေးသားဖော်ပြခဲ့သည်ကို တွေ့ရသည်။
(ဃ) သတင်းမီဒီယာလွတ်လပ်ခွင့်ဆိုင်ရာအခြေအနေများ
အာဏာသိမ်းပြီးနောက် သတင်းမီဒီယာရပ်ဝန်းအား ဖိနှိပ်မှုများပြုလုပ်ရန် စစ်ကောင်စီက ဆက်တိုက်လုပ်ဆောင်ခဲ့သည်။ ပြီးခဲ့သောနှစ်များ၏ဖြစ်ရပ်များတွင် သတင်းမီဒီယာလိုင်စင်များရုပ်သိမ်းခြင်း၊ သတင်းသမားများအား ဖမ်းဆီးထောင်ချခြင်းများကို ပြုလုပ်ခဲ့သည်။ အချို့သောဖိနှိပ်မှုများတွင် သတင်းမီဒီယာသမားများ သေဆုံးရသည်နှင့်သေဆုံးနိုင်သည်အထိ ကျူးလွန်ခဲ့သည်။
ယခုလအတွင်းတွင်လည်း စစ်ကောင်စီသည် ယင်းတို့အား ထောက်ခံသူများဖြင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကို ဖွဲ့စည်းခဲ့သည်။ စစ်ကောင်စီထောက်ခံသူများနှင့်ဖွဲ့စည်းထားသော သတင်းမီဒီယာကောင်စီသည် သတင်းသမား၏အကျိုးစီး ပွားကိုအကာအကွယ်ပေးနိုင်ရန်မှာ ပြဒါးတစ်လမ်းသံတစ်လမ်းပင်ဖြစ်နေသည်။ ထိုသို့သောအခြေအနေကြောင့် စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဖွဲ့စည်းမှုကို လွတ်လပ်သောသတင်းမီဒီယာများဖြင့်ဖွဲ့စည်းထားသည့် လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စ်(IPCM)က ရှုံ့ချကန့်ကွက်ခဲ့သည်။
ထို့အပြင် မြန်မာသတင်းမီဒီယာသမားများဖိနှိပ်ခံရမှုအပေါ်ကူညီပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က တိုက်တွန်းခဲ့သည်ကိုလည်း တွေ့ရသည်။
(၂) ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း ကြုံတွေ့ခဲ့ရသော ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်အနှစ်ချုပ်
(က) မိုဘိုင်းဖုန်းနှင့်အင်တာနက်ဖြတ်တောက်မှုအခြေအနေများ
(ခ) အွန်လိုင်းပေါ်မှထုတ်ဖော်ပြောဆိုရေးသားမှုများအပေါ် ဖမ်းဆီးအရေးယူမှုအခြေအနေများ
(ဂ) လူထုအပေါ်စောင့်ကြည့်ခြေရာခံနိုင်ရေးအတွက် စစ်ကောင်စီ၏လုပ်ဆောင်လာမှုအခြေအနေများ
(က) မိုဘိုင်းဖုန်းနှင့်အင်တာနက်ဖြတ်တောက်မှုအခြေအနေများ
၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင်လည်း အင်တာနက်ဖြတ်တောက်မှုများကို စစ်ကောင်စီက ဆက်လက်ပြုလုပ်နေသည်ကို တွေ့ရ သည်။
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၌ တစ်ရက်လျှင် အင်တာနက်(၃)နာရီခန့်သာရရှိသည်ဟု လွတ်လပ်သောမွန်သတင်းအေဂျင်စီက ရေးသားဖော်ပြခဲ့သည်ကို တွေ့ရသည်။ အင်တာနက်ဆက်သွယ်မှုဆိုင်ရာအခက်အခဲနှင့် ရင်ဆိုင်နေရသည့် ကြာအင်းဆိပ်ကြီးတွင် စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးမှုများလည်း ဖြစ်ပေါ် ခဲ့သည်ကို တွေ့ရသည်။
ရခိုင်ပြည်တိုက်ပွဲများအတွင်း နယ်မြေအများအပြားကို စစ်ကောင်စီက လက်လွှတ်နေရပြီး ပြီးခဲ့သော နိုဝင်ဘာလ(၁၆) ရက်နေ့မှစတင်ကာ ရခိုင်ပြည်နယ်ရှိ မြို့နယ်အားလုံးနီးပါးကို ဖုန်းလိုင်းများထပ်မံ ဖြတ်တောက်ခဲ့သည်။ ရခိုင်ပြည်နယ်အတွင်း အင်တာနက်လိုင်းသာမက ဖုန်းလိုင်းများပါ ပြတ်တောက်နေသည့်အတွက် ဒေသတွင်းကလေးသူငယ်အခွင့်အရေး၊ အမျိုးသ မီးအခွင့်အရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးရေး၊ ကျေးလက်ဖွံ့ဖြိုးရေးနှင့်လူမှုဖူလုံရေးအတွက် အကူအညီပေးနိုင်ရေးဆောင်ရွက်နေသော အန်ဂျီအို/အိုင်အန်ဂျီအို(NGO/INGO)များ၏လုပ်ငန်းများလည်ပတ်ရန် အခက် အခဲများစွာဖြင့် ရင်ဆိုင်နေရသည်ဟု ဆိုသည်။
ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာတွင် စစ်ကောင်စီနှင့်တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့များအကြားတိုက်ပွဲများဖြစ်ပွားခဲ့ပြီး အင်တာနက်နှင့်ဖုန်းလိုင်းများဖြတ်တောက်ခံထားရသည်။ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် အရှေ့တောနယ်ဒေသသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုးဝင်ရောက်လာချိန်များတွင် ဖုန်းလိုင်းများ ဖြတ်တောက်ခဲ့သေးသည်။ တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီက ဖုန်းလိုင်းများဖြတ်တောက်ခဲ့သည်။ ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်တွင်လည်း တိုက်ပွဲများဖြစ်ပွားပြီးနောက် အက်တမ်(Atom)ဖုန်းလိုင်းများ ပြတ်တောက်သွားခဲ့သည်။
ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နှင့်တိုက်ပွဲများဖြစ်ပွားနေသော ဗန်းမော်တွင်လည်း ဖုန်းလိုင်းများပြတ် တောက်နေသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင်လည်း ဒီဇင်ဘာလအစောပိုင်းမှစတင်၍ ဖုန်းလိုင်း၊ အင်တာ နက်လိုင်းနှင့်လျှပ်စစ်မီးပြတ်တောက်ခြင်းများ ပိုမိုဆိုးရွားလာသည်။
အထက်ပါ အင်တာနက်ဖြတ်တောက်မှုအခြေအနေများကိုကြည့်ပါက စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားရာနေရာဒေ သများတွင် သတင်းစီးဆင်းမှုပြတ်တောက်စေရန်အတွက် အင်တာနက်နှင့်ဖုန်းလိုင်းဖြတ်တောက်မှုကို အပြင်းအထန်လုပ် ဆောင်နေသည်ကို တွေ့ရနိုင်သည်။ ယင်းလုပ်ဆောင်ချက်ကြောင့် ပဋိပက္ခဒေသအတွင်းနေထိုင်သောအများပြည်သူအနေ ဖြင့် စစ်ရေးဆိုင်ရာအခြေအနေများသိရှိရမှုနှောင့်နှေးပြီး အသက်၊ အိုးအိမ်နှင့်စည်းစိမ်ဆုံးရှုံးရမှုအခြေအနေများ ပိုမိုကြီးမား စေသည်။
ထိုကဲ့သို့ အင်တာနက်ဖြတ်တောက်မှုများအပြင် စစ်ကောင်စီ၏တပ်သင်တန်းကျောင်းများ အခြေစိုက်ရာပြင်ဦးလွင်မြို့တွင် ရေဒီယိုလှိုင်းနှောင့်စက်(Jammer)များတပ်ဆင်စမ်းသပ်နေမှုကြောင့် ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သည်ကိုလည်း တွေ့ရသည်။
မိုဘိုင်းဖုန်းအော်ပရေတာများကလည်း လစဉ်အင်တာနက်ပက်ကေ့ချ်များ၏ဒေတာသုံးစွဲခွင့်ပမာဏ လျှော့ချလိုက်ပြီး “အကန့်အသတ်မဲ့ပက်ကေ့ချ်”ရောင်းချမှုတွေကိုပါ ပယ်ဖျက်ခဲ့သည်။ အာဏာသိမ်းကာလနောက်ပိုင်းတွင် မိုဘိုင်းအင်တာနက်အသုံးပြုမှုစျေးနှုန်းများမှာ (၃)ဆခန့်အထိ မြင့်တက်လာသည်ကို တွေ့ရသည်။
စစ်ကောင်စီဘက်မှအင်တာနက်ပိတ်ပင်မှုများရှိသလို လုံခြုံရေးဆိုင်ရာစိုးရိမ်ရသည့်အခြေအနေများကြောင့် တော် လှန်ရေးတပ်ဖွဲ့များဘက်မှ အင်တာနက်နှင့်ဖုန်းသုံးစွဲမှုပိတ်ပင်သည့် လုပ်ဆောင်ချက်လာမှုများကိုလည်း တွေ့ရှိလာရသည်။ မိုးကုတ်မြို့လုံခြုံရေးအတွက် တီအဲန်အယ်လ်အေ(TNLA)က အင်တာနက်သုံးစွဲမှုပိတ်ပင်ထားသည်မှာ တစ်လခန့်ရှိလာပြီးဖြစ် သည်။ မိုးကုတ်မြို့တွင် အင်တာနက်နှင့်ဖုန်းလိုင်းများ ပြန်ဖွင့်ပေးမည့်အချိန်ကို ပြောရန်ခက်သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ထုတ်ဖော်ပြောဆိုခဲ့သည်။
မိုးကုတ်မြို့တွင် ဖုန်းနှင့်အင်တာနက်အသုံးပြုခွင့်မရသဖြင့် ငွေသွင်း/ငွေထုတ်လုပ်ငန်းအများစုရပ်နားထားရပြီး စီးပွား ရေး၊ ပညာရေးနှင့်လူမှုရေးကိစ္စများမှာလည်း အခက်အခဲများနှင့်ကြုံတွေ့နေရသည်ဟု သတင်းများက ဖော်ပြထားသည်ကို တွေ့ရသည်။ ရွှေဖီမြေသတင်းဋ္ဌာန၏အဆိုအရ လေကြောင်းတိုက်ခိုက်မှုစိုးရိမ်ချက်ကြောင့်ပိတ်ထားသော စတားလင့်ခ့် (Starlink)အင်တာနက်အား ခိုးဖွင့်သုံးစွဲသူများကို တီအဲအန်အယ်လ်(TNLA)က အရေးယူမှုများရှိနေသည်ဟု သိရသည်။
(ခ) အွန်လိုင်းပေါ်မှထုတ်ဖော်ပြောဆိုရေးသားမှုများအပေါ် ဖမ်းဆီးအရေးယူမှုအခြေအနေများ
အင်တာနက်နှင့်ဖုန်းလိုင်းဖြတ်တောက်မှုများကိုသာမက အင်တာနက်ပေါ်တွင် ၎င်းတို့အား ဆန့်ကျင်ပြောဆိုမှုပြုလုပ်သူများ နှင့်တော်လှန်ရေးတပ်ဖွဲ့များအား ထောက်ခံသူများကိုပါ စစ်ကောင်စီက ဖမ်းဆီးအရေးယူမှုများပြုလုပ်လျက်ရှိသည်ကို တွေ့ရသည်။
ထိုသို့ ဖမ်းဆီးအရေးယူမှုများပြုလုပ်ရာတွင် ပြီးခဲ့သည့်လများအတွင်း၌ အသက်မပြည့်သေးသောကျောင်းသားများနှင့်အငြိမ်းစားအစိုးရအရာရှိများကိုပါက စစ်ကောင်စီက ဖမ်းဆီးအရေးယူခဲ့သည်ကို တွေ့ရသည်။ တာချီလိတ်ရှိ ဝါတော်(၂၇)ဝါ ရဘုန်းတော်ကြီးတစ်ပါးအားလည်း လူမှုကွန်ရက်ပေါ်တွင် ယင်းတို့အား ဆန့်ကျင်ပြောဆိုသဖြင့် ပုဒ်မ-၅၀၅ အပါအဝင် ပုဒ်မ (၂)ခုဖြင့် ဖမ်းဆီးအရေးယူခဲ့သည်။
စစ်ကောင်စီ၏ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များဖြစ်သည့် ပြန်ကြားရေးဝန်ကြီးဌာန(MOI)နှင့်မြန်မာသတင်းစာ (Myanmar Newspapers)တို့၏ဖော်ပြချက်များအရ ယခုလအတွင်း အွန်လိုင်းမှပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူအမျိုးသား(၆)ဦးနှင့်အမျိုးသမီး(၁)ဦး စုစုပေါင်း(၇)ဦးဖမ်းဆီးခံခဲ့ရသည်ကို တွေ့ရသည်။ လူမှုကွန်ရက်သုံးစွဲမှုအရ သုံး သပ်ပါက ဖေ့ဘွတ်ခ့်(Facebook)ကြောင့် ဖမ်းဆီးခံရသူ(၃)ဦးနှင့် တစ်တော့ခ့်(TikTok)ကြောင့်ဖမ်းဆီးခံရသူ(၄)ဦးရှိသည်။ ၂၀၂၄ ခုနှစ် တစ်နှစ်လုံးတွင် ဒီဇင်ဘာလသည် လူမှုကွန်ရက်မီဒီယာတွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူအနည်း ဆုံးလဟု ဆိုနိုင်သည်။
ထိုကဲ့သို့ အွန်လိုင်းပေါ်တွင်ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသောအရေအတွက် နည်းပါးသွားခြင်းသည် လွတ် လပ်စွာထုတ်ဖော်ပြောဆိုခွင့် အားကောင်းလာခြင်းကြောင့်မဟုတ်ဘဲ သုံးစွဲသူများအနေဖြင့်မိမိတို့၏ထုတ်ဖော်ပြောဆိုခွင့်ကို မိမိဘာသာကန့်သတ်ချက်ကြောင့်လည်းကောင်း၊ စစ်ကောင်စီအနေဖြင့် ဖမ်းဆီးသည့်အရေအတွက်အတိအကျကို ထုတ်ပြန်မှုမလုပ်ခြင်းများကြောင့်လည်းကောင်း ဖြစ်နိုင်သည်။ ဥပမာအားဖြင့် တာချီလိတ်ရှိ ဝါတော်(၂၇)ဝါရဆရာတော်အား ဖမ်းဆီးမှုသတင်းကို စစ်ကောင်စီဝါဒဖြန့်ချန်နယ်များတွင် ဖော်ပြခြင်းမရှိပဲ လွတ်လပ်သောသတင်းမီဒီယာရင်းမြစ်များမှ ရယူစုဆောင်းနိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏အွန်လိုင်းပေါ်မှ လွတ်လပ်စွာထုတ်ဖော်ပြောဆိုနိုင်မှုအခြေအနေသည် ဆိုးရွားနေစဲပင်ဖြစ် သည်။
(ဂ) လူထုအပေါ်စောင့်ကြည့်ခြေရာခံနိုင်ရေးအတွက် စစ်ကောင်စီ၏လုပ်ဆောင်လာမှုအခြေအနေများ
အများပြည်သူအား စောင့်ကြည့်ထိန်းချုပ်နိုင်ရေးအတွက် ဇီဝအချက်အလက်ရယူရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ခြင်း၊ မျက် နှာဖတ်နိုင်သောနည်းပညာပါဝင်သည့် စီစီတီဗီ(CCTV)များ တပ်ဆင်နိုင်ရန်အကောင်အထည်ဖော်ခြင်းစသည်တို့ကို စစ်ကောင်စီက ၂၀၂၄ ခုနှစ် တစ်နှစ်တာကာလအတွင်းဆောင်ရွက်လာခဲ့သည်ကို ယခင်အစီအရင်ခံစာများတွင် ထည့်သွင်းဖော် ပြခဲ့ပြီးဖြစ်သည်။
အီးအိုင်ဒီ(UID/EID)အချက်အလက်များ ကောက်ခံပြီးနောက်ပိုင်းတွင်း ပြည်ပထွက်ခွာမှုများအပေါ် သိသာစွာတင်း ကြပ်လာသည်ကို တွေ့ရသည်။ CJ Platform သတင်းဌာန၏ ရေးသားဖော်ပြချက်အရ ပြည်ပထွက်ခွာသူများသည် ရန်ကုန် လေဆိပ်တွင် ကျပ်သိန်းဆယ်ဂဏန်းအထိ လာဘ်ထိုးနေရသည်ဟုဆိုသည်။ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်အ တွင်းရှိစက်ရုံများတွင် အလုပ်လျှောက်သူများသည် အီလက်ထရောနစ်မှတ်ပုံတင်(eID)စာရွက်ရှိမှသာ အလုပ်ခန့်ခံရသော အခြေအနေများလည်း ဖြစ်ပေါ်နေသည်ကို တွေ့ရသည်။
စစ်ကောင်စီသည် ယခုလအတွင်း ဖေ့ဘွတ်ခ့်(Facebook)အစားထိုး “MySpace”လူမှုကွန်ရက်မီဒီယာတစ်ခုအား အသုံးပြုရန် ဆွဲဆောင်မှုများပြန်လည်လုပ်ဆောင်လာသည်ကို တွေ့ရသည်။ စစ်ကောင်စီ၏ “MySpace”လူမှုကွန်ရက်အစီ အစဉ်သာအောင်မြင်ခဲ့ပါက အများပြည်သူ၏အွန်လိုင်းပြောမှ ပြောဆိုလှုပ်ရှားမှုအားလုံးကို စစ်ကောင်စီက အလွယ်တကူပင် စောင့်ကြည့်နိုင်ခွင့် ရသွားမည်ဖြစ်သည်။
ထို့အပြင် ရခိုင်ပြည်နယ်တွင် တိုက်ပွဲများပြင်းထန်လာပြီးနောက် ရခိုင်မှတ်ပုံတင်ကိုင်ဆောင်ထားသော ခရီးသွားများ၏ မိုဘိုင်းဖုန်းများကိုပါ စစ်ဆေးသည့်ဖြစ်စဉ်များလည်း ယခုလအတွင်း ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရသည်။
(၃) ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း ကြုံတွေ့ခဲ့ရသော ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်အနှစ်ချုပ်
(က) မိုဘိုင်းဖုန်းနှင့်အင်တာနက်ဖြတ်တောက်မှုအခြေအနေများ
(ခ) အွန်လိုင်းပေါ်မှထုတ်ဖော်ပြောဆိုရေးသားမှုများအပေါ် ဖမ်းဆီးအရေးယူမှုအခြေအနေများ
(ဂ) လူထုအပေါ်စောင့်ကြည့်ခြေရာခံနိုင်ရေးအတွက် စစ်ကောင်စီ၏လုပ်ဆောင်လာမှုအခြေအနေများ
(ဃ) သတင်းမီဒီယာလွတ်လပ်ခွင့်ဆိုင်ရာအခြေအနေများ
(က) မိုဘိုင်းဖုန်းနှင့်အင်တာနက်ဖြတ်တောက်မှုအခြေအနေများ
စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများအကြား စစ်ရေးပဋိပက္ခကျယ်ပြန့်လာသည့်အလျှောက် ဖုန်းနှင့်အင်တာနက် ပြတ်တောက်မှုများသည်လည်း နယ်မြေပိုမိုကျယ်ပြန့်လာသည်ကို တွေ့ရသည်။
အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်များအကြားတိုက်ပွဲများသည် ရခိုင်ပြည်နယ်နှင့်ဧရာဝတီတိုင်းဒေသကြီး အစပ်အထိ ရောက်ရှိလာပြီးနောက် ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်နှင့် ကမ်းရိုးတန်းတစ်လျှောက်ရှိ ကျေးရွာများတွင် ဖုန်းလိုင်းများပြတ်တောက်သွားခဲ့သည်။ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ ဘောမိကျေးရွာတွင်လည်း စစ်ကောင်စီနှင့်တိုက် ပွဲများဖြစ်ပွားပြီး ဖုန်းနှင့်လျှပ်စစ်မီးများ ပြတ်တောက်ခဲ့သည်ကို တွေ့ရသည်။
တိုက်ပွဲဖြစ်ပွားရာဒေသများတွင် လေကြောင်းတိုက်ခိုက်မှုများကို စစ်ကောင်စီက အလွန်အကျွံသုံးစွဲလာနေသည်ကို တွေ့ရသည်။ ထိုသို့စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာမှုကြောင့် ဖုန်း၊ အင်တာနက်များကို သတိထားသုံးစွဲကြရန် အေအေ(AA)၏ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက သတိပေးပြောကြားခဲ့သည်။ ရခိုင်ပြည်နယ်အတွင်းရှိ အေအေ (AA)သိမ်းပိုက်ဒေသများတွင် စစ်ကောင်စီ၏လေကြောင်းအန္တရာယ်ကြောင့် အေအေ(AA)က ဖုန်းနှင့်အင်တာနက်လိုင်းဆက်သွယ်မှုပိတ်ထားသည့်ဖြစ်စဉ်များပင်ရှိသည်ဟု Western News က ရေးသားဖော်ပြခဲ့သည်ကိုလည်း တွေ့ရသည်။ ထိုသို့ဖုန်းနှင့်အင်တာနက်လိုင်းပြတ်တောက်နေသည့်အခြေအနေများကြောင့် ရခိုင်ဒေသခံများသည် သတင်းအချက်အလက်ရရှိရေးအတွက် ရေဒီယိုများကို ပြန်လည်အားကိုနေရပြီး ရေဒီယိုတစ်လုံး၏စျေးနှုန်းမှာ ကျပ်ငွေ(၁၀၀,၀၀၀)အထိပင် မြင့်တက်လာခဲ့သည်။
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ဇေယျာ၀တီမြို့အတွင်းရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်များနှင့်တော်လှန်ရေးတပ်များအကြား တိုက်ပွဲများဖြစ်ပွားပြီး ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ ပြတ်တောက်နေသည်။ ထိုသို့ ဖုန်းနှင့်အင်တာနက်လိုင်းများဖြတ်တောက်ပြီး ဇေယျာ၀တီမြို့အတွင်းရှိ ကျေးရွာများကိုလည်း စစ်တပ်က ဒရုန်းများဖြင့် နေ့စဉ်ဗုံးကြဲမှုများလုပ်ဆောင်နေသည်ဟု သတင်းက ဆိုသည်။
ကချင်ပြည်နယ်တစ်ခုလုံး ဖုန်းလိုင်းနှင့်အင်တာနက်လိုင်း ဖြတ်တောက်ခံရသည်မှာ (၆)လခန့် ရှိလာပြီ ဖြစ်သည်။ ယခုလအတွင်း ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် အမ်ပီတီ(MPT)ဖုန်းလိုင်းများ အနည်းအငယ် ပြန်လည်ရရှိပြီး အမ်ပီတီ (MPT)ဆင်းကဒ်(Sim Card)တစ်ခု၏စျေးနှုန်းမှာ ကျပ်ငွေ(၃၅,၀၀၀)အထိ မြင့်တက်ခဲ့သည်။ ထို့အတူ ကချင်ပြည်နယ်၊ တနိုင်းမြို့တွင်လည်း အမ်ပီတီ(MPT)နှင့်အက်တမ်(Atom)ဖုန်းလိုင်းများ ပြန်လည်ရရှိသည်ဟု သိရသည်။ ထို့သို့ ကချင်ပြည် နယ်နေရာအချို့တွင် ဖုန်းလိုင်းများပြန်လည်ရရှိသော်လည်း ဖုန်းခေါ်ဆိုမှုမှာ ခက်ခဲနေစဲဖြစ်သည်ဟု သတင်းများက ဆိုသည်။
စစ်ကောင်စီ၏ရေဒီယိုလှိုင်းနှောင့်စက်(Jammer)များတပ်ဆင်လာမှုကြောင့် မင်္ဂလာဒုံလေတပ်စခန်းနှင့်ထိစပ်မြို့နယ်များတွင် ဖုန်းလိုင်းပြတ်တောက်မှုများ မကြာခဏဖြစ်ပေါ်လာသည်။ ရန်ကုန်မြို့အတွင်း သွားလာနေသူများ၏အဆိုအရ အစိုးရရုံးများရှိရာနေရာအချို့သို့ရောက်ရှိပါက ဖုန်းလိုင်းပြတ်တောက်သွားမှုများနှင့် ကြုံတွေ့ကြရသည်ဟုဆိုသည်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကျိုက်ဒုံမြို့ အမှတ်(၅)ရပ်ကွက်ကို စစ်ကောင်စီတပ်က ဇန်နဝါရီလ(၂၂) ရက်နေ့ မနက်ပိုင်း၌ ဗုံးကြဲတိုက်ခိုက်ခဲ့၍ အမျိုးသမီး(၁)ဦးသေဆုံးခဲ့သည်။ ကျိုက်ဒုံမြို့အား ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများကို စစ်ကောင်စီက ဖြတ်တောက်ထားခဲ့သည်။ မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်တွင်လည်း စစ်ကောင်စီ၏ ဗုံကြဲတိုက်ခိုက်မှုကြောင့် တာဝါတိုင် ထိခိုက်ပျက်စီးကာ ဖုန်းလိုင်းများ ပြတ်တောက်ခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင်လည်း ဖုန်းနှင့်အင်တာနက်လိုင်းများ ပြတ်တောက်နေသည်ဟု ဒီဗွီဘီ(DVB)သတင်းဌာနက ဖော်ပြခဲ့သည်။ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တီအန်အယ်လ်အေ(TNLA)ထိန်းချုပ်မြို့ဖြစ်သည့်ကျောက်မဲမြို့အား စစ်ကောင်စီက ဆက်တိုက်ဗုံးကြဲမှုများကြောင့် လေ ကြောင်းအန္တရာယ်စိုးရိမ်ချက်ဖြင့် ကျောက်မဲမြို့အား တီအန်အယ်လ်အေ(TNLA)က ဖုန်းနှင့်အင်တာနက်အသုံးပြုမှုများ ကန့် သတ်ခဲ့သည်ကိုလည်း တွေ့ရသည်။
စစ်ကောင်စီကအင်တာနက်ဖြတ်တောက်ထားသည့်ဒေသများတွင် လေကြောင်းတိုက်ခိုက်မှုများ အလွန်အကျွံပြုလုပ်မှုကို ဒေသခံများခံစားနေရသည့်အပြင် စစ်ကောင်စီထိန်းချုပ်မှုအောက်မှလွတ်မြောက်သွားသည့်ဒေသ အချို့တွင်လည်း စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုအန္တရာယ်စိုးရိမ်ချက်ကြောင့် ဖုန်းနှင့်အင်တာနက်လိုင်းဖြတ်တောက်သည့်ဖြစ်စဉ်များပါ တွေ့မြင်လာရသည်။
ထို့အပြင်အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသည့် ချင်းပြည်နယ်၊ ပလပ်ဝမြို့နယ်၊ ဆမီးမြို့အား စစ်ကောင်စီက ဇန်နဝါရီလ(၁၃)ရက်နေ့တွင် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီးနောက် ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများပါ ပြတ် တောက်သွားခဲ့သည်။ ထားဝယ်ခရိုင် ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်အတွင်းရှိ ကျေးရွာအများစုတွင် ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းပြတ်တောက်မှုများဖြစ်ပေါ်နေသည်ကို တွေ့ရသည်။
မြန်မာစစ်အစိုးရ၏စောင့်ကြည့်ထောက်လှမ်းမှုနှင့်နိုင်ငံသားများအားဖိနှိပ်မှုများတွင် ပါဝင်နေသောကြောင့်ဟုဆိုကာ မြန်မာစစ်တပ်ပိုင်တယ်လီကွန်းကုမ္ပဏီဖြစ်သည့် မိုင်တဲလ်(Mytel)အား အမေရိကန် End-User Review Committee (ERC)က ပို့ကုန်ထိန်းချုပ်ကန့်သတ်မှုစာရင်း(Entity List)တွင် ထည့်သွင်းခဲ့သည်။ အင်တာနက်ပိတ်ပင်မှုကြောင့် ၂၀၂၄ ခုနှစ်တွင် မြန်မာ့စီးပွားရေးသည် (၁.၅၈)ဘီလီယံထိခိုက်ခဲ့သည်ဟု ယူကေ(UK)အခြေစိုက် Top10VPN အဖွဲ့၏အစီရင်ခံစာတွင်ဖော်ပြထားသည်ကိုလည်း တွေ့ရသည်။
(ခ) အွန်လိုင်းပေါ်မှထုတ်ဖော်ပြောဆိုရေးသားမှုများအပေါ် ဖမ်းဆီးအရေးယူမှုအခြေအနေများ
အင်တာနက်ပေါ်တွင် စစ်ကောင်စီအား ဆန့်ကျင်ပြောဆိုမှုပြုလုပ်သူများနှင့်တော် လှန်ရေးတပ်ဖွဲ့များအားထောက်ခံသူများကို စစ်ကောင်စီက ဆက်လက်စောင့်ကြည့်အရေးယူလျက်ရှိသည်ကို ယခင်လများနည်းတူ ဆက်လက်တွေ့ရှိရသည်။
စစ်ကောင်စီအား လူမှုကွန်ရက်အသုံးပြု၍ ဝေဖန်ရေးသားမှုများပြုလုပ်သဖြင့် ထိန်းသိမ်းခံထားရသော အာဏာရှင်ဟောင်း ဦးသန်းရွှေ၏သားမက် ဒေါက်တာနေစိုးမောင်ကို ပုဒ်မ ၅၀၅-က ဖြင့် ထောင် သုံးနှစ်ချမှတ်မှုကို ပြုလုပ်ခဲ့သည်။
စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များဖြစ်သော ပြန်ကြားရေးဝန်ကြီးဌာန(MOI)နှင့် မြန်မာသတင်းစာ (Myanmar Newspapers)တို့၏ဖော်ပြချက်များအရ ယခုလအတွင်း အွန်လိုင်းမှပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံ ရသူအမျိုးသား(၄)ဦးနှင့်အမျိုးသမီး(၁)ဦး စုစုပေါင်း(၅)ဦးရှိခဲ့သည်ကို တွေ့ရသည်။ လူမှုကွန်ရက်သုံးစွဲမှုအရသုံးသပ်ပါက ဖေ့ဘွတ်ခ့်(Facebook)ကြောင့် ဖမ်းဆီးခံရသူ(၄)ဦးနှင့် တယ်လီဂရမ်ကြောင့်ဖမ်းဆီးခံရသူ(၁)ဦး ရှိသည်။ ဖမ်းဆီးခံရသူများ သည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ညောင်ဦးမြို့နယ်နှင့်အမရပူရမြို့နယ်တို့မှ(၁)ဦးစီ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှိုင်နှင့်ဒဂုံမြို့သစ်မြို့နယ်တို့မှ(၁)ဦးစီနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ(၁)ဦးတို့အသီးသီးဖြစ်ကြသည်။
(ဂ) လူထုအပေါ်စောင့်ကြည့်ခြေရာခံနိုင်ရေးအတွက် စစ်ကောင်စီ၏လုပ်ဆောင်လာမှုအခြေအနေများ
စစ်ကောင်စီသည် အာဏာသိမ်းကာလတစ်လျှောက်လုံး၌ လူထုအပေါ် စောင့်ကြည့်ခြေရာခံနိုင်ရေးအတွက် ဥပဒေအားဖြင့် ဖြစ်စေ၊ နည်းပညာအားဖြင့်ဖြစ်စေ ဘက်ပေါင်းစုံမှဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။ အင်တာနက်အသုံးပြုသူများကို ပိုမို စောင့်ကြည့်ထိန်းချုပ်နိုင်သော ဥပဒေပြဋ္ဌာန်းချက်များအပြင် ပြင်းထန်သည့်ထောင်ဒဏ်နှင့်ငွေဒဏ်ချမှတ်နိုင်သောပုဒ်မများ ပါဝင်သည့် ဆိုက်ဘာလုံခြုံရေးဥပဒေအား စစ်ကောင်စီက ၂၀၂၄ ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့၌ ပြဋ္ဌာန်းခဲ့သည်ကို တွေ့ရ သည်။
စစ်ကောင်စီ၏“ဆိုက်ဘာလုံခြုံရေးဥပဒေပုဒ်မ(၃၃)အရ နိုင်ငံအတွင်း အသုံးပြုသူတစ်သိန်းနှင့်အထက်ရှိသော ဒစ်ဂျစ်တယ်ပလက်ဖောင်းဝန်ဆောင်မှုလုပ်ငန်းများသည် အသုံးပြုသူများ၏ကိုယ်ရေးအချက်အလက်များအပြင် အသုံးပြုမှုမှတ်တမ်းများနှင့် ဦးစီးဌာနမှ အခါအားလျော်စွာသတ်မှတ်သောအချက်အလက်များကို(၃)နှစ်အထိ ထိန်းသိမ်းထားရမည်ဖြစ်သည်။
ယင်းဥပဒေပုဒ်မ(၄၄)အရ ဗီပီအန်(VPN)ထူထောင်ခြင်း(သို့မဟုတ်)ဗီပီအန်(VPN)ဝန်ဆောင်မှုပေးခြင်း ပြုလုပ်လိုသူသည် သတ်မှတ်ချက်နှင့်အညီ ဝန်ကြီးဌာန၏ခွင့်ပြုချက်ကို ရယူရမည်ဟု ဖော်ပြထားသည်။ ခွင့်ပြုချက်မရှိပဲ ဗီပီအန်(VPN) ထူထောင်ပါက အနည်းဆုံး(၁)လမှ အများဆုံး(၆)လအထိ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်(၁၀)သိန်းမှ(၁၀၀)သိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေကျခံရနိုင်သည်ဟုလည်း ဥပဒေတွင် ထည့်သွင်းဖော်ပြထားသည်။ စစ်ကောင်စီ၏ “ဆိုက်ဘာလုံခြုံရေးဥပဒေ”အောက်တွင် တည်ထောင်လာနိုင်ချေရှိသည့် ဗီပီအန်(VPN)ဝန်ဆောင်မှုများ၏ကိုယ်ရေးအချက်အလက်ကာကွယ်ပေးနိုင်မှုအခြေအနေမှာ စိုးရိမ်ဖွယ်ရာပင်” ဖြစ်သည်။
ထိုကဲ့သို့ ဆိုက်ဘာလုံခြုံရေးဥပဒေ ထွက်ပေါ်လာပြီးနောက် မန္တလေးမြို့တွင် ယခုနှစ် ဇန်နဝါရီလဆန်းမှစတင်ပြီး ဆိုက်ဘာလုံခြုံရေးဥပဒေအကြောင်းပြ၍ ခရီးသွားပြည်သူများ၏ဖုန်းများကိုစစ်ဆေးပြီး ငွေညှစ်မှုများပြုလုပ်လာသည်ဟု Mandalay Free Press သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။ ဖုန်းများကိုစစ်ဆေးရာတွင် ဗီပီအန် (VPN)သာမက ဖုန်းနံပါတ်မှတ်တမ်း(Contact list)များ၊ ဖုန်းခေါ်ဆိုမှုမှတ်တမ်း(Call History)များအထိ စစ်ဆေးခဲ့သည်ဟု သတင်းက ဆို သည်။
ယခုလအတွင်း ဒေါ်လာစျေးလှုပ်ခတ်လာမှုကြောင့် ဒေါ်လာစျေးမတည်ငြိမ်ရန် ပြုလုပ်သည်ဟုဆိုကာ ဖေ့ဘွတ်ခ့်စာ မျက်နှာ(Facebook Page)နှင့်ဖေ့ဘွတ်ခ့်အုပ်စု(Facebook Group)(၁၇)ခု၊ ဖေ့ဘွတ်ခ့်အကောင့်(Facebook Account) (၁၇)ခုတို့အား အရေးယူမည်ဟု စစ်ကောင်စီ၏ဗဟိုဘဏ်က ထုတ်ပြန်ကြေညာခဲ့သေးသည်။
(ဃ) သတင်းမီဒီယာလွတ်လပ်ခွင့်ဆိုင်ရာအခြေအနေများ
ရခိုင်ပြည်နယ်အခြေစိုက် Development Media Group (DMG) သတင်းထောက် ကိုထက်အောင်နှင့်ရုံးဝန်ထမ်းကို စိုး ဝင်းအောင်တို့ကို ရုပ်မြင်သံကြားနှင့်အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေပုဒ်မ - ၉၆ ဖြင့် ပုသိမ်အကျဥ်းထောင် အထူးတရားရုံး က အလုပ်ကြမ်းနှင့်ထောင်ဒဏ်ငါးနှစ်ထပ်မံတိုးမြှင့် ချမှတ်ခံခဲ့ရသည်။ သတင်းထောက် ကိုထက်အောင်နှင့် ရုံးဝန်ထမ်း ကိုစိုး ဝင်းအောင်တို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)နှင့် စစ်တွေမြို့နယ် တရားရုံးက ၂၀၂၄ ခုနှစ် ဇွန်(၂၈)ရက် နေ့မှာ အလုပ်ကြမ်းနှင့်ထောင်ဒဏ် ငါးနှစ်စီချမှတ်ထားပြီး ဖြစ်သည်။
စစ်ကောင်စီနှင့်စစ်တပ်အပေါ်ထိခိုက်စေသည့် ရေးသားမှုများရှောင်ကြရန်နှင့် စစ်တပ်ဆန့်ကျင်သူများကို အားပေး အားမြှောက်လုပ်ရေးသားပါက သတင်းမီဒီယာများကိုအရေးယူမည်ဟု စစ်ကောင်စီခန့် ပြန်ကြားရေးဝန်ကြီး မောင်မောင် အုန်းက ခြိမ်းခြောက်ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံသည် သတင်းသမားများကိုအကျဉ်းချထားသော တတိယအဆိုးရွားဆုံးနိုင်ငံဖြစ်သည်ဟု သတင်းသမားများကာကွယ်စောင့်ရှောက်ရေးကော်မတီ(CPJ)က ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၆)ရက်နေ့က ထုတ်ပြန်ချက်တွင်ဖော်ပြခဲ့သည်ကို တွေ့ရှိရသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ(၁)ရက် အာဏာသိမ်းပြီးနောက် သတင်းထောက်နှစ်ရာနီးပါးဖမ်းဆီးခံခဲ့ရပြီး သ တင်းမီဒီယာသမား(၄၃)ဦးသည် ယနေ့အထိ အကျဉ်းထောင်တွေထဲမှာ ဆက်လက်အကျဉ်းကျခံနေရသည်ဟု ထိုင်းနိုင်ငံအ ခြေစိုက် လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ(IPCM)က ထုတ်ပြန်ထားသည်။
Recommended Citation Style – Myanmar Internet Project (2025, February). ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်းကြုံတွေ့ခဲ့ရသော ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်များ . https://www.myanmarinternet.info/my/post/quartely_report_nov_24_jan_2
Comments