မြန်မာနိုင်ငံ၏ စစ်အာဏာသိမ်းခံရမှုကာလ လေးနှစ်ပြည့်မြောက်ရန် သုံးလသာလိုတော့သည်။ အာဏာသိမ်းပြီးနောက် ဒီမိုကရေစီပြန်လည်ရှင်သန်နိုင်ရေးအတွက် တက်နိုင်သမျှသောနည်းလမ်းမျာဖြင့် လူငယ်မျိုးဆက်များက ရုန်းကန်လာခဲ့ကြသည်။ ဒီမိုကရေစီပြန်လည်ရှင်သန်နိုင်ရေးအတွက် နိုင်ငံရေးနည်းဖြင့်တောင်းဆိုသည့်လှုပ်ရှားမှုများအပေါ် အကြမ်းဖက်လာ၍ မတက်သာသည့်အဆုံးတွင် လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့ကြရသည်အထိ အားကောင်းရှင်သန်လာခဲ့သည်။ သိသာသောအပြောင်းအလဲများအဖြစ် စစ်ကောင်စီသည် ရှမ်းမြောက်၊ ကချင်၊ ရခိုင်၊ ကရင်နီနှင့်ချင်းစသည့် တိုင်းရင်းသားဒေသများတွင်သာမက မြန်မာ နိုင်ငံအလယ်ပိုင်းအထိပင် နယ်မြေများဆုံးရှုံး လက်လွှတ်ရမှုများ ဖြစ်ပေါ်လာခဲ့သည်။ စစ်ကောင်စီသည် နယ်မြေလက်လွှတ်လိုက်ရသော မြို့များအား အင်တာနက်ဖြတ်တောက်၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာသည်ကိုလည်း တွေ့ရသည်။
စစ်ရေးအရ အရေးနိမ့်မှုများကိုရင်ဆိုင်နေရသောစစ်ကောင်စီသည် မှန်ကန်သောသတင်းအချက်အလက်များ လူထုဆီသို့ စီးဆင်းမှုအား အဟန့်အတားဖြစ်စေရန်၊ ယင်းတို့၏ ဒေသတွင်းကျူးလွန်မှုများကို ဖုံးကွယ်နိုင်ရန်၊ တော်လှန်ရေးအင်အားစုများ၏အင်တာနက်မှတစ်ဆင့် သတင်းစကားများကို တက်နိုင်သမျှ အဟန့်အတား ဖြစ်စေရန်နှင့် အင်တာနက်ပေါ်မှတစ်ဆင့် ယင်းတို့ကိုဆန့်ကျင်လှုံ့ဆော်မှုများမပြုလုပ်နိုင်စေရန် စသည့် ရည်ရွယ်ချက်မျိုးစုံဖြင့် အင်တာနက်ရပ်ဝန်းအား စောင့်ကြည့်ထိန်းချုပ်မှုများဆက်တိုက်ပြုလုပ်နေသည်ကိုလည်း ယခုသုံးလပတ်တွင် ဆက်လက်တွေ့ရှိရသည်။
ယခုအစီအရင်ခံစာတွင် ၂၀၂၄ ခုနှစ် မေလမှ ဇူလိုင်လအထိ(သုံးလတာကာလ)အတွင်း ဖြစ်ပွားခဲ့သည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်များနှင့်ပတ်သက်သောတွေ့ရှိချက်များကို စုစည်းဖော်ပြသွားပါမည်။
(၁) ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း ကြုံတွေ့ခဲ့ရသည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ် အနှစ်ချုပ်
(က) မိုဘိုင်းဖုန်းနှင့်အင်တာနက်ဖြတ်တောက်မှုအခြေအနေများ
(ခ) အွန်လိုင်းပေါ်မှထုတ်ဖော်ပြောဆိုရေးသားမှုများအပေါ် ဖမ်းဆီးအရေးယူမှုအခြေအနေများ
(ဂ) လူထုအပေါ်စောင့်ကြည့်ခြေရာခံနိုင်ရေးအတွက် စစ်ကောင်စီ၏လုပ်ဆောင်လာမှုအခြေအနေများ
(ဃ) သတင်းမီဒီယာလွတ်လပ်ခွင့်ဆိုင်ရာအခြေအနေများ
(က) မိုဘိုင်းဖုန်းနှင့်အင်တာနက်ဖြတ်တောက်မှုအခြေအနေများ
စစ်ကောင်စီသည် အာဏာသိမ်းကာလတစ်လျှောက်လုံးတွင် ဒေသအတွင်းဖြစ်ပေါ်နေသည့် သတင်းအချက်အလက်များ မရရှိစေရေး၊ လူထုလှုပ်ရှားမှုများကို အဟန့်အတားဖြစ်စေရေးနှင့် ပဋိပက္ခပြင်းထန်ရာဒေသများတွင် စစ်ရေးအသာစီးရစေရေး စသည့် ရည်ရွယ်ချက်မျိုးစုံအတွက် မိုဘိုင်းဖုန်းနှင့်အင်တာနက်ဖြတ်တောက်မှုများကို ဆက်တိုက်လုပ်ဆောင်လာခဲ့သည်။ ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်းတွင်လည်း မိုဘိုင်းဖုန်းနှင့်အင်တာနက်ဖြတ်တောက်သည့်ဖြစ်စဉ်များကို ဆက်လက်တွေ့ရှိခဲ့ရသည်။ စစ်ကောင်စီဘက်မှ မိုဘိုင်းဖုန်းနှင့်အင်တာနက်ဖြတ်တောက်ရန်လုပ်ဆောင်နေစဉ် တိုင်းရင်သားလက်နက်ကိုင်အဖွဲ့များသည် ယင်းတို့ထိန်းချုပ်နေရာများတွင် အင်တာနက်အသုံးပြုနိုင်ရေးအတွက် အကောင်အထည်ဖော်မှုများ လုပ်ဆောင်လာသည်ကိုလည်း တွေ့ရသည်။
တီအဲန်အယ်လ်အေ(TNLA)နှင့်ပူးပေါင်းတပ်ဖွဲ့များထိန်းချုပ်ထားသည့် ကျောက်မဲမြို့တွင် အင်တာနက်နှင့်ဖုန်းလိုင်းများပြတ်တောက်နေသည်ကို ရွှေဖီမြေသတင်းဋ္ဌာန၏သတင်းတင်ဆက်မှုအရ သိရှိရသည်။ ထိုကဲ့သို့ ကျောက်မဲမြို့အား နယ် မြေလက်လွှတ်ရပြီးနောက် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဩဂုတ်လအတွင်း လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့သည်ဟု သျှမ်းသံတော်ဆင့်က ဖော်ပြသည်။ ရှမ်း ပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့တွင်လည်း မြို့တွင်းတိုက်ပွဲများဖြစ်ပွားပြီးနောက် ဖုန်းလိုင်းများဆက်သွယ်ရအခက်အခဲများ ဖြစ်ပေါ်နေသည်ကို သိရှိရသည်။ သီပေါမြို့တွင်း တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်၏လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးတိုက်ခိုက်မှုကြောင့် ဩဂုတ်လ(၁)ရက်နေ့မှ (၁၉)ရက်နေ့အတွင်း အရပ်သား(၁၄)ဦးသေဆုံးပြီး (၄၂)ဦးဒဏ်ရာရရှိခဲ့သည်ဟု တီအဲန်အယ်လ်အေ(TNLA)က ထုတ်ပြန်ခဲ့သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် အင်တာနက်နှင့်ဖုန်းလိုင်းဖြတ်တောက်ခံထားရမှုကြောင့် ဒေသခံများသည် ဖုန်းပြောဆိုရန်အတွက်(၁၂)မိုင်ခန့်အထိ သွားရောက်နေရသည်။ ယင်းကြောင့် မလိုအပ်ဘဲ ခရီးစရိတ်နှင့်အချိန်ကုန်ဆုံးရသည့်အခြေနေများဖြင့် ရင်ဆိုင်နေရသည်။ ထို့အပြင် မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်၊ နမ့်ဆန်၊ မိုးမိတ်၊ လားရှိုးမြို့နယ်များအပါအ ဝင် ရှမ်းမြောက်မြို့နယ်အများစုတွင်လည်း ဖုန်းလိုင်းနှင့်အင်တာနက်လိုင်း ပြတ်တောက်မှုများ ကြုံတွေ့နေရသည်။ အင်တာနက်ပြတ်တောက်နေသည့် ရှမ်းမြောက်မြို့နယ်များတွင် အင်တာနက်ကို တစ်နာရီ(၅,၀၀၀)ကျပ်အထိ စျေးနှုန်းကြီးမြင့်စွာပေးပြီး အသုံးပြုနေရသည်ကိုလည်း သတင်းဖော်ပြချက်များအရ တွေ့ရှိရသည်။
ထိုကဲ့သို့ အင်တာနက်ဖြတ်တောက်ခံရသည့်အခြေအနေများကြောင့် ရှမ်းမြောက်ဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် ဒေသခံများ အင်တာနက်အသုံးပြုနိုင်ရေးအတွက် တက်နိုင်သမျှ ဆောင်ရွက်ပေးမှုများရှိခဲ့သည်ကိုလည်း ယခုလအတွင်း တွေ့ရသည်။ လားရှိုးမြို့အခြေစိုက် “၀”ဆက်ဆံရေးရုံးအနေဖြင့် ဒေသခံများအား င်္ဂြိုလ်တုဝိုင်ဖိုင်အခမဲ့လာရောက် အသုံးပြုနိုင်ကြောင်း ဖိတ်ခေါ်ခဲ့သည်။ အမ်အဲန်ဒီအေအေ(MNDAA)ကလည်း လားရှိုးမြို့ခံများအတွက် စတားလင့်ခ့် (Starlink)အင်တာနက်ဖြင့်ချိတ်ဆက်၍ အင်တာနက်ဝန်ဆောင်မှု ကို ရပ်ကွက်အလိုက် အလှည့်ကျအခမဲ့အသုံးပြုရေး စီစဉ်ပေးမှုများရှိသည်ကို တွေ့ရသည်။
အင်တာနက်ဖြတ်တောက်ခံထားရသည့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အင်းတော်မြို့နယ်အတွင်း ဖုန်းလိုင်းပါ ထပ်မံဖြတ်တောက်ခဲ့သည်။ အင်းတော်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များအ ကြား တိုက်ပွဲများပြင်းထန်နေသည်။ တိုက်ပွဲအတွင်း မြို့တွင်းလေယာဉ်ဖြင့် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဒေ သခံနှစ်သောင်းကျော်ခန့်မှာ မြို့ကိုစွန့်ခွာ၍ ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ရသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဒီပဲယင်းတွင်လည်း စစ်ကောင်စီတပ်နှင့်တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲများပြင်းထန်ပြီးနောက် ဖုန်းလိုင်းများပါ ပြတ်တောက်သွားခဲ့သည်။ စစ်ကောင်စီသည် ဒီပဲယင်းတိုက်ပွဲများတွင်လည်း လေကြောင်းတိုက်ခိုက်မှုအများအပြား ပြုလုပ်ခဲ့သည်။ ပြီးခဲ့သည့် မေလ(၁၁)ရက်နေ့ နေ့လယ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့တောင်ဘက်(၁၃)မိုင်အကွာရှိ မကြီးအုပ်ကျေးရွာ စာ သင်ကျောင်းအား လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သဖြင့် အနည်းဆုံး(၇)ဦးသေဆုံးပြီး (၂၃)ဦးဒဏ်ရာရရှိခဲ့သည်။ စစ်ကိုင်း တိုင်းဒေသကြီးအတွင်းရှိ ဟုမ္မလင်းမြို့တွင်းလည်း ဖုန်းလိုင်းနှင့်ဝိုင်ဖိုင်အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည်။ ထို သို့အင်တာနက်ဖြတ်တောက်ခံထားရသည့် ဟုမ္မလင်းတွင် အင်တာနက်အသုံးပြုနိုင်ရေးအတွက် အိုင်ပီစတား(IP Star)နှင့် စတားလင့်ခ့်(Star Link)အင်တာနက်များကို အားထားအသုံးပြုနေရသည်။
ကချင်ပြည်နယ်၊ မိုးညှင်းနှင့်ဖားကန့်ဒေသများတွင် အင်တာနက်ဖြတ်တောက်ထားမှုကြောင့် ဒေသခံများအနေဖြင့် အိုင်ပီစတား(IP Star) (သို့) စတားလင့်ခ့်(Starlink)ရှိရာမြို့နယ်များအထိသွားရောက်၍ အင်တာနက်သုံးစွဲရန် ရုန်းကန်နေရသည်။ သုံးစွဲလိုသူများပြားသည့်အတွက် လူတစ်ဦးလျှင် တစ်နေ့(၁)နာရီသာ သုံးစွဲခွင့်ရသည်။ အင်တာနက်နှင့်ဖုန်းလိုင်းပြတ်တောက်နေသည့် ဖားကန့်မြို့တွင် ဝိုင်ဖိုင်အင်တာနက်(၁)နာရီအသုံးပြုခ စျေးနှုန်းမှာ(၃၀,၀၀၀)ကျပ်အထိ မြင့်တက်နေသည်။
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင်လည်း ဇူလိုင်လမှစတင်ပြီး ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ မကြာခဏ ဖြတ်တောက်ခံနေရခြင်းကြောင့် တစ်ရွာနှင့်တစ်ရွာ အဆက်အသွယ်ပြတ်တောက်နေသည်ဟု သိရသည်။ “ရေးမြို့နယ် တောင်ပိုင်းနှင့်မြောက်ပိုင်းအတွင်းရှိ ကျေးရွာအချို့တို့တွင် စစ်ကောင်စီတပ်နှင့်တော်လှန်ရေးပူးပေါင်း တပ်တို့ကြား တိုက်ပွဲဖြစ်ပွားသည့်အ ကြိမ်တိုင်း ဖုန်းလိုင်းဖြတ်တောက်ခံနေရပြီး တစ်ကြိမ်ဖြတ်တောက်ခံရလျှင် (၅)ရက်ထိ ကြာမြင့်သည်ဟု ရေးဒေသခံတစ်ဦးက ဆိုသည်”ဟု လွတ်လပ်သောမွန်သတင်းဒေဂျင်စီက ရေးသားဖော်ပြထားသည်။
ကရင်နီတွင်လည်း အင်တာနက်ပြတ်တောက်မှုကြောင့် ငွေသားရှားပါးမှုအခြေအနေနှင့်ရင်ဆိုင်နေရပြီး ရာခိုင်နှုန်းပေး၍ ငွေထုတ်ယူနေရသည်။ ငွေသားထုတ်ယူရန်အတွက် လွိုင်ကော်တွင်(၄)ရာခိုင်နှုန်းဝန်းကျင်နှင့် ဒီးမော့ဆို၊ ဖရူဆို၊ ဖားဆောင်း၊ ဘော်လခဲတို့တွင် (၂၀)ရာခိုင်နှုန်းအထိ ပေးနေရသည့်အတွက် ဒေသခံများသည် အင်တာနက်ပြတ်တောက်မှုကြောင့် မလိုလားအပ်သည့် ဆုံးရှုံးမှုများနှင့်ရင်ဆိုင်နေရသည်။ ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြို့နယ် ကျိန္တလီမြို့အနီးမှာ စစ်ကောင်စီနှင့်အာရက္ခတပ်တော်(AA)တို့အကြား တိုက်ပွဲများပြင်းထန်လာပြီး နောက်ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ ဖြတ် တောက်ထားသည်ကို တွေ့ရသည်။
အထက်ပါအခြေအနေများကိုကြည့်ပါက စစ်ကောင်စီသည် စစ်ရေးပြင်းထန်လာသည့်နေရာများတွင် ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ ဖြတ်တောက်ထားခြင်း၊ ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းဖြတ်တောက်ခံရသည့် ဒေသများတွင် အရပ်သားများထိခိုက်စေသည့် လေကြောင်းတိုက်ခိုက်မှုများကို ဖော်ဆောင်ခြင်းများရှိနေသည်ကို ထင်ရှားစွာတွေ့နိုင်သည်။
မေလ(၃၀)ရက်နေ့မှစတင်ပြီး လူမှုကွန်ရက်အသုံးပြုခွင့်မရရန်အတွက် ဗီပီအဲန်(VPN)များစွာကို တိုးမြှင့်ပိတ်ပင်မှုများပြုလုပ်ခဲ့သည့်စစ်ကောင်စီထံ UMFCCIမှ တစ်ကိုယ်ကောင်းဆန်သော စီးပွားရေးသမားများကလည်း ဗီပီအဲန်(VPN)ထူ ထောင်ခွင့်ပေးရန် တောင်းဆိုခဲ့သည်။
(ခ) အွန်လိုင်းပေါ်မှထုတ်ဖော်ပြောဆိုရေးသားမှုများအပေါ် ဖမ်းဆီးအရေးယူမှုအခြေအနေများ
စစ်ကောင်စီသည် အင်တာနက်နှင့်မိုဘိုင်းဖုန်းလိုင်းများကို ပိတ်ပင်ထားရုံသာမက အင်တာနက်ပေါ်မှပြောဆိုရေးသားမှုများအ ပေါ် စောင့်ကြည့်အရေးယူမှုများကိုလည်း စဉ်ဆက်မပြတ်ပြုလုပ်လေ့ရှိသည်။ မြန်အောင်မြို့ အမှတ်(၅)ရပ်ကွက်တွင်နေထိုင်သော ‘မနန္ဒာ(ခ)မိဝဲ’ဆိုသူအား စစ်ကောင်စီကို လူမှုကွန်ရက်ပေါ်တွင်ဝေဖန်ရေးသားသည်ဟုဆိုကာ စစ်ကောင်စီတပ်သားများနှင့်ရဲများက ဖမ်းဆီးခဲ့သည်။ စစ်ကောင်စီလက်အောက်ခံ တယ်လီဂရမ်ချန်နယ်များဖြစ်သည့် ပြန်ကြားရေးဝန်ကြီးဌာန (MOI)နှင့် မြန်မာသတင်းစာ(Myanmar Newspapers)တယ်လီဂရမ်ချန်နယ်တို့၏ ဖော်ပြချက်များအရ ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း အွန်လိုင်းပေါ်မှပြောဆိုရေးသားမှုများကြောင့် အနည်းဆုံး(၅၇)ဦးခန့် ဖမ်းဆီးခံခဲ့ရပြီး အမျိုးသမီး(၁၉)ဦးခန့် ပါဝင်သည်။ ယခုလအတွင်း တစ်တော့ခ့် (TikTok)လူမှုကွန်ရက်အား ပိုမိုအသုံးပြုရန် စစ်ကောင်စီဝါဒဖြန့်သူများလုပ်ဆောင်လာသလို တစ်တော့ခ့်(TikTok)အား စောင့်ကြည့်မှုများလည်း ပိုမိုပြုလုပ်လာသည်။
ဖမ်းဆီးခံရသူများထဲမှ(၂၄)ဦးသည် တစ်တော့ခ့်(TikTok)အကောင့်များမှတစ်ဆင့် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ယခင်လများနှင့်နှိုင်းယှဉ်ပါက တစ်တော့ခ့်(TikTok)ကြောင့် ဖမ်းဆီးခံရသည့်အရေအတွက် သိသာစွာမြင့်တက်လာသည့် လတစ်လလည်းဖြစ်သည်။
(ဂ) လူထုအပေါ်စောင့်ကြည့်ခြေရာခံနိုင်ရေးအတွက် စစ်ကောင်စီ၏လုပ်ဆောင်လာမှု အခြေအနေများ
စစ်ကောင်စီသည် အင်တာနက်ပေါ်မှပြောဆိုရေးသားမှုများအပေါ် စောင့်ကြည့်ဖမ်းဆီးမှုများလုပ်ဆောင်ရုံသာမက လူထု၏ လှုပ်ရှားမှုများကိုလည်း စောင့်ကြည့်ထိန်းချုပ်ရန်နည်းမျိုးစုံဖြင့် ကြိုးပမ်းလျက်ရှိသည်။ လိုင်စင်မရှိဘဲ တရားမဝင်ဒစ်ဂျစ်တယ်ငွေကြေးများရောင်းဝယ်လဲလှယ်ခြင်း၊ နိုင်ငံခြားငွေကစားခြင်း၊ ဟွန်ဒီလုပ်ငန်းဆောင်ရွက်ခြင်းကြောင့်ဟုဆိုပြီး လူပုဂ္ဂိုလ် (၉၃)ဦးအား စစ်ကောင်စီဗဟိုဘဏ်က ယခုလအတွင်း အရေးယူခဲ့သည်။ အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် စျေးကွက်တန်ဖိုးနှင့်ကွာဟသည့် ငွေလဲနှုန်းသတ်မှတ်ချက်များကို ချမှတ်လုပ်ဆောင်လာခြင်းကြောင့် တရားဝင်နိုင်ငံခြားငွေလဲ လှယ်မှုအခြေအနေများ ဆုတ်ယုတ်ပျက်စီးသွားခဲ့ရသည်။
မှတ်ပုံတင်ခြင်းမပြုဘဲ အွန်လိုင်းစနစ်ဖြင့်ရောင်းချသော ကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်းများအား အရေးယူမည်ဟု စစ်ကောင်စီလက်အောက်ခံ စီးပွားကူးသန်းဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သေးသည်။ ပို့ကုန်ကုမ္ပဏီ(၁၂)ခုကို ပို့ကုန်ရ ငွေ အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၄၂ သန်းအား နှစ်ပတ်အတွင်းပေးသွင်းရန် စစ်ကောင်စီက ခြိမ်းခြောက်စာထုတ်ခဲ့သည်။
စစ်ကောင်စီသည် ပြည်ပမှပြန်လာသူများအား ပြန်လည်ထွက်ခွာရန်ကန့်သတ်မှုများ လုပ်ဆောင်လာသည့်အပြင် အလည်အ ပတ်နိုင်ငံကူးလက်မှတ်(VP)အသစ်ဖြင့် နိုင်ငံခြားထွက်ခွာမည့်သူများကိုပါ ထွက်ခွာခွင့်မပေးဘဲ ကန့်သတ်မှုများလုပ်ဆောင်လာခဲ့သည်။ စစ်ကောင်စီလက်အောက်တွင် နိုင်ငံသားများအနေဖြင့် လွတ်လပ်စွာခရီးသွားလာခွင့်ကိုပင်စောင့်ကြည့်ခံရသည့်အခြေအနေများနှင့်တွေ့ကြုံနေရသည်။
ထို့အပြင် စက်တင်ဘာလ(၃၁)ရက် ညသန်းခေါင်အချိန်မှစတင်ပြီး သန်းခေါင်းစာရင်းများကောက်ယူရန် စစ်ကောင်စီက စီစဉ်လျက်ရှိသည်။
(ဃ) သတင်းမီဒီယာလွတ်လပ်ခွင့်ဆိုင်ရာအခြေအနေများ
အာဏာသိမ်းပြီးနောက် သတင်းမီဒီယာလုပ်ငန်းများနှင့် သတင်းသမားများအပေါ် အပြင်းအထန်ဖိနှိပ်မှုများ စစ်ကောင်စီက လုပ်ဆောင်ခဲ့သည်ကို တွေ့ရသည်။ ကျိုက်ထိုတွင် စစ်ကောင်စီတပ် စီးနင်းပစ်ခတ်မှုကြောင့် ဒီဗွီဘီ(DVB CJ)သတင်း ထောက် ကိုဝင်းထွဋ်ဦး(ခ)ဖိုင်ဇယ်နှင့် အလွတ်တန်း သတင်းထောက် ကိုထက်မြတ်သူတို့ သေဆုံးခဲ့ရသည်။ Dawei Watch သတင်းဌာနမှ သတင်းထောက် ကိုမျိုးမြင့်ဦးကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းနှင့် ကိုအောင်ဆန်းဦးကို ထောင်ဒဏ်အနှစ် (၂၀) မြိတ်မြို့ စစ်ခုံရုံးက ချမှတ်ခဲ့သည့် သတင်းများထွက်ပေါ်လာခဲ့သည်။ Dawei Watch သတင်းသမား(၂)ဦးအား ထောင် ဒဏ်တစ်သက်တစ်ကျွန်းနှင့်နှစ်(၂၀)ချမှတ်ခံရခြင်းကို လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ(IPCM)က ကန့်ကွက်ရှုံ့ချခဲ့သည်။ ဖိနှိပ်မှု၊ ခြိမ်းခြောက်မှုပေါင်းစုံကို ရင်ဆိုင်နေရသည်ဟု လွတ်လပ်သောမြန်မာသတင်းစာဆရာများအစည်းအရုံး (IMJA)က ထုတ်ဖော်ပြောကြား ခဲ့သည်။
သတင်းသမားများနှင့်သတင်းမီဒီယာလုပ်ငန်းများအပေါ် စစ်ကောင်စီက နည်းမျိုးစုံဖြင့် ဖိနှိပ်နေချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်နယ်မြေဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)စိုးမိုးနယ်မြေအတွင်း လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ(IPCM)နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)တို့ တွေ့ဆုံဆွေးနွေးပြီး “KNU နယ်မြေ၌ သတင်းမီဒီယာမူဝါဒဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး” ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။
(၂) ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း ကြုံတွေ့ခဲ့ရသည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ် အနှစ်ချုပ်
(က) မိုဘိုင်းဖုန်းနှင့်အင်တာနက်ဖြတ်တောက်မှုအခြေအနေများ
(ခ) အွန်လိုင်းပေါ်မှထုတ်ပြောဆိုရေးသားမှုများအပေါ် ဖမ်းဆီးအရေးယူမှုအခြေအနေများ
(ဂ) လူထုအပေါ်စောင့်ကြည့်ခြေရာခံနိုင်ရေးအတွက် စစ်ကောင်စီ၏လုပ်ဆောင်လာမှုအခြေအနေများ
(က) မိုဘိုင်းဖုန်းနှင့်အင်တာနက်ဖြတ်တောက်မှုအခြေအနေများ
အာဏာသိမ်းကာလတစ်လျှောက်လုံး လူထု၏ဆက်သွယ်ရေးကဏ္ဍအား ဖိနှိပ်လာသောစစ်ကောင်စီသည် ၂၀၂၄ ခုနှစ် စက်တင် ဘာလအတွင်းတွင်လည်း အင်တာနက်နှင့်ဖုန်းလိုင်းဖြတ်တောက်မှုများ ဆက်လက်လုပ်ဆောင်နေသည်ကို တွေ့ရသည်။
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်အား စစ်ကောင်စီက ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ ဖြတ်တောက်ထားပြီး လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေသဖြင့် အရပ်သားထိခိုက်သေဆုံးမှုများဖြစ်ပေါ်ခဲ့သည်။ မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းရွာ လေကြောင်းတိုက်ခိုက်မှုတွင် ပြည်သူ(၃)ဦး သေဆုံးပြီး (၂)ဦးဒဏ်ရာရရှိခဲ့သည်။
ရခိုင်ပြည်နယ် မာန်အောင်ကျွန်းကိုလည်း စစ်ကောင်စီက စက်တင်ဘာလအတွင်း အင်တာနက်ဖြတ်တောက်မှုများ စတင်လုပ်ဆောင်ခဲ့သည်။ အင်တာနက်မဖြတ်တောက်ခင် ဩဂုတ်နှောင်းပိုင်းထဲက တိုက်ပွဲဖြစ်ပွား ခြင်းမရှိပဲ စစ်ကောင်စီက မာန်အောင်ကျွန်း အဝင်အထွက်များအား ပိတ်ဆို့ထားသဖြင့် ကုန်စည်စီးဆင်းမှုရပ်တန့်ပြီး ဆေးဝါးများလည်း ပြတ်တောက်နေသည်ဟု နိရဥ္စရာ(Narinjara)သတင်းဌာနက ဖော်ပြခဲ့သည်။ ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့တိုက်ပွဲများ ပြင်းထန်လာပြီးနောက် ရခိုင်ပြည်နယ်တစ်ခု လုံးနီးပါးသည် အင်တာနက်နှင့်ဖုန်းလိုင်းဆက်သွယ်ရေးအခက်အခဲများ ကြုံတွေ့နေရသည်။ ထိုကဲ့သို့ ဆက်သွယ်ရေးလိုင်းပြတ်တောက်မှုအခြေအနေကြောင့် ယခုလအ တွင်း ဖြစ်ပွားခဲ့သည့် ရာဂိမုန်တိုင်းသတင်းများကို မသိရသလို လူမှုစီးပွားလည်ပတ်မှုထိခိုက်သည့်အခြေအနေများကိုလည်း ဒေသခံများခံစားနေရသည်။ ရခိုင်ပြည်နယ်၏မြို့နယ်တစ်ခုဖြစ်သော မင်းပြားမြို့နယ်တွင်လည်း ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများဖြတ်တောက်ခံထားရသည့်အတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ရောက်ရှိရန်ခက်ခဲနေသည်ဟု ဧရာဝတီတိုင်းမ်(Ayarwaddy Times)သတင်းဌာနက ဆိုသည်။
ရာဂီမုန်တိုင်း၏အရှိန်ကြောင့် တောင်ကြီး၊ ညောင်ရွှေ၊ ရွှေညောင်၊ အင်းလေး၊ အောင်ပန်း၊ ကလော၊ တာချီလိတ် စသည့်မြို့နယ်များအပါအဝင် ပြည်နယ်နှင့်တိုင်း(၇)ခုရှိ မြို့နယ်ပေါင်း(၃၄)မြို့နယ်တွင် ရေကြီးရေလျှံမှုဘေးအန္တရာယ်များ ယ ခုလအတွင်း ကြုံတွေ့ခဲ့ရသည်။ ထိုကဲ့သို့ တိုင်းဒေသကြီးနှင့်ပြည်နယ် ထက်ဝက်ခန့် သဘာဝဘေးအန္တရာယ်များနှင့်ကြုံတွေ့နေ့စဉ်အတွင်း အင်တာနက်နှင့်မိုဘိုင်းဆက်သွယ်ရေးများဖြတ်တောက်ခံရသည့် ဒေသများသည် သတင်းအချက်အလက်ရရှိမှု ပိုမိုအားနည်းသောကြောင့် သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှု အားနည်းချက်များနှင့် ကယ်ဆယ်ရေးဆိုင်ရာနှောင့်နှေးမှုများကို ပိုမိုကြုံတွေ့ရသည်။ ညောင်လေးပင်ခရိုင်နှင့်တောင်ငူခရိုင်အတွင်းရှိ နယ်မြေများတွင် ဆက်သွယ်ရေးဖြတ်တောက်ခံရသည့်အတွက် ကယ်ဆယ်ရေးလုပ်ငန်းများနှောင့်နှေးဟု ဒေသခံနှင့်နယ်မြေတာဝန်ရှိသူများက ထုတ်ဖော်ပြောကြားခဲ့သည်။ ရာဂိမုန်တိုင်းကြောင့်ပျက်စီသွားသည့် ဆက်သွယ်ရေးစခန်း ၁,၅၀၀ ခန့်တွင့် ၁,၀၀၀ ခန့်အား ပြန်လည်ပြီးဟု စက်တင်ဘာလ(၂၃)ရက်နေ့တွင် စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့တွင် ဖုန်းနှင့်အင်တာနက်လိုင်းများ ပြတ်တောက်နေသည်မှာ နှစ်လကျော်ရှိလာပြီးဖြစ်ပြီး ချင်းပြည်နယ်တွင်လည်း ဟားခါးမှာလွဲ၍ မြို့နယ်အားလုံးတွင် ဖုန်းနှင့်အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည်။ ထိုဖုန်းနှင့်အင်တာနက်လိုင်းများ ဖြတ်တောက်ထားစဉ်အတွင်း စစ်ကောင်စီသည် ကျောက်မဲမြို့အတွင်း လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ပြီးခဲ့သည့် ဩဂုတ်လ(၂၇)ရက်နေ့ ညသန်းခေါင်အချိန်တွင် ကျောက်မဲမြို့ တိလင်ရပ်ကွက်ရှိ အထက(၂)ကျောင်းဝင်းအတွင်းသို့ စစ်ကောင်စီမှလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။
လေကြောင်းတိုက်ခိုက်ခံရသည့် ကျောက်မဲမြို့ အထက(၂)ကျောင်းကို ၂၀၂၄ ခုနှစ် ဩဂုတ်လ(၂၈)ရက်နေ့ မနက်ပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ - RFA)
အင်တာနက်ဖြတ်တောက်ခံထားရသည့်ဒေသတစ်ခုဖြစ်သော ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်း ဩဂုတ်လနှင့်စက်တင်ဘာလ နှစ်လအတွင်း စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှု(၄၄)ကြိမ်လုပ်ပြီး လူနေအိမ်(၃၆)လုံး မီးရှို့ဖျက်ဆီးသွားသည်ဟု မင်းတပ်ဒေသကာကွယ်ရေးအဖွဲ့က စက်တင်ဘာလ(၂၉)ရက်နေ့က ထုတ်ပြန်ခဲ့သည်။ အစီရင်ခံစာများအရ စက်တင်ဘာလ(၅)ရက်နှင့်(၆)ရက်နေ့များ၌ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးများအား လေ ကြောင်းတိုက်ခိုက်မှု(၅)ခုအတွင်း ကလေးငယ်အနည်းဆုံး(၁၀)ယောက် သေဆုံးစေသည့်အတွက် အထူးအံ့သြတုန်လှုပ်ရကြောင်း ကုလသမဂ္ဂကလေးများရံပုံငွေအဖွဲ့(UNICEF)က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
အင်တာနက်ဖြတ်တောက်ခံထားရသည့် လားရှိုးမြို့နေရာအချို့၌ စက်တင်ဘာလ(၇)ရက်နေ့က ဖုန်းနှင့်အင်တာနက်လိုင်းများ ပြန်လည်ရရှိပြီးနောက် စက်တင်ဘာလ(၁၃)ရက်နေ့တွင် ပြန်လည်ပြတ်တောက်သွားခဲ့သည်။ လားရှိုးမြို့ကို အမ်အဲန်ဒီအေအေ(MNDAA)က ဩဂုတ်လ(၃)ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက မြို့တွင်းသို့ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ခပ်စိပ်စိပ်လုပ်ဆောင်နေသည်။
“စစ်ကောင်စီတပ်ဟာ လားရှိုးမြို့ပေါ်နဲ့ကျေးရွာတွေက အရပ်သားပစ်မှတ်တွေကို(၁)လကျော်အတွင်း လေကြောင်းတိုက်ခိုက်မှုပေါင်း(၉)ကြိမ်ပြုလုပ်ခဲ့လို့ အရပ်သားသေဆုံးတာတွေလည်း ရှိနေသည်ဟု ဒီဗွီဘီ(DVB)သတင်းဌာနက စက်တင် ဘာလ(၂၈)ရက်နေ့တွင် ဖော်ပြထားသည်။
ရေးမြို့နယ်အတွင်း ကျေးရွာများတွင် နှစ်ဖက်တိုက်ပွဲများ မကြာခဏဖြစ်ပွားနေပြီး ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများလည်း ဖြတ်တောက်ခံနေရသည်။ အင်တာနက်ပြတ်တောက်နေသည့် ကချင်ပြည်နယ် ချီဖွေမြို့တွင်လည်း စစ်ကောင်စီနှင့်ကေအိုင်အေ(KIA)တိုက်ပွဲများ ပြင်းထန်နေသည်။
ကချင်ပြည်နယ်၏မြို့တော်ဖြစ်သည့် မြစ်ကြီးနားသည်လည်း အင်တာနက်ဖြတ်တောက်ခံရသည့်ဒေသထဲတွင်ပါဝင်လာပြီးနောက် အိုင်ပီစတား(IP Star)နှင့်စတားလင့်ခ့်(Starlink)အင်တာနက်များကို မိမိအစီအစဉ်ဖြင့် တပ်ဆင်အသုံးပြုမှုများရှိလာသည်။ စစ်ကောင်စီဘက်မှလည်း အိုင်ပီစတား(IP Star)နှင့်စတားလင့်ခ့်(Starlink)တပ်ဆင်ထားသော ဆိုင်တစ်ချို့နှင့်ဟိုတယ်ကို စစ်ဆေးရေးတင်းကြပ်ပြီး ဖမ်းဆီးမှုများ ပြုလုပ်လာသည်။ အင်တာနက်ဖြတ်တောက်ခံထားရသည့် မိုးကုတ်မြို့တွင်လည်း တီအဲန်အယ်အေ(TNLA)က စတားလင့်ခ့် (Starlink)အင်တာနက်ဖြင့် အင်တာနက်အခမဲ့အသုံးပြုခွင့်ရရန် စီစဉ်ပေးခြင်း၊ မိုးကုတ်မြို့ စီမံအုပ်ချုပ်ရေးကောင်စီက ပုဂ္ဂလိကစတားလင့်အင်တာနက်လုပ်ကိုင်ခွင့်တိုးချဲ့ပေးခြင်းစသည့် နည်းလမ်းများကိုအသုံးပြုပြီး အင်တာနက်အသုံးပြုနိုင်ရေးကို စီစဉ်ဆောင်ရွက်နေရသည်။ ကချင်ပြည်နယ်တွင်လည်း စတားလင့်ခ်(Starlink)အင်တာနက်တပ်ဆင်အသုံးပြုမှုပိုမိုများပြားလာပြီး အသုံးပြုခများအထိုက်အလျောက်ကျဆင်းလာသည်ကို တွေ့ ရသည်။
(ခ) အွန်လိုင်းပေါ်မှထုတ်ပြောဆိုရေးသားမှုများအပေါ် ဖမ်းဆီးအရေးယူမှုအခြေအနေများ
စက်တင်ဘာလ(၁၆)ရက်နေ့က ထုတ်ပြန်ခဲ့သည့် “Data for Myanmar”အဖွဲ့၏အစီအရင်ခံစာအရ စစ်အာဏာသိမ်းမှုစ တင်ပြီးနောက် စစ်တပ်ဆန့်ကျင်ရေးသားမှုများနှင့်ဒီမိုကရေစီလှုပ်ရှားမှုများကို အွန်လိုင်းပေါ်၌ ထောက်ခံရေးသားမှုများကြောင့် လူဦးရေ(၁,၆၉၁)ဦး အဖမ်းခံခဲ့ရသည်။ ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း၊ ပေါင်းတည်မြို့က ရေဘေးသင့်ရန်ပုံငွေဂီတဖျော်ဖြေပွဲတွင်သီချင်းဆိုသောစစ်ကောင်စီဗိုလ်မှူးဓာတ်ပုံကို လူမှုကွန်ရက်သို့တင်သည်ဟုဆိုကာ မြို့ခံလေးဦး ဖမ်းဆီးခံခဲ့ရသေးသည်။ စစ်ကောင်စီ၏တယ်လီဂရမ်ချန်နယ်များဖြစ်သော ပြန်ကြားရေးဝန်ကြီးဌာန(MOI)နှင့် မြန်မာသတင်းစာ (Myanmar Newspaper)တို့၏ထုတ်ပြန်ချက်များအရ လူမှုကွန်ရက်ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ(၅၈)ဦးခန့် ယခုလအတွင်းရှိခဲ့ပြီး အမျိုးသား(၄၅)ဦးနှင့်အမျိုးသမီး(၁၃)ဦးခန့် ဖြစ်သည်။ လူမှုကွန်ရက်အမျိုးအစားများအ ရ ခွဲခြားကြည့်ပါက ဖေ့ဘုတ်ခ့်ကြောင့်ဖမ်းဆီးခံရသူ(၂၈)ဦးနှင့်တစ့်တော့ခ့်(TitTok)ကြောင့်အဖမ်းခံရသူ(၂၈)ဦး အသီးသီးရှိသည်ကို တွေ့ရသည်။ တယ်လီဂရမ်(Telegram)နှင့်ဗိုက်ဗာ(Viber)တို့ကြောင့် ဖမ်းဆီးခံရသည့် အရေအတွက်မှာ(၂)ဦးခန့်သာ ရှိသည်။ စက်တင်ဘာလအတွင်း အွန်လိုင်းမှပြောဆိုရေးသားမှုများကြောင်း ဖမ်းဆီးခံရသူ(၅၈)ဦးရှိသည့်အနက် မန္တလေး တိုင်းဒေသကြီးတွင်(၂၁)ဦးအထိ ဖမ်းဆီးခံခဲ့ရပြီးအများဆုံးဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးမှ(၁၄)ဦးနှင့်ဒုတိယအများဆုံးဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးမှ(၁၁)ဦးနှင့်တတိယအများဆုံးဖြစ်သည်။ မန္တလေးတိုင်းဒေသကြီးတွင် ဖမ်းဆီးခံရမှုအများဆုံးမြို့ နယ်မှာ ပြည်ကြီးတံခွန်မြို့နယ်ဖြစ်ပြီး တစ်လအတွင်း(၈)ဦးခန့် ဖမ်းဆီးခံခဲ့ရသည်။
(ဂ) လူထုအပေါ်စောင့်ကြည့်ခြေရာခံနိုင်ရေးအတွက် စစ်ကောင်စီ၏လုပ်ဆောင်လာမှုအခြေအနေများ
ကေပေး(KBZ pay)ဖြင့် ရေဘေးအလှူငွေထည့်ဝင်သည့် ကေပေး(KBZpay)အကောင့်များအား ငွေကြေးချဝါချသည်ဟုဆိုပြီး ကေဘီဇက်(KBZ)ဘဏ်က ပိတ်ပင်ခဲ့သည့် ဖြစ်စဉ်များဖြစ်ပေါ်ခဲ့သည်ကို တွေ့ရသည်။ ယင်းအချက်ကိုကြည့်ပါက စစ်ကောင်စီသည် လူထု၏ငွေကြေးလွှဲပြောင်းမှုများကို စောင့်ကြည့်သည်ကို ထင်ရှားစွာတွေ့မြင်နိုင်သည်။ ထိုသို့စောင့်ကြည့်ထိန်း ချုပ်နိုင်ရန်အတွက် စစ်ကောင်စီသည် ငွေသားသုံးစွဲမှုအစား မိုဘိုင်းငွေကြေးဝန်ဆောင်မှုများမှတစ်ဆင့် ဒစ်ဂျစ်တယ်ငွေကြေးဖြင့် ရောင်းဝယ်ဖောက်ကားမှုများပြုလုပ်ရန် ယခင်လများထဲက ဖိအားပေးလုပ်ဆောင်နေသည်ကို တွေ့ရသည်။
(၃) ၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်း ကြုံတွေ့ခဲ့ရသည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ် အနှစ်ချုပ်
(က) မိုဘိုင်းဖုန်းနှင့်အင်တာနက်ဖြတ်တောက်မှုအခြေအနေများ
(ခ) အွန်လိုင်းပေါ်မှထုတ်ပြောဆိုရေးသားမှုများအပေါ် ဖမ်းဆီးအရေးယူမှုအခြေအနေများ
(ဂ) လူထုအပေါ်စောင့်ကြည့်ခြေရာခံနိုင်ရေးအတွက် စစ်ကောင်စီ၏လုပ်ဆောင်လာမှုအခြေအနေများ
(က) မိုဘိုင်းဖုန်းနှင့်အင်တာနက်ဖြတ်တောက်မှုအခြေအနေများ
ရက္ခိုင့်တပ်တော်(AA)နှင့်နေရာအနှံ့တိုက်ပွဲဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်အား ပြည်နယ်တစ်ခုလုံး အင်တာနက်နှင့်ဖုန်းလိုင်းဆက်သွယ်ရေးများကို စစ်ကောင်စီက ဖြတ်တောက်ပစ်ခဲ့သည်။ ဆက်သွယ်ရေးဖြတ်တောက်ခံရသော ရခိုင်ပြည်နယ်သည် စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများနှင့်လည်း ရင်ဆိုင်နေရသည်။ အောက်တိုဘာလ(၁၀)ရက်နေ့က ကျောက်တော်မြို့အား ဗုံကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သား(၈)ဦး ထိခိုက်သေဆုံးခဲ့သည်။ ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ ပြတ်တောက်သွားမှုကြောင့် ငွေလွှဲလုပ်ငန်းများရပ်တန့်သွားကာ ဒေသခံများသည် အခက်အခဲနှင့်အကျပ်အတည်းများကို ပိုမိုရင်ဆိုင်လာရသည်။ ရခိုင်ပြည်နယ်အတွင်း အင်တာနက်နှင့်ဖုန်းလိုင်းပြတ်တောက်မှုများကြောင့်ကြုံတွေ့နေရသော သတင်းအမှောင်ချခံရသည့်အ ခြေအနေအား ကျော်လွှားနိုင်ရန် ရခိုင်သတင်းသမားများစုပေါင်း၍ “အာရက္ခဒတ်ချ်- ARAKKADESH” အမည်ဖြင့် သတင်းဂျာနယ်တစ်စောင် ထုတ်ဝေခဲ့သည်ကိုလည်း တွေ့ရသည်။
ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နှင့်တိုက်ပွဲဖြစ်သွားနေသည့် ကချင်ပြည်နယ်တစ်ခုလုံးအား စစ်ကောင်စီသည် ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ ဖြတ်တောက်ထားသည်မှာလည်း (၂)လကျော်ခန့်ရှိလာပြီ ဖြစ်သည်။ ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ ပြတ်တောက်နေသည့်အပြင် လျှပ်စစ်မီးရရှိမှုအခက်အခဲပါ ဖြစ်ပေါ်နေသဖြင့် ဒေသခံများသည် သ တင်းရရှိရေးအတွက် ရေဒီယိုများကို ပြန်လည်အသုံးပြုလာရသည်။ ထိုသို့ အင်တာနက်ဖြတ်တောက်ခံထားရသော ကချင် ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် မိမိအစီအစဉ်ဖြင့်သုံးစွဲနေသော စတားလင့်ခ့်(Starlink)ဝိုင်ဖိုင်အင်တာနက်စက်များကိုလည်း စစ်ကောင်စီက လိုက်လံသိမ်းယူခဲ့သည်။
စစ်ကောင်စီတပ်များ အများအပြားတည်ရှိရာမြို့တစ်ခုဖြစ်သော ပြင်ဦးလွင်မြို့တွင်လည်း အင်တာနက်နှင့်ဖုန်းလိုင်းများ ပြတ်တောက်ခဲ့သည်ကို ယခုလအတွင်း တွေ့ရှိရသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စစ်လက်ရုံးလာရောက်ရွေးချယ်စဉ်ကလည်း ပြင်ဦးလွင်မြို့တွင် ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများအားလုံးကို (၅)ရက်ကြာ ဖြတ်တောက်ခံခဲ့ရသေးသည်။
မြိတ်ခရိုင်အတွင်းရှိ ကျွန်းစုမြို့နယ်နှင့်မောတောင်မြို့မှအပ ကျန်ဒေသများတွင် အမ်ပီတီ(MPT)ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ ပြတ်တောက်ခဲ့သည်။ မြိတ်၊ တနင်္သာရီနှင့် ပုလောတွင် အောက်တိုဘာ(၁၅)ရက်နေ့မှစတင်ပြီး အမ်ပီတီ (MPT)ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများပြတ်တောက်နေသည်ဟု ဘီအဲန်အိုင်(BNI)သတင်းဌာနက ရေးသားဖော်ပြထား သည်ကို တွေ့ရသည်။ တိုက်ပွဲများဖြစ်ပွားနေသည့် စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အားလည်း ဖုန်းလိုင်းအားလုံးဖြတ်တောက်ထားသည်မှာ (၅)လကျော်ရှိလာပြီဖြစ်သည်။ ရှမ်း ပြည်နယ်၊ ပင်လောင်းမြို့တွင်လည်း အင်တာနက်နှင့်ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေပြီး ဒေသခံများအနေဖြင့် အကူအညီမရဘဲ စားဝတ်နေရေးအခက်အခဲများဖြစ်ပေါ်နေသည်ဟု သ တင်းများအရ သိရသည်။
စစ်ကောင်စီ၏အင်တာနက်ဖြတ်တောက်မှုကြောင့် ဆက်သွယ်ရေးကွန်ရက်များ ပြတ်တောက်နေသည့် လားရှိုးဒေသခံများသည် စတားလင့်ခ့်(Starlink)အင်တာနက်ကို အားထားအသုံးပြုခဲ့ကြသည်။ စစ်ကောင်စီသည် လားရှိုးမြို့အား အမ်အမ်ဒီအေအေ(MMDAA)ထံတွင် လက်လွှတ်ခဲ့ရပြီးနောက် လေကြောင်းမှဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှုများကို ပြုလုပ်ခဲ့သည်။ ရှမ်းမြောက် လားရှိုးတွင် စက်တင်ဘာလမှ အောက်တိုဘာလ(၄)ရက်အထိ လေကြောင်းတိုက်ခိုက်မှု(၁၄)ကြိမ်ဖြစ်ခဲ့ပြီး ဒေသ ခံ(၈)ဦးသေဆုံးကာ (၅၅)ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ စစ်ကောင်စီ၏လေကြောင်းရန်ကြောင့်ဟုဆိုကာ အမ်အမ်ဒီအေအေ (MNDAA)က လားရှိုးမြို့အား ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ခဲ့သည်။ သို့သော်လည်း လားရှိုးမြို့အား စစ်ကောင်စီသည် ဆက်လက်ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်နေသည်။ အင်တာနက်သုံးစွဲမှု ထပ်မံကန့်သတ်ပြီးနောက် လားရှိုးမြို့ လုံခြုံရေးအခြေအနေနှင့်ပတ်သက်သော သတင်းတု/သတင်းအမှားများ ပိုမိုပျံ့နှံသည်လာဟု ရွှေဖီမြေသတင်းဌာနက ရေးသားခဲ့သည်။
စစ်ရေးသတင်းပေါက်ကြားမှုမဖြစ်ရန်ဆိုသော အကြောင်းပြချက်ဖြင့် အများပြည်သူအသုံးပြုနေသော စတားလင့်ခ့် (Starlink)အင်တာနက်ကို (၁)လပိတ်ရန် အဲန်ယူဂျီ(NUG)က စာထုတ်ခဲ့သည်ကိုလည်း တွေ့ရသည်။
နိုင်ငံတွင်း ဒေသအများအပြားကို အင်တာနက်ဆက်သွယ်ရေးဖြတ်တောက်ထားသည့် စစ်ကောင်စီသည်လည်း ယင်း ၏တပ်များ ဆက်သွယ်ရေးအဆင်ပြေနိုင်ရန်အတွက် စတားလင့်ခ့်(Starlink)ဂြိုဟ်တုအင်တာနက်အသုံးပြုနေရကြောင်း အ ထောက်အထားများ ပေါ်ပေါက်လာခဲ့သည်။ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲ ပြင်းထန်နေသောကာလအတွင်း ပင်လည်ဘူးရဲစခန်းအတွင်းသို့ စစ်ရဟတ်ယာဉ်ဖြင့် ပစ္စည်းများချပေးစဉ် တော်လှန်ရေးတပ်ဖွဲ့များက သိမ်းဆည်းရမိသောပစ္စည်းများတွင် စတားလင့်ခ့်စက်(Starlink Device)တစ်ခု ပါဝင်နေသည်ကို တွေ့ရှိခဲ့ရသည်။
Freedom House ၏ နှစ်စဉ်အင်တာနက်လွတ်လပ်ခွင့်(Freedom on the Net)အစီရင်ခံစာအရ တရုတ်နှင့်မြန် မာနိုင်ငံသည် အင်တာနက်လွတ်လပ်ခွင့် အချိုးဖောက်ဆုံးနိုင်ငံနှစ်ခုအဖြစ်ပူးတွဲဖော်ပြခံရသည်အထိ မြန်မာနိုင်ငံ၏အင်တာနက်လွတ်လပ်ခွင့်အခြေအနေမှာ ဆိုးရွားလာသည်။ အစီရင်ခံစာအရ အင်တာနက်လွတ်လပ်ခွင့်တိုင်းတာမှုတွင် အမှတ် (၁၀၀)အနက်(၉)မှတ်သာရခဲ့သည်။ ပြီးခဲ့သည့်နှစ်ထက် တစ်မှတ် ထပ်မံလျော့ကျ သွားခဲ့သည်။
(ခ) အွန်လိုင်းပေါ်မှထုတ်ပြောဆိုရေးသားမှုများအပေါ် ဖမ်းဆီးအရေးယူမှုအခြေအနေများ
အကျဉ်းထောင်အသီးသီးမှ လွတ်ရက်စေ့သဖြင့် ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများကို စစ်ကောင်စီက ပြန်လည်ဖမ်းဆီးမှုများ ဥပဒေမဲ့ပြုလုပ်နေသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ထုတ်ဖော်ပြောကြားခဲ့သည်။ ထိုသို့ပြုလုပ်ခြင်းသည် လူတစ်ဦး၏လွတ်လပ်စွာ သွားလာခွင့်၊ ထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်ပင်တားဆီးခြင်းဖြစ်ပြီး လူ့အခွင့်အရေးကို ဆိုးရွားစွာချိုးဖောက်ခြင်းဖြစ်သည်ဟု ပီပီအဲန်အမ်(PPNM)က ထုတ်ဖော်ပြောကြားခဲ့သည်ကိုလည်း ယခုလအတွင်း တွေ့ရှိရသည်။
အာဏာရှင်ဟောင်းသန်းရွေ၏ သားမက်ဟောင်းဖြစ်သူ ဒေါက်တာနေစိုးမောင်အား ပြည်ကြီးတံခွန်မြို့မရဲ စခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း အောက်တိုဘာလ(၂၄)ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။ ဒေါက်တာနေစိုးမောင်သည် အာ ဏာရှင်လက်သစ် မင်းအောင်လှိုင်အစိုးရအား လူမှုကွန်ရက်မှတစ်ဆင့် မထိတထိဝေဖန်လေ့ ရှိသူဖြစ်သည်။ အဆိုပါဖြစ်ရပ်ကိုကြည့်ပါက စစ်ကောင်စီသည် ယင်းတို့အား ဝေဖန်သူမည်သူ့မဆိုကိုဖိနှိပ်ရန် အဆင်သင့်ဖြစ်နေကြောင်း ထင်ရှားသည်။
ဒီချုပ်အစိုးရလက်ထက် မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဝန်ကြီးချုပ်၏ ဈာပနပြီးနောက် “We Free” တီရှပ်အား ဝတ်ဆင်ကာ
ယင်း၏ဖေ့ဘွတ်ခ့်(Facebook)စာမျက်နှာမှ ဆုတောင်းပေးခဲ့သူ ဒေါက်တာနေစိုးမောင်
စစ်ကောင်စီ၏တယ်လီဂရမ်ချန်နယ်များဖြစ်သော ပြန်ကြားရေးဝန်ကြီးဌာန(MOI)နှင့်မြန်မာ့သတင်းစာ (Myanmar Newspaper)တို့၏ထုတ်ပြန်ချက်များအရ ယခုလအတွင်း လူမှုကွန်ရက်ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ(၂၈)ဦးခန့်ရှိသည်။ အမျိုးသား(၂၁)ဦးနှင့်အမျိုးသမီး(၇)ဦးခန့် ဖြစ်သည်။ လူမှုကွန်ရက်များအရ ခွဲခြားကြည့်ပါက ဖေ့ဘုတ်ခ့်ကြောင့်ဖမ်းဆီးခံရသူ(၂၂)ဦးနှင့်တစ့်တော့ခ့်(TitTok)ကြောင့် အဖမ်းခံရသူ(၆)ဦး အသီးသီးရှိသည်ကို တွေ့ရသည်။
(ဂ) လူထုအပေါ်စောင့်ကြည့်ခြေရာခံနိုင်ရေးအတွက် စစ်ကောင်စီ၏လုပ်ဆောင်လာမှုအခြေအနေများ
စစ်ကောင်စီသည် လူထု၏သတင်းအချက်အလက်ရရှိမှုအပေါ် အပြင်းအထန်ဖိနှိပ်နေသကဲ့သို့ လူထုအားအစုလိုက်အပြုံ လိုက် စောင့်ကြည့်နိုင်ရေးအတွက်လည်း အချက်အလက်ကောက်ခံရရှိနိုင်ရေးကို နည်းမျိုးစုံဖြင့် တစ်ဖက်မှကြိုးပမ်းနေသည်ကို တွေ့ရသည်။
ရွေးကောက်ပွဲအကြောင်းပြချက်ဖြင့် အောက်တိုဘာလ(၁)ရက်နေ့မှ (၁၅)ရက်နေ့အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သန်းခေါင်စာရင်းကောက်ယူမှုကို စစ်ကောင်စီက လုပ်ဆောင်ခဲ့သည်။ သန်းခေါင်စာရင်းကောက်ယူသည့်အချိန်အတွက် အိမ်ထောင်စုအကြောင်းဖြေကြားပေးနိုင်သူတစ်ဦး နေအိမ်၌စောင့်နေရန်နှင့် ပူးပေါင်းပါဝင်မှုမရှိပါက အရေးယူမည်ဆိုသည့်ခြိမ်းခြောက်မှုများကို စစ်ကောင်စီက လုပ်ဆောင်ခဲ့သည်။ ထို့အပြင် သန်းခေါင်စာရင်းကောက်ယူရာတွင် အားဖြည့်ကူညီရန်အ တွက် ဆရာ/ဆရာမများအားလည်း ဖိအားပေးခြိမ်းခြောက်မှုများကို စစ်ကောင်စီက ပြုလုပ်ခဲ့သည်။
အလည်အမျိုးအစားနိုင်ငံကူးလက်မှတ်(Passport)ကိုင်ဆောင်သူများကို ပြည်ပအလုပ်အကိုင်အတွက် လေဆိပ်မှ ထွက်ခွာခွင့်မပြုကြောင်း စစ်ကောင်စီက ထပ်မံကြေညာခဲ့သည်။ စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက်ပိုင်းတွင် လူငယ်များ၏ ပြည်ပထွက်ခွာမှုများကို စောင့်ကြည့်ထိန်းချုပ်မှုများ တင်းကြပ်စွာ လုပ်ဆောင်လာသည်။ ဒီချုပ်(NLD)အစိုးရလက်ထက်က မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ဝန်ကြီးချုပ်အဖြစ်တာဝန်ယူခဲ့သည့် ဒေါက်တာဇော်မြင့်မောင်၏နာရေးမှ ပြန်လာသော ဆိုင်ကယ်များနှင့်ဖုန်းများကိုလည်း စစ်ကောင်စီတပ်သားများက မန္တလေးတွင် ပစ်မှတ်ထားစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ကိုလည်း တွေ့ရသည်။ မည်သည့်အကြောင်းပြချက်ကြောင့်မှန်းမသိဘဲ ရခိုင်-မြန်မာတေးသံရှင်နှင့်ပိုးထည်တိုက်ပိုင်ရှင် မဆုမြတ်ထက်အား နေအိမ်၌ စစ်ကောင်စီတပ်က သွားရောက်ဖမ်းဆီးခြင်းများကို ပြုလုပ်ခဲ့ကြောင်း တွေ့ရသည်။ မြန်မာရုပ်ရှင်ဇာတ်ကားအား ဝေဖန်ရေးသားခဲ့သော ကိုရှိုင်းထက်အောင် (ခ) ဗွီးထက်ကူးမားကို နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးပျက်ပြားအောင် လူမှုကွန်ရက်စာမျက်နှာကနေ လှုံ့ဆော်ဝါဒဖြန့်သည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးခဲ့သည်ကိုလည်းတွေ့ရသည်။
Recommended Citation Style –
Myanmar Internet Project (2024, November 10). Myanmar Digital Coup quarterly: August 2024 to October 2024. https://www.myanmarinternet.info/my/post/quartely_report_aug_sep_2024
Commentaires