၂၀၂၂ ခုနှစ် ဩဂုတ်လမှ အောက်တိုဘာလအတွင်း ကြုံတွေ့ခဲ့ရသည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်များ မြန်မာ့စစ်အာဏာသိမ်းမှု (၂)နှစ်ပြည့်မြောက်ရန် (၃)လကာလသာလိုတော့သည်။ စစ်အာဏာသိမ်းမှု အချိန်ကြာမြင့်လာသည် နှင့်အမျှ တော်လှန်ရေးအင်အားစုများ၏ အရှိန်အဟုန်မြှင့် တုန့်ပြန်မှုများသည်လည်း ပိုမိုပြင်းထန်လာသည်။ စစ်အာဏာရှင်အင်အားစုဘက်မှလည်း တော်လှန်အရေးအရှိန်နှေးကွေး ကျဆင်းလာရေးအတွက် နည်းလမ်းပေါင်းစုံအသုံးပြု၍ လုပ်ကိုင်နေ သည်ကို တွေ့ရသည်။ ထိုသို့လုပ်ဆောင်ချက်များထဲတွင် တော်လှန်ရေးငွေကြေးစီးဆင်မှု ပြတ်တောက်ရေးသည် စစ်ကောင်စီအထူးလိုလားသည့် ကိစ္စရပ်တစ်ခုဖြစ်သည်။ အွန်လိုင်းအခြေပြုလှုပ်ရှားများကို တော်လှန်ရေးရန်ပုံငွေရရှိရေး အဓိကရင်းမြစ်အဖြစ် တော်လှန်ရေးအင်အားစုများက အားပြုထားရသည်။ အဆိုပါရင်းမြစ်အား ဖြတ်တောက်ပစ်နိုင်ရေးကို စစ်ကောင်စီကလည်း အားစိုက်လုပ်ဆောင်လာသည်ကို ၂၀၂၂ ခုနှစ် ဩဂုတ်လမှ အောက်တိုဘာလအတွင်းတွေ့ရသော ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်များတွင် သိသာထင်ရှားစွာတွေ့လာရသည်။ စစ်ကောင်စီသည် ငွေကြေးစီးဆင်းမှုဖြတ်တောက်ရေးကိုသာမက အွန်လိုင်းပေါ်မှသတင်းစီးဆင်းမှုများကိုစောင့်ကြည့်နိုင်ရေး၊ အင်တာနက်သုံးစွဲသူများ စိတ်မလုံခြုံသောအခြေအနေတစ်ခုဖြင့် အင်တာနက်သုံးစွဲနေရသည့်အခြေအနေမျိုးအဖြစ် ပုံဖော်နိုင်ရေးကဲ့သို့သော အခြေအနေများကိုလည်း တောက်လျှောက်လုပ်ဆောင်လျက်ရှိသည်။ ယခုဆောင်းပါးတွင် ၂၀၂၂ ခုနှစ် ဩဂုတ်လမှ အောက်တိုဘာလ(သုံးလတာကာလ)အတွင်းဖြစ်ပျက်ခဲ့သည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်များနှင့်ပတ်သက်သည့် တွေ့ရှိချက်များကို စုစည်းဖော်ပြပါသွားမည်။
၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်း ကြုံတွေ့ခဲ့ရသည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ် အနှစ်ချုပ်
(က) ဩဂုတ်လအတွင်း ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းဖြတ်တောက်ခံရမှုဖြစ်စဉ်များ
(၁) အင်းတော်မြို့အတွင်း အင်တာနက်နှင့် ဖုန်းလိုင်းများ ဖြတ်တောက်ခံရမှုဖြစ်စဉ် (၂) စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့တွင် ဖုန်းလိုင်းများ မကြာခဏ ပြတ်တောက်မှုဖြစ်စဉ် (၃) နိုင်ငံတစ်ဝှမ်းလုံး အင်တာနက်နှေးကွေး ပြတ်တောက်မှုဖြစ်စဉ် (၄) ရခိုင်ပြည်နယ်၊ မောင်းတောမြောက်ပိုင်း ဖုန်းလိုင်းပြတ်တောက်မှုဖြစ်စဉ် (၅) ဖိုက်ဘာအင်တာနက်ကြိုးများ လိုက်လံဖြတ်တောက်မှုဖြစ်စဉ်
(ခ) အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေအား ပြန်လည်အသုံးချလာမှုဖြစ်စဉ်
(ဂ) ငွေကြေးလွှဲပြောင်းမှုများအပေါ် စစ်ကောင်စီ၏ တိုးမြှင့်စောင့်ကြည့်ခြင်းဖြစ်စဉ်
(ဃ) စစ်ကောင်စီ၏ လူမှုကွန်ယက်အစားထိုးအိပ်မက်
(က) ဩဂုတ်လအတွင်း ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းဖြတ်တောက်ခံရမှုဖြစ်စဉ်များ စစ်ကောင်စီသည် အာဏာသိမ်းမှုနောက်ပိုင်းတွင် သတင်းဆက်သွယ်ရေးဆိုင်ရာကန့်သတ်ထိန်းချုပ်မှုများကို ပြုလုပ်နိုင်ရန်အတွက် အင်တာနက်နှင့် ဖုန်းလိုင်းဖြတ်တောက်မှုဖြစ်စဉ်များကို တောက်လျှောက်လုပ်ဆောင်ခဲ့သည်။ ယခုလအတွင်းတွင်လည်း အင်တာနက်နှင့် ဖုန်းလိုင်းများဖြတ်တောက်သည့်ထပ်တိုးဖြစ်စဉ်အချို့ကို တွေ့ရှိခဲ့ရသည်။ တွေ့ရှိခဲ့ရသည့်ဖြစ်စဉ်များကို အောက်ဖော်ပြပါအတိုင်း အသေးစိတ်ဆက်လက်ဖော်ပြပါမည်။
(၁) အင်းတော်မြို့အတွင်း အင်တာနက်နှင့် ဖုန်းလိုင်းများ ဖြတ်တောက်ခံရမှု ဖြစ်စဉ် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အင်းတော်မြို့နယ်တွင် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည်မှာ(၅)လခန့်ကြာ မြင့်ခဲ့ပြီးဖြစ်ပြီး ဩဂုတ်လ(၁)ရက်နေ့မှစတင်ကာ မိုဘိုင်းဖုန်းဆက်သွယ်မှုများပါ ဖြတ်တောက်ခံခဲ့ရပြန်သည်။ ဖုန်းလိုင်းများ ဖြတ်တောက်ခံရသည့်ယခုကာလတွင် အင်းတော်ဒေသအနောက်ဘက်ခြမ်းတွင် နှစ်ဘက်တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု အာရ်အက်ဖ်အေ(RFA)သတင်းဌာန၏ သတင်းဖော်ပြချက်အရ တွေ့ရှိရသည်။
(၂) စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့တွင် ဖုန်းလိုင်းများ မကြာခဏ ပြတ်တောက်မှုဖြစ်စဉ်
စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့တွင် ဩဂုတ်လ(၈)ရက်နေ့မှစတင်ပြီး အက်တမ်(ATOM)ဖုန်းလိုင်းများ မကြာခဏ ပြတ်တောက်မှုများဖြစ်ပေါ်ခဲ့သည့်အပြင် မြန်မာ့ဆက်သွယ်ရေး(MPT)ဖုန်းလိုင်းများလဲ အဝင်ခေါ်ဆိုမှုခက်ခဲသည့်အခြေအနေ များဖြစ်ပေါ်နေသည်ဟု ဒေသတွင်းအခြေစိုက်အရာတော်ပိုစ့်၏ သတင်းရင်းမြစ်ကိုကိုးကားပြီး People’s Spring က ဖော်ပြထားသည်ကို တွေ့ရသည်။ ယင်းဖြစ်စဉ်များမတိုင်မီ ရက်ပိုင်းက စစ်ကောင်စီနှင့် ဒေသတွင်း PDF များ၏ ထိတွေ့မှု ပြင်းထန်သည့် အခြေအနေများလဲ ဖြစ်ပေါ်ခဲ့သည်ဟု သတင်းရင်းမြစ်က ဖော်ပြထားသည်။
အရာတော်မြို့နယ်သည် ၂၀၂၁ ခုနှစ် စက်တင်ဘာလမှစတင်ပြီ မိုဘိုင်းအင်တာနက်အသုံးပြုနိုင်မှုကို ဖြတ်တောက်ခံ ထားရသည့် စစ်ကိုင်းတိုင်းဒေသတွင်းရှိမြို့နယ်များထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။ ထို့အပြင် မြိုင်မြို့နယ်တောင်ပိုင်းတွင် လည်း ဩဂုတ်လ(၂၁)ရက်နေ့မှစတင်ကာ ဖုန်းလိုင်းများ ဖြတ်တောက်ခံခဲ့ရသည်။
(၃) နိုင်ငံတစ်ဝှမ်းလုံး အင်တာနက်နှေးကွေး ပြတ်တောက်မှုဖြစ်စဉ်
မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ဩဂုတ်လ(၁၀)ရက်နေ့ ည(၁၁)နာရီမှစတင်ပြီး ဩဂုတ်လ(၁၁)ရက်နေ့ ညနေပိုင်းအထိ အင်တာနက်လိုင်းများနှေးကွေးခြင်းနှင့် အချို့သော အင်တာနက်သုံးစွဲသူများအနေဖြင့် သုံးစွဲ၍မရခြင်းများ ဖြစ်ပေါ်ခဲ့သည်။ ဘီဘီစီမြန်မာပိုင်း(BBC)သတင်းဌာန၏ ဖော်ပြချက်အရ ထိုကဲ့သို့ နှေးကွေးရသောဖြစ်စဉ်သည် ပင်လယ်ရေအောက် အင်တာနက် ဖိုက်ဘာဆက်ကြောင်း(SEA-ME-WE 5)အပြစ်ဖြစ်ပေါ်ခဲ့ခြင်းကြောင့်ဟု သိရသည်။
(၄) ရခိုင်ပြည်နယ်၊ မောင်းတောမြောက်ပိုင်း ဖုန်းလိုင်းပြတ်တောက်မှုဖြစ်စဉ် ရခိုင်ပြည်နယ်၊ မောင်းတောမြို့ ကြိမ်ချောင်းအထက်ပိုင်းရှိ တောင်ပြို၊ ခမောင်းဆိပ်နှင့် ဗန္ဓုလကျေးရွာများအပါအဝင် ကျေး ရွာ(၃၀)ကျော်သည် ဩဂုတ်လ(၂၉)ရက်နေ့မှစတင်ကာ ဖုန်းလိုင်းများ ပြတ်တောက်နေသည်ဟု သိရှိရသည်။ ထိုကဲ့သို့ မောင်းတောမြို့ မြောက်ပိုင်းဒေသများတွင် ဖုန်းလိုင်းများဖြတ်တောက်ခံထားရသည့်အချိန်တွင် မောင်းတောမြောက်ပိုင်းရှိ ခမောင်းဆိပ်ဗျူဟာကုန်းတွင် ဩဂုတ်လ(၂၆)ရက်နေ့ မနက်ပိုင်းမှစတင်ပြီး အေအေ(AA)နှင့် စစ်ကောင်စီတပ်များကြား တိုက်ပွဲပြင်း ထန်နေသည့် အချိန်လည်းဖြစ်သည်။
(၅) ဖိုက်ဘာအင်တာနက်ကြိုးများ လိုက်လံဖြတ်တောက်မှုဖြစ်စဉ် စစ်ကောင်စီသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဓာတ်တိုင်များတွင် ချိတ်ဆက်သွယ်တန်းထားသော ဖိုက်ဘာအင်တာနက်ကြိုးများကို ဩဂုတ်လ(၂၈)ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းနှင့် စည်ပင်တို့ ပူးပေါင်းကာ လိုက်လံဖြတ်တောက်မှုများ ပြုလုပ်ခဲ့သည်။ ယင်းကဲ့သို့ လုပ်ဆောင်မှုကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အင်းစိန်မြို့နယ်၊ လှိုင်မြို့နယ်နှင့် လှိုင်သာယာမြို့နယ်များအပါအဝင် အချို့သော မြို့နယ်များတွင် ဖိုင်ဘာအင်တာနက်(Fiber Internet)သုံးစွဲမှုမရခြင်းများဖြစ်ပေါ်ခဲ့သည်။ ဓာတ်တိုင်များပေါ်တွင် သွယ်တန်းထားသည့် ဖိုက်ဘာကြိုးများကို ကုမ္ပဏီများ၊ အဖွဲ့အစည်းများအနေဖြင့်ဖယ်ရှားပေးရန် စစ်ကောင်စီလက်အောက်ခံ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ(၁၈)ရက်နေ့၌ ကြေညာခဲ့ပြီးနောက် ယခုကဲ့သို့ လုပ်ဆောင်မှုများပေါ်ပေါက်လာခြင်းဖြစ်သည်။ အထက်ပါဖြစ်စဉ်များကို လေ့လာကြည့်ပါက စစ်ကောင်စီသည် မိုဘိုင်းဖုန်းနှင့် အင်တာနက်ဖြတ်တောက်မှုများကို ပုံစံအမျိုးမျိုးဖြင့် ဆက်လက်လုပ်ဆောင်နိုင်ရန် ကြိုးပမ်းနေမှုများမှာ လျော့နည်းသွားခြင်းမရှိကြောင်း ထင်ရှားနေသည်။
(ခ) အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေအား ပြန်လည်အသုံးချလာခြင်း မော်ဒယ်သရုပ်ဆောင်များဖြစ်ကြသည့် “သင်ဇာဝင့်ကျော်”နှင့် “နန်းမွေစံ”တို့ကို ညစ်ညမ်းဗီဒီယိုများရိုက်ကူးခြင်းကြောင့် အမျိုး သားယဉ်ကျေးမှုကို ထိခိုက်စေသည်ဟူသောအကြောင်းပြချက်ဖြင့် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ၊ ပုဒ်မ ၃၃ (က)ဖြင့် အမှုဖွင့်ဖမ်းဆီးခဲ့သည်ကို တွေ့ရသည်။ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ၊ ပုဒ်မ ၃၃ (က)၏အဓိပ္ပါယ်ဖွင့်ဆိုချက်တွင် “နိုင်ငံတော်၏လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေး၊ တိုင်းရင်း သားစည်းလုံးညီညွတ်ရေး၊ နိုင်ငံတော်၏ စီးပွားရေး သို့မဟုတ် အမျိုးသားယဉ်ကျေးမှုကို ထိခိုက်စေသည့် ပြုလုပ်မှုတစ်ရပ်ရပ်ကို ပြုလုပ်ခြင်း”ဟုဖော်ပြထားသည်။ ထို့နောက် စက်တင်ဘာလ(၂၇)ရက်နေ့တွင် မော်ဒယ်“နန်းမွေ့စံ”အား အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ၊ ပုဒ်မ ၃၃ (က)ဖြင့် စစ်ခုံရုံးက ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့သည်။
“သင်ဇာဝင့်ကျော်”နှင့် “နန်းမွေစံ” တို့ ဖမ်းဆီးခံရမှု နှင့်ပါတ်သက်ပြီး RFA သတင်းဋ္ဌာနပါ ဖော်ပြချက်
“ဆက်သွယ်ရေးဥပဒေ”ကဲ့သို့ဥပဒေများ မပေါ်ပေါက်ခင်ကာလက “အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ”သည် တက်ကြွလှုပ်ရှားသူများ၏ အွန်လိုင်းပေါ်မှာရေးသားချက်များအပါအဝင် ဆက်သွယ်ပြောဆိုမှုဆိုင်ရာကိစ္စရပ်များအား ဖိနှိပ်ကိုင်တွယ်နိုင်ရန်အတွက်အသုံးပြုခဲ့သောဥပဒေတစ်ခုဖြစ်သည်။ ဘလော့ဂါနေဘုန်းလတ်(ယင်းဥပဒေဖြင့် ထိန်းသိမ်းခံရစဉ်က လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအဖြစ်မဟုတ်ပဲ ဘလော့ဂါတစ်ဦးအနေဖြင့် အရေးယူခံခဲ့ရသည်။)၊ ရုပ် ရှင်သရုပ်ဆောင်ဇာဂနာနှင့် (၈၈)မျိုးဆက်မှဦးကိုကိုကြီးတို့အပါအဝင် တက်ကြွလှုပ်ရှားသူအများအပြားသည် ယင်းဥပဒေဖြင့် ထောင်အသီးသီးကျခံခဲ့ရဖူးသည့်ဖြစ်စဉ်များရှိခဲ့ပြီး ယခုဖြစ်စဉ်တွင် စစ်ကောင်စီသည် ယင်းဥပဒေကို ပြန်လည်၍ထုတ်သုံးလာသည်ကို တွေ့ရသည်။
(ဂ) ငွေကြေးလွှဲပြောင်းမှုများအပေါ် စစ်ကောင်စီ၏ တိုးမြှင့်စောင့်ကြည့်ခြင်းဖြစ်စဉ် စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်သည် တော်လှန်ရေးဆိုင်ရာငွေကြေးစီးဆင်းမှုကို ဖြတ်တောက်ဟန့်တားလိုသည့်ရည် ရွယ်ချက်ဖြင့် ငွေကြေးဝန်ဆောင်မှုပေးသောအဖွဲ့အစည်းများအား ပိုမိုတင်းကြပ်သည့်စိစစ်မှုများလုပ်ဆောင်ရန် ညွှန်ကြားသည့် ညွှန်ကြားစာတစ်ခုအား ဩဂုတ်လ(၁၈)ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။ ယင်းထုတ်ပြန်ချက်တွင် ကိုယ် စားလှယ်များထံလာရောက်သော ငွေလွှဲသူနှင့် ငွေလက်ခံသူများ၏ အမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်နှင့် မှတ်ပုံတင်အမှတ်များကို တောင်းခံရထားရမည်ဖြစ်ပြီး မှတ်ပုံတင်ရှေ့နောက်များကိုပါ မိတ္တူကူးယူထားရန်အထိ ညွှန်ကြားထားသည်ကို တွေ့ရသည်။ မိုဘိုင်းအက်ပလီကေးရှင်း(Mobile Application)အသုံးပြုငွေလွှဲသူများ၏ အချက်အလက်များ ရယူထားနိုင်ရေးအ တွက် Level တိုးမြှင့်ဆောင်ရွက်မှုများ မဖြစ်မနေပြုလုပ်ရန်လည်း ညွှန်ကြားထားသည်ကို တွေ့ရှိရသည်။ ထို့အပြင် ငွေလွှဲ၊ ငွေထုတ်ပြုလုပ်သူများအား မှတ်တမ်းတင်ထားရှိနိုင်ရေးအတွက် သက်ဆိုင်ရာဆိုင်များတွင် စောင့်ကြည့်ရေးကင်မရာ(CCT V)များတပ်ဆင်ထားခြင်း၊ လျှို့ဝှက်ဓာတ်ပုံရိုက်ယူမူများပြုလုပ်ထားခြင်းတို့ကိုပါဆောင်ရွက်ထားရန် ယင်းညွှန်ကြားစာတွင်ပါရှိ သည်။ ယင်းညွှန်ကြားချက်ပါ အချက်အလက်များသည် စစ်ကောင်စီလက်အောင်တွင် လူပုဂ္ဂိုလ်တစ်ဦးခြင်း၏ ပုဂ္ဂလိကဆိုင် ရာလွတ်လပ်ခွင့်ကိုပါ ပြောင်ပြောင်တင်းတင်းချိုးဖောက်သည့်ဖြစ်စဉ်တစ်ခုအဖြစ် ထင်ရှားသောအချက်အလက်များပါရှိသည့် ညွှန်ကြားချက်ဖြစ်သည်။
ငွေကြေးလွှဲပြောင်းမှုများအတွက် ဗဟိုဘဏ်၏ ထုတ်ပြန်ချက်
(ဃ) စစ်ကောင်စီ၏ လူမှုကွန်ရက်အစားထိုးအိပ်မက် အာဏာသိမ်းချိန်းမှစ၍ အွန်လိုင်းသတင်းအချက်အလက်စီးဆင်းမှုကို ထိန်းချုပ်နိုင်ရန်ခက်ခဲခြင်းနှင့် တော်လှန်ရေးရန်ပုံငွေရ ရှိရေးအတွက် အွန်လိုင်းအခြေပြုရန်ပုံငွေရှာရေးလှုပ်ရှားမှုများကို ထိန်းချုပ်နိုင်ရန်အားနည်းခြင်းများသည် စစ်ကောင်စီအား အဓိကထိုးနှက်နေသည့် ထိုးနှက်ချက်တစ်ခုဖြစ်နေသည်။ ယင်းအခြေအနေများကို တုန့်ပြန်နိုင်ရန်အတွက် စစ်ကောင်စီသည် အင်တာနက်လိုင်းများအား ဖြတ်တောက်ခြင်း၊ အ သုံးပြုသူများပြားသောလူမှုကွန်ရက်မီဒီယာ(Social Media)များအားပိတ်ထားခြင်း၊ လမ်းသွားလမ်းလာပြည်သူများ၏ မိုဘိုင်း ဖုန်းများအား စိစစ်ခြင်းအပါအဝင် နည်းလမ်းမျိုးစုံကိုအသုံးပြု၍ ထိန်းချုပ်နိုင်ရန် ကြိုးစားခဲ့သည်။ သို့သော်လည်း ယခုအချိန်အထိ သိသာထင်ရှားသည့်ထိန်းချုပ်နိုင်မှုများ ရှိမနေသည်ကို တွေ့ရသည်။ ထိုသို့မထိန်းချုပ်နိုင်ရုံသာမက စစ်ကောင်စီ၏ ဝါဒ ဖြန့်မီဒီယာစာမျက်နှာများပင်လျှင် ယင်းလူမှုကွန်ရက်မီဒီယာ(Social Media Platform)များပေါ်သို့ တက်မလာနိုင်သည်အထိ အခြေအနေဆိုးများဖြင့် ကြုံတွေ့နေရသည်။ ယင်းအခြေအနေကိုကျော်လွှားနိုင်ရန်အတွက် စစ်ကောင်စီသည် လက်ရှိအသုံးပြုနေသည့်လူမှုကွန်ရက်မီဒီယာများ၏ နေရာတွင် ၎င်းတို့စိတ်တိုင်းကျချယ်လှယ်နိုင်သည့် လူမှုကွန်ရက်မီဒီယာ(Social Media Platform)များတည်ဆောက်ပြီးအသုံးပြုနိုင်ရေးအိပ်မက်အား အကောင်အထည်ဖော်လာသည်ကို တွေ့ရသည်။ စစ်ကောင်စီသည် ဖေ့ဘွတ်ခ်(Facebook) ကို အစားထိုးနိုင်မည့်လူမှုကွန်ရက်မီဒီယာ(Social Media Platform)တစ်ခုကို ၎င်းတို့လက်အောက်ခံဝန်ကြီးဋ္ဌာနအချို့နှင့် ပညာရှင်များပူးပေါင်းဖန်တီးနေကြောင်း ဩဂုတ်လ(၁၇)ရက်နေ့၌ နေပြည်တော်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်ကို တွေ့ရသည်။ ဖေ့ဘွတ်ခ်(Facebook)အနေဖြင့် စစ်ကောင်စီ၏ ဝါဒဖြန့်စာမျက်နှာများကို ထိန်းချုပ်ကိုင်တွယ်လျှက်ရှိရာ ယင်းအခြေအနေအပေါ် မကျေမချမ်းဖြစ်နေသည့် စစ်ကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ် ချုပ်ဇော်မင်းထွန်းက ရုရှားနိုင်ငံတွင်ပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုအတွင်း မြန်မာစစ်တပ်မှသွားရောက်ယှဉ်ပြိုင်သည့်အဖွဲ့များ၏ ဆုရရုပ်သံများအား ဖေ့ဘွတ်ခ်(Facebook)က ဖြုတ်ချမှုကိုထောက်ပြပြီး ဖေ့ဘွတ်ခ်(Facebook)၏စံနှုန်းများအား မေးခွန်းထုတ်ခဲ့သည်ကို ယင်းသတင်းစာရှင်းလင်းပွဲတွင် တွေ့ရှိခဲ့ကြရသည်။
၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်း ကြုံတွေ့ခဲ့ရသည့် ဒီဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ် အနှစ်ချုပ်
(က) မရပ်တန့်သေးသော စစ်ကောင်စီ၏ လူမှုကွန်ရက်အစားထိုးအိပ်မက်
(ယူကျူ့(Youtube) အစားထိုး အမ်ကျူ့ (Mtube))
(ခ) မြန်မာပြည်မှ ထွက်ခွာတော့မည့် အူရီဒူး(OoredOo)
(ဂ) အွန်လိုင်းငွေကြေးလွှဲပြောင်းမှုများအပေါ် တိုးမြှင့်စောင့်ကြည့်ရန် စစ်ကောင်စီ၏ သိသာသော ပြင်ဆင်မှုများ
(ဃ) စစ်ကောင်စီ၏ ဝါဒဖြန့်အက်ပလီကေးရှင်းအား ပြည်တွင်းတယ်လီကွန်းများမှ အခမဲ့သုံးစွဲခွင့်ပေးရန် ပြင်ဆင်
(က) မရပ်တန့်သေးသော စစ်ကောင်စီ၏ လူမှုကွန်ယက်အစားထိုးအိပ်မက် (Youtube အစားထိုး Mtube)
စစ်ကောင်စီသည် ဖေ့ဘွတ်ခ်(Facebook)ကိုအစားထိုးနိုင်မည့် လူမှုကွန်ရက်မီဒီယာ(Social Media Platform)တစ်ခုကို ၎င်းတို့လက်အောက်ခံဝန်ကြီးဋ္ဌာနအချို့နှင့် ပညာရှင်များပူးပေါင်းဖန်တီးနေကြောင်း ပြီးခဲ့သည်လ(၁၇)ရက်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားခဲ့သလို ယခုလ စက်တင်ဘာလ(၂)ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင်လည်း Youtube အစားထိုးလူမှုကွန်ရက်မီဒီယာ(Social Media Platform)တစ်ခုအဖြစ် Mtubeကိုအစားထိုးသုံးစွဲမည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။ ထို့နောက် စက်တင်ဘာလ(၁၄)ရက်နေ့တွင် စမ်းသပ်သုံးစွဲမှုပြုလုပ်ခဲ့သေးသည်ကို တွေ့ရှိရသည်။ စစ်ကောင်စီဝါဒဖြန့် မီဒီယာများအနေဖြင့် ဖေ့ဘွတ်ခ်(Facebook)နှင့် ယူကျူ့(Youtube)ကဲ့သို့ လူသုံးများသည့် လူမှုကွန်ရက်မီဒီယာ(Social Media Platform)များပေါ်တွင်ခြေချရန် ခက်ခဲလာခြင်းနှင့်အတူ ယင်းမီဒီယာများပေါ်မှာ ဆက်သွယ်ပြောဆိုမှုများနှင့် လှုပ်ရှားမှုများသည် ၎င်းတို့ ထိန်ချုပ်နိုင်စွမ်း၏ အလွန်တွင်ရှိနေသည့်အလျှောက် မကြာမီအချိန်ကာလအတွင်း ယင်းလူမှုကွန်ရက်မီဒီယာ(Social Media Platform)များအား ပြည်တွင်း၌ သုံးစွဲခွင့်ကို ယခုထက်ပိုမိုခက်ခဲလာစေရန် နည်းပညာအရသော်လည်းကောင်း၊ အမိန့်အမျိုးမျိုးထုတ်၍သော်လည်းကောင်း လုပ်ဆောင်လာဖွယ်ရှိသည်။ စစ်ကောင်စီ၏ လူမှုကွန်ရက်အစားထိုးအိပ်မက်သည် သုံးစွဲသူအားလုံးကို ၎င်းတို့စောင့်ကြည့်မှုအောက်တွင်ရှိသည့် ၎င်းတို့စိတ် ကြိုက်ဖန်တီးထားသော လူမှုကွန်ရက်မီဒီယာ(Social Media Platform)များအောက်တွင်သာ သုံးစွဲခွင့်ပြုလိုသည့်အခြေအ နေများကို ထင်ရှားစွာတွေ့မြင်နေရသည်။
(ခ) မြန်မာပြည်မှ ထွက်ခွာတော့မည့် အူရီဒူး(Ooredoo)
မြန်မာနိုင်ငံတွင် လုပ်ကိုင်ဆောင်ရွက်လက်ရှိသော တယ်လီကွန်းအော်ပရေတာများအနက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအပြည့်အဝဖြင့်လည်ပတ်လုပ်ကိုင်နေသည့် နောက်ဆုံးလက်ကျန်တယ်လီကွန်းအော်ပရေတာဖြစ်သည့် ကာတာဆက်သွယ်ရေးကုမ္ပဏီ အူရီဒူး(Ooredoo)သည်လည်း ၎င်း၏ဆက်သွယ်ရေးလုပ်ငန်းအား မြန်မာနိုင်ငံသား ဦးမျိုးမြင့်အုန်းပိုင် စင်ကာပူ 'The One Matrix Ventures (TOMV)' ကုမ္ပဏီထံရောင်းချတော့မည်ဖြစ်ကြောင်း Reuters သတင်းဋ္ဌာနက ဖော်ပြခဲ့သည်။ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေသည့် တယ်လီကွန်းများထဲတွင် နိုင်ငံခြားသားအပြည့်အဝပိုင်ဆိုင်သည့် တယ်လီကွန်းနှစ်ခုရှိခဲ့ပြီး ယခုနှစ်အစောပိုင်း ဇန်နဝါရီလ(၂၁)ရက်နေ့က နော်ဝေတယ်လီကွန်းကုမ္ပဏီ တယ်လီနော်(Telenor)ကို စစ်ကောင်စီသည် ၎င်းတို့နှင့်နီးစပ်သည့် 'M1 Group' နှင့် 'ရွှေဗျိုင်းဖြူ'တို့ထံရောင်းချရန် ခွင့်ပြုပေးသည်။ ထို့ကြောင့် မြန်မာ နိုင်ငံမှာ အူရီဒူး(Ooredoo)အပြီးသပ်ထွက်ခွာသွားခဲ့ပြီးပါက မြန်မာပြည်ရှိတယ်လီကွန်လုပ်ငန်းစုအားလုံးသည် စစ်ကောင်စီ ပိုင်ဆိုင်သည့်(သို့မဟုတ်)စစ်ကောင်စီနှင့်နီးစပ်သည့်လုပ်ငန်းစုများသာ ပိုင်ဆိုင်သည့်အခြေအနေသို့ရောက်ရှိသွားပြီဖြစ်သည်။ “အာဏာသိမ်းလိုက်ပြီးနောက်တွင် မြန်မာနိုင်ငံ၌ တယ်လီနောအနေဖြင့် ဆက်လက်ရပ်တည်လုပ်ကိုင်မည်ဆိုပါက တယ်လီဖုန်းလိုင်းများအား ကြားဖြတ်ဖမ်းယူနိုင်မည့်စက်များ တပ်ဆင်ရေးခွင့်ပြုပေးရမည်ဟု စစ်တပ်ဘက်က ဆိုလာသည်ကို လိုက်နာနိုင်ခြင်းမရှိသဖြင့် တယ်လီနောအနေဖြင့် ထွက်ခွာရန်ဆုံးဖြတ်ခဲ့သည်”ဟု တရားဝင်ထုတ်ဖော်ပြောဆိုချက်များလည်း ရှိခဲ့သည်ဖြစ်ရာ မြန်မာနိုင်ငံအတွင်း မိုဘိုင်းဖုန်းသုံးစွဲသူများအနေဖြင့် လုံခြုံစွာအသုံးပြုနိုင်သည့်အခြေအနေ အလုံးစုံဆိတ် သုဉ်းသွားပြီဆိုသည်ကို သတိပြုရမည်ဖြစ်သည်။
(ဂ) အွန်လိုင်းငွေကြေးလွှဲပြောင်းမှုများအပေါ် တိုးမြှင့်စောင့်ကြည့်ရန် စစ်ကောင်စီ၏ သိသာသောပြင်ဆင်မှုများ
သုံးလပတ်ကာလအတွင်း စစ်ကောင်စီ၏ဒစ်ဂျစ်တယ်ထိန်းချုပ်မှုဆိုင်ရာ အခြေအနေများကိုလေ့လာကြည့်ပါက လူမှုကွန်ရက်မီဒီယာ(Social Media)အသုံးပြုမှုများအပေါ် သိသာသည့်ထိန်းချုပ်မှုများအား တင်းကြပ်စွာလုပ်ဆောင်နိုင်ရန် အားထုတ်လာသည်။ ဩဂုတ်လမှစတင်ပြီး ငွေကြေးလွှဲပြောင်းမှုဆိုင်ရာ စောင့်ကြည့်ကန့်သတ်ထိန်းချုပ်မှုများကိုလည်း အားထည့်လုပ် ဆောင်လာသည်ကို တွေ့ရှိရသည်။ ငွေကြေးပေးပို့ လွှဲပြောင်းမှုဆိုင်ရာအခြေအနေများအား စောင့်ကြည့်ကန့်သတ်နိုင်စေရန် စစ်ကောင်စီလက်အောင်ခံဗဟိုဘဏ်သည် ပြီးခဲ့သည့်ဩဂုတ်လ(၁၅)ရက်နေ့က သက်ဆိုင်ရာငွေကြေးဝန်ဆောင်မှုပေးသည့် အဖွဲ့အစည်းများထံသို့ ညွှန်ကြားချက်ထုတ်ပြန်ပြီးနောက် ဩဂုတ်လ(၈)ရက်နေ့၌ ဝန်ဆောင်မှုအသုံးပြုသူများအား ငွေသွင်းငွေထုတ်ပြုလုပ်ရန်အတွက် မှတ်ပုံတင်များယူဆောင်လာကြရန် “Wave Money”က ၎င်းတို့၏ဖေ့ဘွတ်ခ်(Facebook)စာမျက် နှာမှတစ်ဆင့် ကြေညာခဲ့သည်ကို တွေ့ရသည်။ ထို့နောက် စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်သည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ အီလက်ထရောနစ်မှတ်ပုံတင်ခြင်းဒေတာဘေ့စ်(e-ID Database)နှင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ဆင်းမ်ကဒ်မှတ်ပုံတင်ခြင်းဒေတာဘေ့စ်(SIM Registration Database)များရှိ အချက်အလက်များဖြင့် တိုက်ဆိုင်စစ်ဆေး၍ အချက်အလက်မတူညီသော မိုဘိုင်းငွေကြေးစာရင်းများအား အပြီးတိုင်ပိတ်သိမ်းမည်ဖြစ်ကြောင်း စက်တင်ဘာလ(၁၆)ရက်နေ့ နေ့စွဲဖြင့် ထုတ် ပြန်ကြေညာခဲ့သည်။ ထို့အပြင် ယင်းကြေညာချက်တွင် မိုဘိုင်းငွေပေးချေမှုအသုံးပြုသူများအနေနှင့်လည်း “Level 2”အဆင့် မြှင့်တင်ရန်လည်း ထည့်သွင်းကြေညာထားသည်ကိုတွေ့ရသည်။
ထိုကဲ့သို့ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်သည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ အီလက်ထရောနစ်မှတ်ပုံတင်ခြင်းဒေတာဘေ့စ်(e-ID Database)နှင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ဆင်းမ်ကဒ်မှတ်ပုံတင်ခြင်းဒေတာဘေ့စ် (SIM Registration Database)များရှိ အချက်အလက်များအသုံးပြု၍ မိုဘိုင်းငွေပေးချေးမှုဆိုင်ရာစိ စစ်မှုများပြုလုပ်မည်ဟု ထုတ်ပြန်ကြေညာပြီးနောက်(၃)ရက်ခန့်အကြာ စက်တင်ဘာလ(၁၉)ရက်နေ့တွင် စစ်ကောင်စီလက် အောက်ခံဆက်သွယ်ရေးဝန်ကြီးဋ္ဌာနသည်လည်း ဆင်းမ်ကဒ်(Sim Card)မှတ်ပုံတင်ပြုလုပ်ရာတွင် အသုံးပြုထားသည့် အ မည်၊ နိုင်ငံသားစိစစ်ရေးကဒ်ပြားအမှတ်တို့အား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနနမှ အီလက်ထရောနစ်မှတ်ပုံတင်ခြင်းဒေတာဘေစ့်(e-ID Databaseနှင့် ချိက်ဆက်စစ်ဆေးကာ မှန်ကန်မှုမရှိသည့် ဖုန်းနံပါတ်များအား ပိတ်သိမ်းမည်ဟု ထုတ်ပြန်ကြေညာလာခဲ့သည်ကို တွေ့ရှိရသည်။
စက်တင်ဘာလ(၂၀)ရက်နေ့၌ ပြုလုပ်ခဲ့သော စစ်ကောင်စီ၏ အကြိမ်(၂၀)မြောက်သတင်းစာရှင်းလင်းပွဲတွင်လည်း “လူ သုံးများတဲ့ဖေ့ဘွတ်ခ်(Facebook)မှာ “NUG”၊ “CRPH”၊ “PDF”တွေရဲ့ စာတွေ၊ ပုံတွေ၊ ဗီဒီယိုတွေ၊ သူတို့ကိုအားပေးထောက်ခံသူတွေရဲ့ စာတွေ၊ ပုံတွေ၊ ဗီဒီယိုတွေကို “Like”တစ်ခုပေးလိုက်တာပဲဖြစ်ဖြစ် “Share”လုပ်တာပဲဖြစ်ဖြစ် လုပ်လိုက်ရင် ရာဇသတ်ကြီးပုဒ်မ၊ ၁၂၄ (ခ)နဲ့ ငြိစွန်းပါတယ်”ဟု စစ်ကောင်စီ၏ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ခြိမ်းခြောက်ပြောကြားခဲ့သည်။
ရာဇသတ်ကြီးဥပဒေ၊ ပုဒ်မ ၁၂၄ (ခ)သည် "နိုင်ငံတော်တည်ငြိမ်ရေးကို ထိန်းသိမ်းဆောင်ရွက်နေသောတပ်မတော်(သို့) တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများ၏ အောင်မြင်မှု (သို့) စွမ်းဆောင်မှုကိုဖျက်ဆီးခြင်း (သို့) တားဆီးသည့်ရာဇဝတ်(ပြစ်မှု) ဖြစ်ကြောင်း"စစ်ကောင်စီက ပြင်ဆင်ထားခဲ့သည့် ဥပဒေဖြစ်ပြီး ပြစ်ဒဏ်မှာ ထောင်ဒဏ်(၃)နှစ်မှ (၁၀)နှစ်ထိ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။
“၁၀၀ ပဲလှူလှူ၊ သိန်းနဲ့ချီပဲလှူလှူ၊ ကူရုံပါပဲလို့ပြောပြော အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ၊ ပုဒ်မ ၅၂ အရ ထောင် ဒဏ် ၃ နှစ်ကနေ ၇ နှစ်အထိ ချမှတ်နိုင်ပါတယ်” ဟုလည်း ယင်းသတင်းစာရှင်းလင်းပွဲတွင် ခြိမ်းခြောက်ပြောဆိုခဲ့သေးသည်။
ထို့နောက် စက်တင်ဘာလ(၂၁)ရက်နေ့မှစတင်ပြီး “Kpay”သုံးစွဲသူများစွာ၏ “Kpay Account”များသည် မည်သည့်အကြောင်းပြချက်ကြောင့်မှန်းမသိ ပိတ်သိမ်းခံရသည့်ဖြစ်စဉ်များ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာခဲ့သည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် “Kpay”အကောင့်များမှတစ်ဆင့် တော်လှန်ရေးအင်အားစုများထံသို့ ငွေကြေးထောက်ပံ့သည်ဟု ယူဆသည့် “Kpay Account”များ ပိတ်ပင်ခံရသည်။ ထိုဖြစ်စဉ်များသည် အာဏာသိမ်းကာလတစ်လျှောက် ဆက်တိုက်ဖြစ်ပေါ်ခဲ့သော ကိစ္စများဖြစ်ခဲ့သည်။ သို့သော်လည်း ယခုပိတ်ပင်ခံရမှုများသည် သုံးစွဲသူများအနေဖြင့် မည်သည့်ဆက်စပ်မှုမှမရှိပဲ အပိတ်ခံရမှုပေါင်းများစွာရှိနေသည်ကို တွေ့ရှိခဲ့ရသည်။
အကောင့်အပိတ်ခံရသူများအနေဖြင့် “KBZ”သို့ ဆက်သွယ်ခဲ့ရာတွင်လည်း တာဝန်ခံမှုအပြည့်ဖြင့် ဖြေရှင်းပေးမှု တစ် စုံတစ်ရာပြုလုပ်ခြင်းမရှိပဲ ဗဟိုဘဏ်သို့သာ ပြန်လည်ဆက်သွယ်ရန် ပြောကြားခဲ့သည်။
စက်တင်ဘာလ(၂၃)ရက်နေ့၌ NUG ရန်ပုံငွေနှင့် နွေဦးတော်လှန်ရေးဝယ်ယူလှူဒါန်းထားသော “Kpay” နှင့် “Wave Account” သုံးစွဲသူများ၏ စာရင်းတစ်ခုပေါက်ကြားလာခဲ့ပြီး ယင်းစာရင်းတွင်ပါဝင်သူများအား လိုက်လံဖမ်းဆီးမှုများရှိနေ သည်ဟု ခေတ်သစ်သတင်းမီဒီယာ၏ ဖော်ပြချက်အရ သိရသည်။
ထို့အပြင် တော်လှန်ရေးအင်အားစုများအတွက် ငွေကြေးထောက်ပံ့မှုတစ်ခုအဖြစ် ရည်ရွယ်ဖန်တီးထားသည့် ဂိမ်းများအားပိတ်ပင်ရန်နှင့် ကြော်ငြာထည့်သွင်းသူများကိုရှာဖွေရန်လည်း စစ်ကောင်စီက စက်တင်ဘာလ(၂၁)ရက်နေ့တွင် ကြေညာ ချက်ထုတ်ပြန်ခဲ့သေးသည်။ မြန်မာနောင်း(Myanmar Now)သတင်းဋ္ဌာန၏ ဖော်ပြချက်အရ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးလက်မှတ်ဖြင့် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်ဟုသိရသည်။ ယင်းကြေညာချက်တွင် လက်ကိုင်ဖုန်းအတွင်း PDF ဂိမ်းကစားမှုများကိုအရေးယူရန် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာများအား ညွှန်ကြားထားသည်ကို တွေ့ရသည်။
အထက်ပါအခြေအနေများကိုကြည့်ပါက စစ်ကောင်စီသည် တော်လှန်ရေးအင်အားစုများထံသို့ စီးဝင်နိုင်သည်ဟုယူဆရသည့် ငွေကြေးစီးဆင်းမှုအားလုံးအား ၎င်းတို့လက်လှမ်းမီနိုင်သလောက် နည်းလမ်းပေါင်းစုံသုံး၍ ဖြတ်တောက်ပစ်ရန်လုပ် ဆောင်နေသည်ကို ထင်ရှားစွာတွေ့မြင်နိုင်သည်။
(ဃ) စစ်ကောင်စီ၏ ဝါဒဖြန့်အက်ပလီကေးရှင်းအား ပြည်တွင်းတယ်လီကွန်းများမှ အခမဲ့သုံးစွဲခွင့်ပေးရန် ပြင်ဆင်
စစ်ကောင်စီသည် စစ်တပ်အသိုင်းအဝိုင်းအတွင်း ဝါဒဖြန့်သတင်းများသွတ်သွင်းနိုင်ရန်ရည်ရွယ်၍ “ရဲဝံ့စွန့်စား ပြည်ချစ်သား” ဟူသည့်မိုဘိုင်းအက်ပလီကေးရှင်း(Application)တစ်ခုအား တပ်မတော်သတင်းလွှာထုတ်ပြန်ရေးနှင့် တန်ပြန်သတင်းဖြန့် ချိရေးအဖွဲ့(Information Sheet and Counter – Affairs)မှဦးဆောင်၍ ဖန်တီးနေသည်။ ယင်းအက်ပလီကေးရှင်း (Application)အားအသုံပြုရာတွင် မိုဘိုင်းဒေတာသုံးစွဲခကုန်ကျမှုများမရှိစေရန် စစ်တပ်အသိုင်းအဝိုင်းအကြား အများဆုံးအသုံးပြုသည့်တယ်လီကွန်းများဖြစ်သည့် “Mytel” နှင့် “MECTEL” တို့ဖြင့် ညှိနှိုင်းဆောင်ရွက်မှုများပြုလုပ်ရန် စစ်ကောင်စီလက်အောက်ခံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဋ္ဌာနသို့ စက်တင်ဘာလ(၂၃)ရက်နေ့ နေ့စွဲဖြင့် ညွှန်ကြားသည့် ညွှန်ကြားစာတစ်စောင်ပေါက်ကြားလာခဲ့သည်ကို တွေ့ရှိရသည်။
စစ်ကောင်စီအနေဖြင့် အွန်လိုင်းသတင်းပြန့်နှံ့မှုများကို တန်ပြန်ရန်အတွက် ယခုအက်ပလီကေးရှင်း(Application) အပါအဝင် ၎င်းတို့၏ ထိန်းချုပ်မှုအောက်တွင် ထားရှိနိုင်သည့် “Mtube”နှင့် “Ok Par” စသည့်တို့အား ဖန်တီး၍ ပုံစံမျိုးစုံဖြင့် တုန့်ပြန်နိုင်ရန် စီစဉ်လျှက်ရှိသည်ကို တွေ့ရသည်။ “ရဲဝံ့စွန့်စား ပြည်ချစ်သား”အက်ပလီကေးရှင်းအားအသုံးပြုရန်အတွက် ဆက်သွယ်ရေးလုပ်ငန်း(Telecom)များအား အခမဲ့သုံးစွဲခွင့်ပေးရန်လုပ်ဆောင်ခြင်းသည် စျေးကွက်၏ မျှတသည့်ယှဉ်ပြိုင်မှုကို ပျက်ပြားစေနိုင်သည့် အခြေအနေအပါအ ဝင် ၎င်းတို့ထုတ်ကုန်များအား သုံးစွဲသူအားလုံးတို့သည် ၎င်းတို့၏ စောင့်ကြည့်ရေးယန္တရားအတွင်း အတိအကျကျရောက်သွားမည့် အန္တရာယ်ပါရှိနေသည်။ ထို့အပြင် စစ်ကောင်စီသည် ၎င်းတို့သုံးစွဲစေလိုသည့် ပလက်ဖောင်း(Platform)များအား ပိုမိုအ ခွင့်အရေးပေးရန် ဖန်တီးသည်။ အခြားသော ပလက်ဖောင်း(Platform)များ၏ သတင်းစီးဆင်းမှုအား ပုံစံမျိုးစုံဖြင့် ဟန့်တားသည်။ နည်းလမ်းမျိုးစုံအားအသုံးပြု၍ အင်တာနက်ချိတ်ဆက်မှုကို ကန့်သတ်ခြင်းအခြေအနေများသည် အင်တာနက်၏ အ ရေးကြီးဆုံးအ စိတ်အပိုင်းတစ်ခုအဖြစ်ခေါ်ဆိုနိုင်သည့် သတင်းစီးဆင်းမှုဆိုင်ရာမျှခြေ(Net Neutrality)ကို ပျက်ပြားစေရန် လုပ်ဆောင်သော လုပ်ဆောင်ချက်လည်းဖြစ်သည်။
၂၀၂၂ ခုနှစ် အောက်တိုဘာလအတွင်း ကြုံတွေ့ခဲ့ရသည့် ဒီဂျစ်တယ်ဖိနှိပ်မှု ဖြစ်စဉ်အနှစ်ချုပ်
(က) ချင်းပြည်နယ်အတွင်း ဖုန်းလိုင်းဖြတ်တောက်မှုဖြစ်စဉ်များ
(ခ) ကချင်ပြည်နယ်အတွင်း ဖုန်းလိုင်းဖြတ်တောက်မှု ဖြစ်စဉ်များ
(ဂ) ဆိုးရွားလွန်းသည့် အင်တာနက်လွတ်လပ်ခွင့်အခြေအနေများ
အာဏာသိမ်းကာလတစ်လျှောက် လက်နက်သဖွယ်သုံးစွဲခဲ့သည့် အင်တာနက်နှင့် ဖုန်းလိုင်းများဖြတ်တောက်ခြင်းလုပ်ဆောင်မှုများကို စစ်ကောင်စီက စဉ်ဆက်မပြတ်လုပ်ဆောင်လျှက်ရှိသည်။ ယခုလတွင်လည်း ဆက်တိုက်ဆိုသလို ဖိနှိပ်မှုများလုပ် ဆောင်ခဲ့သောဖြစ်စဉ်များကို တွေ့ရှိခဲ့ရသည်။
(က) ချင်းပြည်နယ်အတွင်း ဖုန်းလိုင်းဖြတ်တောက်မှုဖြစ်စဉ်များ ချင်းပြည်နယ်၌ မြို့နယ် (၉) မြို့နယ်ရှိသည့်အနက် ဟားခါးမြို့နယ်မှအပ ကျန်(၈)မြို့နယ်သည် စစ်ကောင်စီ၏ အင်တာနက်ဖြတ်တောက်မှုများကိုလက်ရှိတွင် ပြုလုပ်ခံထားရသည့်မြို့နယ်များဖြစ်သည်။ Zalen မီဒီယာ၏ဖော်ပြချက်အရ ချင်းပြည်နယ်၊ တီးတိန်မြို့၊ ဖလမ်းမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့၊ မော်လိုက်မြို့နှင့် ဟုမ္မလင်းမြို့နယ်တို့၌ အောက်တိုဘာလအစပိုင်းတွင် ဖုန်းလိုင်းများ ဖြတ်တောက်ခံခဲ့ရသည်ဟု သိရသည်။ ထို့အပြင် ချင်းပြည်နယ်၊ မတူပီမြို့တွင် အောက်တိုဘာလ (၉)ရက်နေ့ မနက်ပိုင်းမှစတင်ကာ ဖုန်းလိုင်းအားလုံး ဖြတ်တောက်ခံခဲ့ရသည်။ အောက်တိုဘာလ(၉)ရက်နေ့ ညနေပိုင်းမှစ တင်ကာ ချင်းပြည်နယ်၊ ပလက်ဝမြို့တွင်လည်း ဖုန်းလိုင်းများအားလုံးဖြတ်တောက်ခံခဲ့ရသည်ဟု သိရသည်။ မတူပီဒေသခံများ ၏ပြောကြားချက်အရ မတူပီအခြေစိုက် ခလရ ၃၀၄ မှ စစ်သား(၅)ဦး ထွက်ပြေးသည့် ကောလဟာလသတင်းများထွက်ပေါ် လာပြီးနောက် ဖုန်းလိုင်းများ ပြတ်တောက်သွားခြင်းဖြစ်သည်ဟု ဆိုသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်တွင်လည်း အောက်တိုဘာလ(၇)ရက်နေ့တွင် ဖုန်းလိုင်းများ ပြန်လည်ဖြတ်တောက်ခံထားရသည်။ အောက်တိုဘာလ(၂၇)ရက်နေ့ မနက်အစောပိုင်းမှစတင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်အား ဖုန်းလိုင်းများဖြတ်တောက်၍ စစ်ကြောင်းထိုးရန်ပြင်ဆင်မှုများပြုလုပ်နေကြောင်း Witness Diary Telegram Channel ၏ သတင်းဖော်ပြမှုအရ သိရှိရသည်။
(ခ) ကချင်ပြည်နယ်အတွင်း ဖုန်းလိုင်းဖြတ်တောက်မှု ဖြစ်စဉ်များ အောက်တိုဘာလ(၄)ရက်နေ့၌ ကချင်ပြည်နယ်၊ ဗန်းမောက်မြို့နယ်တွင် အင်တာနက်လိုင်းသာမက ဖုန်းလိုင်းပါ ဖြတ်တောက်ခံထားရသည်။ ဗန်းမောက်မြို့မရဲစခန်းအား ကေအိုင်အေ(KIA)နှင့် ပြည်သူ့ကာကွယ်ရေး(PDF)ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် စစ်ကောင်စီက ဗန်းမောက်မြို့အား အင်တာနက်နှင့် ဖုန်းလိုင်းများဖြတ်တောက်မှု ပြုလုပ်ထားသည်ဟုဆိုသည်။ အောက်တိုဘာလ(၁၀)ရက်နေ့တွင် ကချင်ပြည်နယ်၊ ချီဖွေမြို့တွင် ဖုန်းလိုင်းများအားစစ်ကောင် စီက ဖြတ်တောက်ခဲ့သည်ကို တွေ့ရသည်။ နယ်ခြားစောင့်တပ်(BGF)နှင့် စစ်ကောင်စီတပ်၏ လက်နက်များသယ်ဆောင်လာသည့်ကားကို ကေအိုင်အေ(KIA)နှင့် ပြည်သူ့ကာကွယ်ရေး(PDF)ပူးပေါင်းတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီးနောက် စစ်ကောင်စီသည် ချီဖွေမြို့နယ်အတွင်း ဖုန်းလိုင်းဖြတ်တောက်မှုများကို ပြုလုပ်လာခဲ့ခြင်းဖြစ်သည်။ အထက်ပါ မိုဘိုင်းဖုန်းဆက်သွယ်မှုနှင့် အင်တာနက်ဖြတ်တောက်မှုအခြေအနေများကို ကြည့်ပါက စစ်ကောင်စီသည် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများဖြစ်ပေါ်လာပါက ဒေသတွင်း သတင်းအဆက်အသွယ် ပြတ်တောက်သွားစေရေးကို အာဏာသိမ်းပြီးနောက်လုပ်ဆောင်ခဲ့သော ဖြတ်တောက်မှုဖြစ်စဉ်များနည်းတူ လက်နက်တစ်ခုသဖွယ် ယခုအချိန်အထိ စွဲကိုင်အသုံးပြုလုပ် ဆောင်နေသည်မှာ ထင်ရှားသည်။
(ဂ) ဆိုးရွားလွန်းသည့် အင်တာနက်လွတ်လပ်ခွင့်အခြေအနေ အာဏာသိမ်းကာလတစ်လျှောက်လုံး အင်တာနက်ဖြတ်တောက်ခြင်း၊ ၎င်းတို့အား ဆန့်ကျင်သည့်အကြောင်းအရာများအား အွန်လိုင်းပေါ်တွင် ရေးသားမှုများအပေါ် အရေးယူခြင်း၊ ဆက်သွယ်မှုစောင့်ကြည့်နည်းပညာများကို အသုံးချခြင်းအပါအဝင် ပုံစံမျိုးစုံဖြင့် ဆိုက်ဘာရပ်ဝန်းအား ထိန်းချုပ်လုပ်ဆောင်မှုများကို တစ်ရက်ထက်တစ်ရက် ပိုမို၍တင်းကြပ်စွာ စစ်ကောင်စီက လုပ်ဆောင်လာနေသည်။ Free Expression Myanmar (FEM)အဖွဲ့၏ ၂၀၂၂ ခုနှစ် မြန်မာနိုင်ငံ၏ အင်တာနက်လွတ်လပ်မှုဆိုင်ရာ စစ်တမ်းအရ အမှတ်(၁၀၀)တွင် ရမှတ်(၁၂)မှတ်သာ ရရှိခဲ့သည်။ ၂၀၂၁ ခုနှစ်ကထက်ပင် (၅)မှတ် ထပ်မံကျဆင်းသွားသည်ကို တွေ့ရသည်။ အသုံးပြုမှုဆိုင်ရာ ဟန့်တားပိတ်ဆို့မှုအခြေအနေနှင့်ပတ်သက်ပြီး (၂၅)မှတ်ပေးရာတွင် (၂)မှတ်သာရရှိခဲ့သည်။ အ ကြောင်းအရာဆိုင်ရာ ကန့်သက်မှုများနှင့်ပတ်သက်ပြီး (၃၅)မှတ်ပေးရာတွင် (၆)မှတ်သာရရှိခဲ့ပြီး အသုံးပြုသူများ၏ အခွင့်အ ရေးဆိုင်ရာ ချိုးဖောက်မှုများနှင့်ပတ်သက်ပြီး အမှတ်(၄၀)ပေးရာတွင် ရမှတ်(၄)မှတ်သာရရှိခဲ့သည့်အခြေအနေဖြင့် မြန်မာ နိုင်ငံ၏ အင်တာနက်လွတ်လပ်ခွင့်မှာ အဆိုးရွားးဆုံးအခြေအနေများဖြင့် ရင်ဆိုင်နေရသည်။
ကမ္ဘာနိုင်ငံအသီးသီး၏ အင်တာနက်လွတ်လပ်ခွင့်အခြေအနေအား စုစည်းထုတ်ပြန်သည့် Freedom House ၏ Freedom of the Net Report ပါ အချက်အလက်များအား လေ့လာကြည့်ပါက အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ရမှတ်(၄၉)၊ ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ရမှတ်(၄၃)၊ ထိုင်းနိုင်ငံအနေဖြင့် ရမှတ်(၃၆)စသည့်ဖြင့် ရရှိကြသည်ကိုတွေ့ရနိုင်သည်။ အချက် အလက်များကို နှိုင်းယှဉ်ကြည့်ပါက အာဏာသိမ်းမှုနောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ အင်တာနက်လွတ်လပ်ခွင့်အခြေအနေသည် ဒေသတွင်းနိုင်ငံများကြားတွင်ပင် အလွန်ဆိုးရွားသည့်အခြေအနေ ဖြစ်ပေါ်နေသည်ကိုတွေ့ရနိုင်သည်။
Recommended Citation Style -
Myanmar Internet Project. (2022, October 31). DIGITAL COUP QUARTERLY ( August 2022 to October 2022). https://www.myanmarinternet.info/my/post/quartely-report-007
Comentários