top of page
Myanmar Internet Project

DIGITAL COUP QUARTERLY ( November 2021 to January 2022)

Updated: Aug 1, 2023






၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်း ကြုံတွေ့ခဲ့ရသည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်များ

နိုဝင်ဘာလအတွင်း ကြုံတွေ့ခဲ့ရသည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ် အနှစ်ချုပ်


(က) ရခိုင်ပြည်နယ်အင်တာနက်ဖြတ်တောက်မှု

(ခ) တယ်လီနောမြန်မာအား ကျားချောင်းချောင်းနေသော စစ်ကောင်စီနှင့်နီးစပ်သည့် ခရိုနီကြီးများ

(ဂ) အင်တာနက်ကြိုးများကို ဓာတ်တိုင်များပေါ်မှ ဖယ်ရှားရန် YESC က ကြေညာ

(က) ရခိုင်ပြည်နယ်အင်တာနက်ဖြတ်တောက်မှု

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးလှုပ်ရှားမှုများကျဆင်းသွားသည့်ရခိုင်ပြည်နယ်၌ နိုဝင်ဘာလ(၉)ရက်နေ့က စစ်ကောင် စီနှင့် ရခိုင့်တပ်မတော်(AA)တို့အကြားတွင် တစ်ကျော့ပြန်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။ ယင်းတိုက်ပွဲများကြောင့် ရခိုင် ပြည်နယ်၏ စီးပွားရေးလူမှုရေးဆိုင်ရာထိခိုက်မှုများ ဖြစ်ပေါ်စေသည်။

DVB သတင်းဌာနပါ ရခိုင်ဒေသတွင်း အင်တာနက်ပြတ်တောက်မှုအခြေအနေ


(ခ) တယ်လီနောမြန်မာအား ကျားချောင်းချောင်းနေသော စစ်ကောင်စီနှင့်နီးစပ်သည့် ခရိုနီကြီးများ

ဒစ်ဂျစ်တယ်ဖိနှိပ်မှုများကို ပြုလုပ်နေသည့်အချိန်၌ တယ်လီနော၏ ပိုင်ရှင်လွှဲပြောင်းမှုကိစ္စများကိုလည်း သတင်းမီဒီယာများတွင်ဖော်ပြလာသည်ကို စိတ်ဝင်စားဖွယ်တွေ့ရသည်။ တယ်လီနောမြန်မာ၏ ပိုင်ရှင်လက်လွှဲရောင်းချမှု မသေချာသေးသည့် အခြေအနေများနှင့်ပတ်သက်သောသတင်းများ စက်တင်ဘာလက ထွက်ပေါ်လာခဲ့သည်။ ယင်းနောက် နိုဝင်ဘာလအတွင်း အာဏာသိမ်းစစ်အုပ်စုနှင့်နီးစပ်သည့် ခရိုနီကြီးများက တယ်လီနောမြန်မာကို ဝယ်ယူရန်ကြိုးပမ်းမှုများရှိနေသည်ဟု သတင်းများထပ်မံထွက်ပေါ်လာသည်။ ယင်းနှင့်ပတ်သက်၍ ဧရာဝတီသတင်းဋ္ဌာန၏ ဖော်ပြချက်အရ ထိုသို့ဝယ်ယူရန် ကြိုးပမ်းကြသူ များထဲတွင် ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ညီအစ်ကိုတော်စပ်သူ ဦးနေအောင်ပိုင်ဆိုင်သည့် IGE Group ၏ ကုမ္ပဏီခွဲ Amara Communication Co.,Ltd၊ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏သား အောင်ပြည့်စုံအပါအဝင် မြန်မာစစ်တပ်နှင့် စီးပွားရေးနီးကပ်စွာလုပ်ဆောင်သည့် ဦးဂျော်နသန် ကျော်သောင်း၏ The KT Group တို့ပါ ဝင်သည်ကို သိရသည်။

တယ်လီနောမြန်မာအား စစ်အုပ်စုနှင့် နီးစပ်သည့် ခရိုနီကြီးများ ဝယ်ယူရန်ကြိုးပမ်းနေသည့် ဧရာဝတီသတင်းဌာန၏ သတင်းဖော်ပြချက်


စစ်တပ်နှင့်နီးစပ်သည့်အသိုင်းအဝိုင်းသာ တယ်လီနောမြန်မာကို ဝယ်ယူခွင့်ရရှိခဲ့ပါက မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင် အူရီဒူး(Ooredoo)တစ်ခုသာ စစ်တပ်အသိုင်းအဝိုင်း၏ တိုက်ရိုက်ရင်းနှီးမြုပ်နှံမှုမပါဝင်သော လုပ်ငန်းစုတစ်ခုအ ဖြစ်ကျန်ခဲ့မည်ဖြစ်ပြီး မြန်မာပြည်သူလူထု၏ သတင်းလွတ်လပ်ခွင့်အခြေအနေများမှာ ပိုမိုဆိုးဝါးသွားဖွယ်ရှိသည်။

(ဂ) အင်တာနက်ကြိုးများ ဓာတ်တိုင်များပေါ်မှဖယ်ရှားရန် YESC က ကြေညာ

နိုဝင်ဘာလ(၁၉)ရက်နေ့၌ YESC ၏ တရားဝင်ဖေ့ဘုတ်စာမျက်နှာမှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီး နယ်နိမိတ်အတွင်းရှိ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းပိုင်၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးတိုင်(ဓာတ်တိုင်)များပေါ်တွင် သွယ်တန်းထားသော အင်တာနက်ဖိုက်ဘာကေဘယ်ကြိုးများနှင့် ဆက်သွယ်ရေးကြိုးများကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလ(၃၀)ရက်နေ့နောက်ဆုံးထားဖယ်ရှားရန်နှင့် ထိုသို့ဖယ်ရှားခြင်းမရှိပါက ကော်ပိုရေးရှင်းမှ ဖယ်ရှားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်ကို တွေ့ရှိရသည်။


အင်တာနက် ကြိုးများအား ဓာတ်တိုင်းများမှ ဖယ်ရှားရန် YESC တရားဝင် Facebook စာမျက်နှာမှ ကြေညာချက်


ယင်းကြေညာချက်သည် မိုဘိုင်းဖုန်းဆက်သွယ်မှုများအား အနှောင့်အယှက်ပေးရန်၊ Click to Donate ဖြင့် တော် လှန်ရေးအင်အားစုများသို့ လှူဒါန်းမှုများအား အဟန့်အတားဖြစ်စေရန်စသည့် ရည်ရွယ်ချက်များနှင့် လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း အင်တာနက်သုံးစွဲသူများက လူမှုကွန်ရက်မီဒီယာများပေါ်တွင် ဝေဖန်နေခဲ့ကြသည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း ကြုံတွေ့ခဲ့ရသည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်များ


ဒီဇင်ဘာလအတွင်း ကြုံတွေ့ခဲ့ရသည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ် အနှစ်ချုပ်


(က) မိုဘိုင်းအင်တာနက်စျေးနှုန်းများ ပြောင်းလဲခြင်း

(ခ) လေးကေ့ကော်တွင် အင်တာနက်လိုင်းများသာမက ဖုန်းလိုင်းများပါ ဖြတ်တောက်


စစ်ကောင်စီသည် အာဏာသိမ်းခြင်းစတင်ချိန်မှစ၍ အင်တာနက်ချိတ်ဆက်မှုကန့်သတ်ပိတ်ပင် ဖိနှိပ်မှုများကို စဉ်ဆက်မပြတ်ပြုလုပ်လာခဲ့သည်။ ဒီဇင်ဘာလတွင်လည်း အင်တာနက်သုံးစွဲသူ အားလုံးအပေါ်သို့ သက်ရောက်ထိခိုက်စေသောဖိနှိပ်မှုကို ထပ်မံပြုလုပ်လာသည်ကို တွေ့ရသည်။

(က) မိုဘိုင်းအင်တာနက်စျေးနှုန်းများ ပြောင်းလဲခြင်း

စကစ၏ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဋ္ဌာနကြောင့် စျေးနှုန်းပြောင်းလဲရကြောင်းကို Ooredoo မှ သုံးစွဲသူများထံပေးပို့သည့် စာတို

ဒီဇင်ဘာလ(၃)ရက်နေ့၌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဋ္ဌာန၏ ညွှန်ကြားချက်အရ ဖုန်းခေါ်ဆိုမှုနှင့် အင်တာနက်အစီအစဉ်စျေးနှုန်းများအား မကြာမီပြောင်းလဲသတ်မှတ်သွားမည်ဟု မြန်မာနိုင်ငံတွင် လက်ရှိလုပ်ကိုင်နေသောတယ်လီကွန်းများကသုံးစွဲသူများထံ စာတိုပေးပို့အကြောင်းကြားမှုများ စတင်ပြုလုပ်ခဲ့သည်။ ထို့နောက် ဒီဇင်ဘာလ(၈)ရက်နေ့တွင် ယခင်အသုံး ပြုမှုထက်(၂)ဆခန့်မျှပိုမိုမြင့်မားသွားသော မိုဘိုင်းဒေတာအသုံးပြုမှုစျေးနှုန်းများအား တယ်လီကွန်း(Telecom)အသီးသီးမှ ပြောင်းလဲသတ်မှတ်ခဲ့သည်ကို တွေ့ရှိရသည်။

နှစ်ဆခန့် မြင့်မားလာသော မိုဘိုင်းအင်တာနက် စျေးနှုန်းသစ်


မြန်မာနိုင်ငံသည် ကိုဗစ်(၁၉)ရိုက်ခတ်မှု၊ ဆိုးဝါးသော စစ်အာဏာသိမ်းမှုနှင့် ပြင်းထန်သည့်ငွေကြေးဖောင်းပွမှုစသည့် ဘေးအမျိုးမျိုးနှင့် ရင်ဆိုင်ကြုံတွေ့နေရချိန်ဖြစ်သည်။ စီးပွားရေး၊ ပညာရေးနှင့် ချိတ်ဆက်ဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များအ တွက် အင်တာနက်ချိတ်ဆက်ဆောင်ရွက်မှုအပေါ် မှီခိုအားကိုးနေရသည့်ကာလအတွင်းတွင် စစ်ကောင်စီ၏ ယခုလုပ်ရပ်သည် လူထု၏ ဖွံ့ဖြိုးတိုးတက်ရေးကို စိုးစဉ်းမျှထည့်သွင်း မစဉ်းစားသောလုပ်ရပ်ဖြစ်သည်။ တော်လှန်ရေးအင်အားစုများထံသို့ Click To Donate အစီအစဉ်များမှ ငွေကြေးစီးဆင်နေမှုများကို စစ်ကောင်စီက အတိုင်းအတာတစ်ခုအထိကန့်သတ်နိုင်ရန် ရည် ရွယ်ဟန်လည်း ရှိသည်။ ထိုသို့လုပ်ဆောင်မှုသည် စစ်ကောင်စီက မျှော်လင့်သော အကျိုးရလာဒ်ထက် ဘေးထွက်ဆိုးကျိုးကိုသာဦးတည်စေသော အင်မတန်မှသိမ်ဖျင်းသည့်လုပ်ရပ်ဖြစ်သည်။



MRTV ပါ ပြောင်းလဲလာမှု မရှိသော အခြေခံလစာ သတ်မှတ်ချက်


စစ်ကောင်စီ၏ ထိန်းချုပ်မီဒီယာဖြစ်နေသည့် နိုင်ငံပိုင် MRTV website စာမျက်နှာတွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ(၂၁) ရက်နေ့က လွှင့်တင်ထားသော ရုပ်သံသတင်းအရ လက်ရှိမြန်မာနိုင်ငံ၏ အနိမ့်ဆုံးလုပ်ခလစာအရ ဝန်ထမ်းတစ်ဦး၏ ဝင်ငွေမှာ ၄,၈၀၀ ကျပ်သာဖြစ်ပြီး မည်သည့်ပြင်ဆင်လျှော့ချမှုမှ ပြုလုပ်ထားခြင်း မရှိသေးကြောင်း တွေ့ရှိရသည်။

UN Broadband Commission ကအတည်ပြုခဲ့သော သဘောတူညီချက်အရ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ Broadband ဝန်ဆောင်မှုသည် GNI ၏ ၂ % ထက် မပိုသင့်ဟု ဖော်ပြထားသည်။


Work Bank ပါအချက်အလက်များအရ မြန်မာနိုင်ငံ၏ ၂၀၂၀ ခုနှစ် GNI


ကမ္ဘာဘဏ်၏ တွက်ချက်ဖော်ပြချက်ရအ ၂၀၂၀ ပြည့်နှစ် မြန်မာနိုင်ငံ၏ GNI သည် ကန်ဒေါ်လာ ၁၃၅၀ ဟု ဖော်ပြထားသည်။ A4AI ၏ မူဝါဒရေးရာအကြံပြုချက်အရ 5G အင်တာနက်အသုံးပြုမှုအတွက် ကုန်ကျစရိတ်သည် GNI ၏ ၂ % ထက် ပိုမိုကုန်ကျရန် မသင့်ပါ။ ယခုအသစ်သတ်မှတ်လိုက်သော Mobile Broadband စျေးနှုန်းများအရ အင်တာနက် 1G အသုံးပြုရန်အတွက် မြန်မာငွေ(၂၀၀၀)ခန့်အထိ ကုန်ကျမည်ဖြစ်သည်။ အင်တာနက် 5G အသုံးပြုမှုအတွက် မြန်မာကျပ်ငွေ (၁၀၀၀၀)ဝန်းကျင်ခန့် လစဉ်အသုံးပြုရမည်ဖြစ်သည်။ လက်ရှိပြင်ဆင်သတ်မှတ်လိုက်သော အင်တာနက်အသုံးပြုမှုဆိုင်ရာ စျေးနှုန်းများသည် ကမ္ဘာ့ဘဏ်မှသတ်မှတ်ထားသည့် ၂၀၂၀ ပြည့်နှစ် GNI, လက်ရှိဒေါ်လာငွေနှင့် မြန်မာငွေလဲလှယ်မှုနှုန်း ထားများနှင့် တွက်ချက်ပါက ၅% ခန့် အသုံးပြုမှသာ အင်တာနက် 5G အသုံးပြုနိုင်မည်ဖြစ်သည်။ (၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၁)ရက်၊ မြန်မာနိုင်ငံဗဟိုဘဏ်၏ ဒေါ်လာငွေလဲလှယ်နှုန်း – ၁ ဒေါ်လာလျှင် ၁,၇၈၈ ကျပ်ဖြင့် တွက်ချက်ထားသည်။)

စစ်ကောင်စီ၏ ထိန်းချုပ်မီဒီယာဖြစ်နေသော နိုင်ငံပိုင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ အင်တာနက်စာမျက်နှာတွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ(၂၁)ရက်နေ့က လွှင့်တင်ထားသော ရုပ်သံသတင်းအရ လက်ရှိမြန်မာနိုင်ငံရှိ ဝန်ထမ်းတစ်ဦး၏ အ နိမ့်ဆုံး လုပ်ခလစာ၊ တစ်နေ့ဝင်ငွေမှာ ၄,၈၀၀ ကျပ်ဖြစ်သည်ဟု သိရသည်။ ယင်းကြောင့် လုပ်ခလစာနှုန်းထားကို ပြင်ဆင်သတ်မှတ်ခြင်းမရှိသေးကြောင်း တွေ့ရှိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ အကျဘက်သို့ တဟုန်ထိုးစိုက်ဆင်းသွားသည်ဖြစ်ရာ ၂၀၂၁ ခုနှစ် GNI သည် ၂၀၂၀ ပြည့်နှစ်ထက် ပိုမိုဆိုးဝါးသွားစရာသာ ရှိနေသည်။ ထို့ကြောင့် မြန်မာနိုင်ငံသားတစ်ဦးချင်း၏ ၂၀၂၁ ခုနှစ် GNI ပေါ်မူတည်တွက်ချက်ပါက ၅% ထက်ပိုမိုသုံးစွဲမှသာ အင်တာနက် 5G ကိုအသုံးပြုနိုင်မည်။

ထို့အပြင် အထက်တွင်ဖော်ပြထားသော မြန်မာနိုင်ငံ၏ အနည်းဆုံးလုပ်ခလစာ သတ်မှတ်ချက်အရ တွက်ချက်ကြည့်ပါက အနည်းဆုံး ၇% အထိ သုံးစွဲမှ Mobile Broadband အား လစဉ် 5G အသုံးပြုနိုင်မည့်အခြေအနေကို တွေ့ရသည်။ ငွေ ကြေးဖောင်းပွမှုကြောင့် ကုန်စျေးနှုန်းကြီးမြင့်ခြင်း၊ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်ရင်ဆိုင်လာရသည့် ပဋိပက္ခအခြေအနေများကြောင့် ကုန်စည်စီးဆင်းမှုနှောင့်နှေးကာ သယ်ယူပို့ဆောင်စရိတ်ကြီးမြင့်ခြင်း စသည့် အခြေအနေအမျိုးမျိုးအကြားတွင် လုပ်ခလစာများ တိုးမြှင့်လာခြင်းမရှိသည့်အတွက် အင်တာနက်အသုံးပြုနိုင်မှုအခြေအနေမှာ စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် အလွန်အမင်း စိတ်ပျက်ဖွယ်ရာကောင်းလောက်အောင် ကျဆင်းနေသည်မှာ ထင်ရှားသည်။

(ခ) လေးကေ့ကော်တွင် အင်တာနက်လိုင်းများသာမက ဖုန်းလိုင်းများပါ ဖြတ်တောက်

ထို့အပြင် ဒီဇင်ဘာလ(၁၉)ရက်နေ့တွင် KNU နှင့် စစ်ရေးတင်းမာနေသည့် လေးကေ့ကော်ဒေသတွင် စစ်ကောင်စီတပ်များ အကျအဆုံးများပြီးနောက် ဖုန်းလိုင်းများ ဖြတ်တောက်ခဲ့သည်ကို ထပ်မံတွေ့ရှိရသည်။

လေးကေ့ကော်ဒေသ ဖုန်းလိုင်းများပါ ဖြတ်တောက်ခံရသည့် ခေတ်သစ်မီဒီယာပါ သတင်းဖော်ပြချက်

အင်တာနက်အသုံးပြုမှုများကို နည်းလမ်းပေါင်းစုံဖြင့်ကန့်သတ်မှုများပြုလုပ်နိုင်ရန် စစ်ကောင်စီသည် တစ်ဖက်၌ကြိုး ပမ်းနေသကဲ့သို့ စစ်ရေး(သို့)ပဋိပက္ခကြီးမားလာသောဒေသများတွင်လည်း ယင်းတို့၏ လုပ်ရိုးလုပ်စဉ်လမ်းဟောင်းကြီးအတိုင်း အင်တာနက်ဖြတ်တောက်မှုများကို ဆက်လက်ပြုလုပ်နေသည်ကို တွေ့ရှိရသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်း ကြုံတွေ့ခဲ့ရသည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်များ


ဇန်နဝါရီလအတွင်း ကြုံတွေ့ခဲ့ရသည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှု ဖြစ်စဉ် အနှစ်ချုပ်


(က) ဆင်းကဒ်(Sim Card)ရောင်းချခြင်းအတွက် အခွန်နှုန်းထားအား ဆင်းကဒ်(Sim Card)တန်ဖိုး၏ (၁၃)ဆကျော်

တိုးမြှင့်ခြင်းနှင့် အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းများမှ ဝင်ငွေအပေါ် အခွန် ၁၅% အထိ တိုးမြှင့်ကောက်ခံခြင်း

(ခ) စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖုန်းလိုင်းများ ဖြတ်တောက်ခံရခြင်း

(ဂ) ကရင်ပြည်နယ် ဖာပွန်ဒေသတွင် အင်တာနက်သာမက ဖုန်းလိုင်းများပါ ဖြတ်တောက်ခံရခြင်း

(ဃ) မိုဘိုင်းဒေတာစျေးနှုန်းများ ထပ်မံတိုးမြင့်လာခြင်း

(င) တယ်လီနောမြန်မာအား စစ်အုပ်စုကျောထောက်နောက်ခံ ရွှေဗျိုင်းဖြူ ကုမ္ပဏီနှင့် M1 Group အား

ပူးတွဲ ဝယ်ယူခွင့်ပြုခြင်း

၂၀၂၂ ခုနှစ် ဇန်နဝါရီလသည် ကမ္ဘာ့နိုင်ငံအသီးသီးအတွက် နိုင်ငံတကာနှစ်သစ်ကူးကာလတစ်ခုဖြစ်ပြီး မျှော်လင့်ခြင်း၊ စိတ် ကူးစိတ်သန်းဆန်းသစ်ခြင်းဖြင့် အနာဂတ်ကာလအားပုံဖော်သည့် လတစ်လဖြစ်သည်။ မြန်မာနိုင်ငံအတွက်ပါမူ စစ်အာဏာ သိမ်းမှု နှစ်ပတ်လည်လာတော့မည့်အချိန် နီးကပ်လာချိန်ဖြစ်သည်။ မြန်မာနိုင်ငံသူနိုင်ငံသားများ၏ မျှော်လင့်ခြင်း၊ အိပ်မက်နှင့် အနာဂတ်များကို လူမဆန်သော စစ်ခေါင်းဆောင်များက ချိုးဖဲ့ပစ်ခဲ့သည့်ကာလ တစ်နှစ်ပြည့်ရန်နီးလာသည့်လ ဖြစ်သည်။

(က) ဆင်းကဒ်(Sim Card)ရောင်းချခြင်းအတွက် အခွန်နှုန်းထားအား ဆင်းကဒ်(Sim Card)တန်ဖိုး၏ (၁၃)ဆကျော်

တိုးမြှင့်ခြင်းနှင့် အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းများမှ ဝင်ငွေအပေါ် အခွန် ၁၅% အထိ တိုးမြှင့်ကောက်ခံခြင်း

ဇန်နဝါရီလ(၆)ရက်နေ့၌ ၂၀၂၂ ခုနှစ်၊ ပြည်ထောင်စုအကောက်ခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေဟုဆိုကာ “ဆင်းကဒ်(SIM Card)ရောင်းချမှုနှင့် ဆင်းကဒ်စတင်အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးသည့်ဝန်ဆောင်မှု(SIM Card Activation)အပေါ် ဆင်းကဒ်တစ်ကဒ်လျှင် ကျပ်(၂၀,၀၀၀)နှုန်းဖြင့် ကုန်သွယ်လုပ်ငန်းခွန်တစ်ကြိမ်တည်း ကျသင့်စေရမည်ဟု ဖော်ပြပါရှိသည်။ ယင်းအခွန်အခသည် ဆင်းကဒ်(Sim card)၏ မူလတန်ဖိုးထက်(၁၃)ဆကျော်ရှိသော အခွန်ကောက်ခံမှုတန်ဖိုးဖြစ်သည်။ မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုနေသော အခွန်အကောက်ဥပဒေတွင် ကုန်စည်တစ်ခု၏ တန်ဖိုးထက် ဆယ်ဆကျော်ပိုသောကောက်ခံမှုကို ပြဋ္ဌာန်းထားသည်မှာ ယခင်က မတွေ့ရှိခဲ့ပါ။ (အကောက်အခွန်ဥပဒေအား လေ့လာလိုပါက)။ ထို့အပြင် အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းများမှ ဝင်ငွေအပေါ်(၁၅)ရာခိုင်နှုန်းဖြင့် ကုန်သွယ်လုပ်ငန်း အခွန်ကောက်ခံရန်လည်း ထည့်သွင်းဖော်ပြထားသည်ကို တွေ့ရသည်။


ခေတ်သစ်မီဒီယာပါ Sim Card နှင့် အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းများအပေါ် အခွန်တိုးမြှင့်ကောက်ခံမှု သတင်း

အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် စက်တင်ဘာလ(၃၀)ရက်နေ့တွင် အခွန်အကောက်ဥပဒေကို စစ်ကောင်စီက ပြဋ္ဌာန်းခဲ့သည်။ ယခုအကြိမ်ဖြည့်စွက်ပြင်ဆင်မှုတွင် စည်းကြပ်မှုကင်းလွတ်နေသော ဝင်ငွေရလမ်းဖော်ပြနိုင်ခြင်းမရှိသော ဝင် ငွေများအပေါ် အခွန်ကောက်ခံမှုနှင့်စပ်လျဉ်း၍ ဖြေလျှော့မှုဇယားကိုလည်း ထည့်သွင်းဖော်ပြထားသည်။ ထို့ကြောင့် ယခုပြင် ဆင်မှုသည့် ဆင်းကဒ်(Sim Card)အသုံးပြုမှုနှင့် အင်တာနက်အသုံးပြုမှုအပေါ်တွင် အဓိကပစ်မှတ်ထားကန့်သတ်လိုသော ပြင်ဆင်ချက်ဖြစ်နေသည်မှာ ထင်ရှားသည်။

စစ်ကောင်စီ၏ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းများအပေါ် ဝင်ငွေခွန်တိုးမြှင့်ကောက်ခံခြင်းနှင့်စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက်တွင် အင်တာနက်ဝန်ဆောင်မှုများ သုံးစွဲမှုအပေါ် ကုန်သွယ်လုပ်ငန်းခွန် တိုးမြှင့်ကောက်ခံခြင်းသည် နိုင်ငံဝင်ငွေတိုးတက်စေရန်နှင့် အင်တာနက်အလွန်အကျွံသုံးစွဲမှုများကြောင့် ပြည်သူများ၏ အလုပ်အကိုင်များကို ထိခိုက်မှုများ၊ မျိုးဆက်သစ်ကျောင်းသားကျောင်းသူများ၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကို လျှော့ချပေးနိုင်မည်ဆိုသည့် အဓိပ္ပာယ်မဲ့သော ဖော်ပြချက်များအား ထည့်သွင်းဖော်ပြထားသည်ကို တွေ့ရသည်။

ကမ္ဘာ့ဘဏ်၏ ဝက်ဘ်စာမျက်နှာတွင် ဖော်ပြခဲ့သော“Exploring the Relationship Between Broadband and Economic Growth”အစီရင်ခံစာပါ လေ့လာတွေ့ရှိချက်များအရ broadband ထိုးဖောက်မှု(၁၀)ရာခိုင်နှုန်း တိုး တက်လာပါက ဖွံ့ဖြိုးပြီးနိုင်ငံများတွင် GDP ၁.၂၁% တိုးတက်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင် GDP ၁.၃၈% တိုးတက်လာကြောင်း တွေ့ရှိချက်ကို ထည့်သွင်းဖော်ပြထားသည်။ ထို့ကြောင့် စစ်ကောင်စီ၏ ယခုအကြောင်းပြချက်သည် လက်တွေ့ဆိုင်ရာ ယုတ္တိကျမှုနှင့် အတော်လေးကင်းကွာနေသည်ကို တွေ့မြင်နိုင်သည်။


“Exploring the Relationship Between Broadband and Economic Growth” အစီရင်ခံစာပါ ဖော်ပြချက်


(ခ) စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖုန်းလိုင်းများ ဖြတ်တောက်ခံရခြင်း

စက်တင်ဘာလ(၇)ရက်နေ့၌ စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများ၏ ပြင်းထန်သည့် စစ်ရေးတင်းမာမှုများရှိနေသည့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကနီ၊ ပုလဲ၊ ဘုတင်၊ ယင်းမာပင်၊ အရာတော်နှင့် ပင်လည်ဘူး မြို့နယ်များတွင် မိုဘိုင်းလ်ဖုန်းလိုင်းများကို ဖြတ်တောက်လိုက်ပြီး စာတို(SMS)ပင်ပို့မရတော့ဟု ဒေသခံများထံမှသိရကြောင်း ခေတ်သစ်မီဒီယာတွင်ဖော်ပြထားသည်ကို တွေ့ရှိရသည်။


စစ်ကိုင်းတိုင်းအတွင်း မိုဘိုင်းဖုန်းလိုင်းများ ဖြတ်တောက်ခံရမှုအား ခေတ်သစ်မီဒီယာ၏ ဖော်ပြချက်

(ဂ) ကရင်ပြည်နယ် ဖာပွန်ဒေသတွင် အင်တာနက်သာမက ဖုန်းလိုင်းများပါ ဖြတ်တောက်မှုဖြစ်စဉ်

ဖြစ်စဉ်အများစု၌ မိုဘိုင်းဖုန်းအင်တာနက်လိုင်းများသာ ဖြတ်တောက်သည်ကို ယခင်ကတွေ့ရလေ့ရှိပြီး ယခုနောက်ပိုင်းလုပ် ဆောင်ချက်များတွင် အင်တာနက်လိုင်းများသာမက ဖုန်းပြောဆိုမှုနှင့် စာတို(SMS)ဝန်ဆောင်မှုများကိုပါ ဖြတ်တောက်သည့် လုပ်ဆောင်မှုများကိုပါ တိုးမြှင့်လုပ်ဆောင်လာသည်ကို တွေ့ရှိလာရသည်။


DVB သတင်းဌာနပါ ဖာပွန်ဒေသ ဖုန်းလိုင်းဖြတ်တောက်ခံနေရသည့်ဖြစ်စဉ်သတင်း

(ဃ) မိုဘိုင်းဒေတာစျေးနှုန်းများ ထပ်မံတိုးမြင့်လာခြင်း

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ(၈)ရက်နေ့၌ စစ်ကောင်စီ၏ ဖိအားပေးမှုကြောင့် မိုဘိုင်းဒေတာစျေးနှုန်းများ နှစ်ဆခန့်မြင့်မားလာမှုကြောင့် အခက်အခဲဖြစ်နေသော မိုဘိုင်းအင်တာနက်သုံးစွဲသူများအား ထပ်မံဖိနှိပ်နိုင်ရန်အတွက် စစ်ကောင်စီသည် အခွန်အ ကောက်ဥပဒေအားပြင်ဆင်ခဲ့ပြီး အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းများမှ အခွန် ၁၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံရန်ပြဋ္ဌာန်းခဲ့သည်။ ယင်း၏ရိုက်ခတ်မှုကြောင့် မြန်မာနိုင်ငံတွင် လက်ရှိလုပ်ကိုင်နေကြသော မိုဘိုင်းဖုန်းအင်တာနက်ဝန်ဆောင်မှု လုပ်ကိုင်နေကြသည့်လုပ်ငန်းများသည် ဇန်နဝါရီလ(၁၆)ရက်နေ့ ဝန်းကျင်မှစတင်၍ မကြာမီရက်များအတွင်း မိုဘိုင်းဖုန်းအင်တာနက်ဝန်ဆောင်မှုစျေးနှုန်းများ ထပ်မံတိုးမြှင့်မည့်အကြောင်းကို စာတိုများပေးပို့ကာ အကြောင်းကြားခဲ့သည်ကို တွေ့ရှိရပါသည်။


ဆက်သွယ်ရေးဝန်ဆောင်မှုအသီးသီးမှ ပေးပို့လာသော မိုဘိုင်းအင်တာနက် စျေးနှုန်းတိုးမြှင့်မည့် စာတိုများ


ထိုသို့ စာတိုများဖြင့် ပေးပို့အကြောင်းကြားပြီးနောက် (၂၁)ရက်နေ့မှစတင်၍ မိုဘိုင်းအင်တာနက်စျေးနှုန်းများကို တယ်လီကွန်အသီးသီးက စျေးနှုန်အသစ်များနှင့် ပြင်ဆင်ဝန်ဆောင်မှုပေးသည်ကို သတိပြုမိခဲ့ပါသည်။ ဇန်နဝါရီလ(၁၈)ရက်နေ့က သိမ်းဆည်းထားသော မိုဘိုင်းအင်တာနက်စျေးနှုန်းများနှင့် နှိုင်းယှဉ်ကြည့်လျှင် ယခင်က အူရီဒူး(Ooredoo)အသုံးပြုသူများ အနေဖြင့် “၄၅၀ MB”အတွက် ၈၉၉ ကျပ်သာကျသင့်ရာမှ ယခုအချိန်တွင် ၉၉၉ ကျပ်ကုန်ကျသွားသည်ကို တွေ့ရပါသည်။ တယ်လီနောသုံးစွဲသူများအနေဖြင့် ယခင်က ၅၀၀ MB အတွက် ၉၄၉ ကျပ် ကျသင့်ပြီး ယခုအခါ ၉၄၅ ကျပ် ကုန်ကျပါက ၄၂၅ MB သာ သုံးစွဲခွင့်ရရှိတော့မည် ဖြစ်ပါသည်။ ယခင်က ငွေကျပ် ၁,၉၉၉ ကျပ် သုံးစွဲလျှင် ၁၀၅၀ MB ရရှိနေရာမှ ယခုအ ချိန်တွင် ၉၆၅ MB သာ သုံးစွဲခွင့်ရရှိတော့သည်ကို တွေ့ရှိရပါသည်။

ထပ်မံပြောင်းလဲလိုက်သော အင်တာနက်ဒေတာစျေးနှုန်းများအရ မြန်မာနိုင်ငံတွင် အနိမ့်ဆုံးလုပ်ခလစာရရှိသူများအ နေဖြင့် လစဉ်အင်တာနက် 5G ပမာဏသုံးစွဲရန်အတွက် ဝင်ငွေ၏ ၈.၆ ရာခိုင်နှုန်းဝန်းကျင်သုံးစွဲမှသာ သုံးစွဲနိုင်မည့် အခြေအ နေရှိသည်။ စစ်အာဏာမသိမ်းခင်က နှုန်းထားဖြစ်သည့် အင်တာနက် 1G လျှင် မြန်မာငွေ ၁,၀၀၀ ကျပ်ဖြင့် တွက်ချက်ပါက နှစ်ဆကျော်ခန့် မြင့်တက်သွားသည်။


ဒုတိယအကြိမ်း စျေးနှုန်းမတက်ခင်နှင့် စျေးနှုန်းတက်ပြီးနောက် Telenor Myanmar ၏ Mobile Data သုံးစွဲနိုင်မှု အခြေအနေ

(င) တယ်လီနောမြန်မာအား စစ်အုပ်စုကျောထောက်နောက်ခံ ရွှေဗျိုင်းဖြူကုမ္ပဏီနှင့် M1 Group အား

ပူးတွဲ ဝယ်ယူခွင့်ပြုခြင်း

မရေမရာဖြစ်နေသော တယ်လီနော၏ပိုင်ရှင်လွဲပြောင်းရောင်းချရေးအစီအစဉ်ကို စစ်အုပ်စု၏ကျောထောက်နောက်ခံပြု ရွှေဗျိုင်းဖြူကုမ္ပဏီနှင့် လက်ဘနွန်ပိုင် M1 လုပ်ငန်းတို့မှ ပူးတွဲဝယ်ယူရန် စစ်ကောင်စီက ခွင့်ပြုခဲ့ကြောင်း ရိုက်တာ(Reuter)သ တင်းဌာန၏ သတင်းဖော်ပြချက်အပေါ် ကိုးကာပြီး သတင်းဋ္ဌာနအသီးသီးမှ ပြန်လည်ရေးသားဖော်ပြခဲ့ကြသည်။

စစ်တပ်နှင့်နီးစပ်သော ခရိုနီကြီးများအနေဖြင့် တယ်လီနောကိုဝယ်ယူရန် စိတ်ဝင်စားနေသည့် သတင်းများ နိုဝင်ဘာလအတွင်း ထွက်ပေါ်လာပြီးနောက် ဇန်နဝါရီ(၂၁)ရက်နေ့တွင် ရွှေဗျိုင်းဖြူကုမ္ပဏီနှင့် M1 Group တို့အား ပူးတွဲဝယ်ယူခွင့်ပြုကြောင်း ရိုက်တာ(Reuter)မှ စတင်ရေးသားလာခြင်းဖြစ်သည်။

ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်ဆိုသူမှာ စစ်တပ်ပိုင် Mytel ကုမ္ပဏီတွင် ပါဝင်ရင်းနှီးမြှုပ်နှံထားသည့် မဟာရိုးမအများပိုင်ကုမ္ပဏီ၏ ဒါရိုက်တာတစ်ဦးလည်းဖြစ်သည်ဟု ရိုက်တာ(Reuters)က ရေးသားသည်။ ရွှေဗျိုင်းဖြူကုမ္ပဏီသည် စစ်ကောင်စီခန့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ကျောထောက်နောက်ခံပေးထားသည့်ကုမ္ပဏီဖြစ်ကြောင်း၊ တယ်လီနောမြန်မာဝယ်ရေးနှင့်ပတ်သက်၍ ရေတပ်ဦးစီးချုပ်နှစ်ဦးအကြား အားပြိုင်မှုများဖြစ်နေကြောင်း ဧရာဝတီသတင်းဌာန၏ ယခုလဆန်းပိုင်း သတင်းတစ်ပုဒ်တွင် ဖော်ပြသည်။”ဟု တယ်လီနောရောင်းချမှုနှင့်ပတ်သက်ပြီး Myanamar Now သတင်းတစ်ရပ်တွင် သတင်းရေးသားဖော်ပြထားသည်ကို တွေ့ရှိရသည်။


Myanmar Now သတင်းဌာနပါ တယ်လီနော ရောင်းချမှုအား ရွှေဗျိုင်းဖြူကုမ္ပဏီနှင့် M1 Group အား ဝယ်ယူခွင့်ပြုသည့် သတင်း


ယင်းရောင်းချမှုအပြီးသပ်ခဲ့ပါက မြန်မာ့ဆက်သွယ်ရေးကဏ္ဍတွင် အူရီဒူး(Ooredoo)မှအပ အခြားသောဆက်သွယ်ရေးအော်ပရေတာများသည် စစ်တပ်နှင့်နီးစပ်သူများသာ လက်ဝါးကြီးအုပ်ထားသောလုပ်ငန်းစုများအဖြစ် တည်ရှိသွားမည်ဖြစ် သည်။


Recommended Citation Style -


Myanmar Internet Project. (2022, March 30). DIGITAL COUP QUARTERLY ( November 2021 to January 2022).  https://www.myanmarinternet.info/my/post/quartely-report-004

25 views

コメント


bottom of page