လတ်တလော ဆက်သွယ်ရေးဆိုင်ရာ ပြတ်တောက်မှုများနှင့်ပတ်သက်ပြီး မြန်မာအင်တာနက်ပရောဂျက်(MIP)၏ ထုတ်ပြန်ချက်
- Myanmar Internet Project
- Mar 29
- 1 min read
Updated: Apr 1
၂၀၂၅ ခုနှစ် မတ်လ(၂၈)ရက်၊ နေ့လယ် ၁၂ နာရီ ၅၀ မိနစ်ဝန်းကျင်တွင် စစ်ကိုင်းမြို့အနီးဗဟိုပြု၍ အင်အား ၇.၇ ရစ်ချက်တာစကေးရှိ ငလျင်လှုပ်ခတ်အပြီးတွင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်း၊ မြင်းခြံ၊ ကျိုက်ထို၊ ပြင်ဦးလွင်၊ တောင်ကြီး စသည့်မြို့နယ်များအပါအဝင် မြန်မာနိုင်ငံအနှံ့အ ပြားတွင် ဖုန်းခေါ်ဆိုမှုအခက်အခဲများ ဖြစ်ပေါ်ခဲ့သည်။
ငလျင်ဒဏ်ကြောင့် စစ်ကောင်စီစစ်တပ်အသုံးပြုနေသည့် မြေအောက်ဖိုက်ဘာလိုင်းများထိခိုက်မှုရှိသည်ဟု မဇ္ဈိမ (Mizzima)သတင်းဌာနမှ ရေးသားဖော်ပြထားသည်။ မြန်မာအင်တာနက်မရောဂျက်(MIP)၏တွေ့ရှိချက်အရ “gov.mm” ဒိုမိန်း(Domain)ဖြင့်အသုံးပြုသောစစ်ကောင်စီ၏ဝက်ဆိုဒ်(Website)အများစုမှာ ငလျင်အပြီးတွင် အသုံးပြုမရဖြစ်နေသည်ကို တွေ့ရှိခဲ့ရသည်။
ငလျင်ဖြစ်ပေါ်ခဲ့ပြီးနောက် ဆက်သွယ်ရေးတာဝါတိုင်များ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ ဓာတ်တိုင်များပျက်စီခဲ့သည်ဟု ဖော်ပြချက်များတွေ့ရသော်လည်း “Mobile Operator”များအနေဖြင့် ဖုန်းလိုင်းများဆက်သွယ်ရခက်ခဲနေသည့်အ ခြေအနေနှင့်ပတ်သက်သည့်အခြေအနေများကို အများပြည်သူများသို့ ရှင်းလင်းစွာထုတ်ပြန်ပြောကြားမှုများ မရှိသည်ကိုတွေ့ရသည်။
ထို့အပြင် ငလျင်ဒဏ်ကြောင့် လျှပ်စစ်မီးဖြန့်ဖြူးရေးဆိုင်ရာအခြေခံအဆောက်အုံများထိခိုက်မှုရှိခဲ့ပြီး တစ်နိုင်ငံလုံးအ တိုင်းအတာဖြင့် လျှပ်စစ်မီးပြတ်တောက်မှုများဖြစ်ပေါ် နေသည်။ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC) အနေဖြင့် သဘာဝဘေးအန္တရာယ်ကြောင့် လျှပ်စစ်မီးဆိုင်ရာအခြေခံအဆောင်အအုံများပြင်ဆင်ပြီးသည့် အချိန်မတိုင်ခင် မြန်မာနိုင်ငံ၏လူဦးရေအထူထပ်ဆုံးဖြစ်သည့် ရန်ကုန်မြို့အား တစ်နေ့လျှင်(၄)နာရီသာ အလှည့်ကျဓာတ်အားဖြန့်ဖြူးနိုင်မည်ဟု ထုတ်ပြန်ကြေညာထားသည်။
စစ်ကောင်စီအနေဖြင့် အင်အားပြင်းငလျင်လှုပ်ခတ်အပြီးတွင် စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူးတိုင်းဒေသကြီးများနှင့် ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေများအား အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့သည်။ စစ်ကောင်စီသည် ငလျင်ဒဏ်ပြင်းထန်စွာခံရသည့်ဒေသများကို အရေးပေါ်အခြေအနေအဖြစ်ကြေညာခဲ့သော်လည်း ယင်းဒေသများထဲမှ ဒေသ(၃)ခုဖြစ်သည့် ရှမ်းပြည်နယ် နောင်ချို၊ စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးနှင့် ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်အတွင်းရှိ နေရာများကို ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
ကပ်ဘေးကာလအတွင်း စစ်ကောင်စီ၏အင်တာနက်ဆက်လက်ပိတ်ထားမှုသည် အကျပ်အတည်းကို ပိုမိုဆိုးရွားစေ သည်။ စစ်အစိုးရသည် နှစ်ပေါင်းများစွာ အင်တာနက်ဖြတ်တောက်မှုကို ပြုလုပ်နေပြီး အရေးပေါ်အခြေအနေများနှင့် ကြုံတွေ့စဉ်ကာလာများတွင်ပင် အင်တာနက်ပြန်လည်ဖွင့်ပေးရန် လစ်လျှူရှု ငြင်းဆန်သည်။ ၂၀၂၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သော အဆင့် (၅)ပြင်းအားရှိ ဆိုက်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီးစဉ်ကလည်း ယင်းလစ်လျူရှုမှုကို ထင်ရှားစွာတွေ့ရပြီး ယခုလူသေဆုံးမှု များပြားသည့် ငလျင်လှုပ်ခတ်ပြီး အရေးပေါ်အခြေအနေတွင်လည်း အလားတူပင် အင်တာနက်ဖြတ်တောက်မှုများ ဆက်လက်ပြုလုပ်ထားသည်ကို ထင်ရှားစွာတွေ့ရသည်။ ထိုသို့ အင်တာနက်အသုံးမပြုနိုင်သည့်အခြေအနေများသည် သဘာဝဘေး အန္တရာယ်တုံ့ပြန်ရေးအတွက် ရင်ဆိုင်ရာတွင် အခက်အခဲများဖြစ်စေပြီး ကူညီဆောင်ရွက်ရေးလုပ်ငန်းစဉ်များအတွက် ညှိနှိုင်းဆောင်ရွက်ရေးတွင် အဟန့်အတားဖြစ်စေကာ အကူအညီလိုအပ်နေသူများ၏အကူအညီတောင်းခံနိုင်စွမ်းကို ထိခိုက်စေ သည်။
မြန်မာအင်တာနက်ပရောဂျက်(MIP)၏လေ့လာတွေ့ရှိချက်အရ ၂၀၂၄ ခုနှစ် တစ်နှစ်တည်းတွင်ပင် အာဏာသိမ်းစစ်ကောင်စီသည် မြို့နယ်ပေါင်း(၈၂)မြို့နယ်တွင် အင်တာနက်ဖြတ်တောက်မှုပေါင်း အကြိမ်(၁၃၀)ကျော် လုပ်ဆောင်ခဲ့သည်။ စစ်ကောင်စီ၏ အင်တာနက်နှင့်ဖုန်းလိုင်းဖြတ်တောက်ထားမှုကို ခံစားနေရသည့် ငလျင်ဒဏ်သင့် မြို့နယ်များ၏ပျက်စီးဆုံးရှုံးမှုနှင့် အကူအညီလိုအပ်မှုအခြေအနေသည်လည်း ယခုကာလတွင် အထူးစိတ်ပူပန်စရာဖြစ်နေသည်။ ငလျင်ဒဏ်ကြောင့် အ ဆောက်အဦးပျက်စီးမှု၊ လျှပ်စစ်နှင့်ဆက်သွယ်ရေးဆိုင်ရာ ပြတ်တောက်မှုများနှင့်တွေ့ကြုံနေစဉ် စစ်ကောင်စီအနေဖြင့် ဗုံးကြဲ တိုက်ခိုက်မှုများကို ဆက်လက်ပြုလုပ်ခဲ့မှုကြောင့် ငလျင်ဒဏ်သင့်ခံရသည့်ဒေသတွင် နေထိုင်သူများအနေဖြင့် လူလုပ်ဘေးနှင့်သဘာဝဘေး အန္တရာယ်နှစ်ခု၏ ဒဏ်ကို ပြင်းထန်စွာ ခံစားနေရသည်။
မြန်မာအင်တာနက်ပရောဂျက်(MIP)
Comments