အာဏာသိမ်းကာလတစ်လျှောက်လုံး၌ ဒစ်ဂျစ်တယ်ရပ်ဝန်းအပေါ် ပုံစံမျိုးစုံ၊ အသွင်သဏ္ဍန်မျိုးစုံဖြင့် စစ်ကောင်စီ၏ဖိနှိပ်ရန်ကြိုးစားလုပ်ဆောင်နေမှုသည် သံသယဖြစ်ရန်စိုးစဉ်းမျှမရှိသော အမှန်တရားတစ်ခုဖြစ်ပါသည်။ ထိုသို့လုပ်ဆောင်ခဲ့သောဖြစ် စဉ်များထဲမှ ထင်သာမြင်သာရှိသော လုပ်ဆောင်ချက်များအား သုံးသပ်ကြည့်မည်ဆိုပါက အင်တာနက်ကို ပုံစံမျိုးစုံဖြင့် ပိတ် ဆို့မှုများ၊ လူသုံးများသောလူမှုကွန်ရက်မီဒီယာ(Social Media Platform)များအား ပစ်မှတ်ထားပိတ်ဆို့မှုများ၊ အင်တာနက်ပေါ်တွင် မိမိ၏အမြင်နှင့် ယုံကြည်ချက်များအား ထုတ်ဖော်ရေးသားသူများအပေါ် ဖိနှိပ်ဖမ်းဆီးမှုများ စသဖြင့်တွေ့မြင်နိုင်ပါသည်။
ထိုသို့ လူထု၏သတင်းအချက်အလက်ရရှိမှုအပေါ် စစ်ကောင်စီသည် ဖိနှိပ်ရုံသာမက အင်တာနက်ပလက်ဖောင်းကိုအ သုံးပြုပြီး လူထု၏သတင်းချက်အလက်ရရှိမှုကို ဝေဝါးသွားစေရန်၊ ဒွိဟဖြစ်စေရန်၊ ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် ကြိုး ပမ်းနေကြသူများအကြား ဦးတည်ချက်ကွဲပြားစေရန်နှင့် လူထု၏အမြင်အားချယ်လှယ်ရန် သတင်းအချက်အလက်များကို လက်နက်ပုံစံအသုံးပြုသည့်ဖြစ်စဉ်များလည်း တွေ့ရှိရပါသည်။ ထိုလုပ်ဆောင်ချက်များသည် လူထု၏လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ သတင်းအချက်အလက်ရရှိပိုင်ခွင့်၊ ဆင်ဆာဖြတ်တောက်မှု၊ လူထုအပေါ်ဆိုက်ဘာအနိုင်ကျင့်မှုအပါအဝင်သတင်းဂေဟစနစ်၏အချိုးညီမှုအပေါ်ပါ အလွန်အမင်းသက်ရောက်မှုကြီးစေသောအခြေအနေများ ဖြစ်ပါသည်။
တွေ့ရလေ့ရှိသော သတင်းလက်နက်နှင့် နည်းပရိယာယ်များ
အာဏာရှင်များသည် သတင်းအချက်အလက်များအား လက်နက်ပုံစံအသုံးပြုရာတွင် နည်းပရိယာယ်အသွင်မျိုးစုံဖြင့် အသုံး ပြုလေ့ရှိကြတာကို တွေ့ရပါသည်။
(၁) မှားယွင်းသော ဇာတ်ကြောင်းများဖြန့်ခြင်း - ထိုလုပ်ဆောင်မှုများထဲမှ တွေ့ရလေ့ရှိသည့်ပုံစံတစ်ခုမှာ ၎င်းတို့စိတ်တိုင်းကျဖန်တီးထားသည့် သတင်းအချက်အလက်မှားများကိုအသုံးပြုပြီး ၎င်းတို့ကို လူထုက ထောက်ခံဟန် (သို့မဟုတ်) အတိုက်အခံများအပေါ် လူထု၏အားပေးမှုလျှော့ကျလာဟန် စသည့်ဖြင့် လုပ်ဆောင်ကြသည်ကို တွေ့ရပါသည်။
(၂) သဘောထားကွဲလွဲမှုများအပေါ် ဖိနှိပ်ခြင်း - ဝေဖန်သူများ၊ တက်ကြွလှုပ်ရှားသူများနှင့် အတိုက်အခံများ၏အသံများအပေါ် ပစ်မှတ်ထားဖိနှိပ်မှုများကို ယခုပုံစံတွင် တွေ့ရလေ့ရှိပါသည်။ ထိုသို့လုပ်ဆောင်မှု၏ အကျိုးဆက်များမှာ လူတစ်ဦးခြင်းသည် မိမိ၏ရေးသားပြောဆိုချက်များအပေါ် မိမိကိုယ်တိုင်ဆင်ဆာပြုလုပ်မှုကိုဖြစ်ပေါ်စေပြီး နှုတ်ဆိတ်မှုဆီကို ဦးတည်သွားနိုင်သည့်လုပ်ဆောင်ချက်လည်းဖြစ်သည်။
ဗင်နီဇွဲလားနိုင်ငံသည် နိုင်ငံရေးစီးပွားရေးအကျပ်အတည်းများကို ထိန်းချုပ်ရေးနှင့် အတိုင်အခံများ၏ ထုတ်ဖော်ပြော ဆိုမှုများအပေါ်ထိန်းချုပ်နိုင်ရေးအတွက် သတင်းမှားများပါဝင်သည့် ဇာတ်ကြောင်းများဖြန့်ဝေခြင်း၊ အတိုက်အခံများ၏ ထုတ် ဖော်ပြောဆိုမှုများကို ဖိနှိပ်ခြင်းနှင့် ဆင်ဆာဖြတ်တောက်ခြင်းများကို ထင်ထင်ရှားရှားလုပ်ဆောင်ခဲ့သည်ကို တွေ့ရသည်။
(၃) ယုံကြည်မှုကို ယုတ်လျော့စေခြင်း - ယင်းလုပ်ဆောင်မှုသည် သတင်းမီဒီယာနှင့် အဖွဲ့အစည်းများအပေါ်တွင် လူထု၏ယုံ ကြည်မှုလျော့နည်းသွားစေရေးကို ဦးတည်လုပ်ဆောင်သည့်ပုံစံတစ်ခုဟု ဆိုနိုင်ပါသည်။ သတင်းမှန်နှင့် သတင်းမှားများ ခွဲခြားမှုခက်ခဲစေရန်အတွက် အာဏာရှင်များသည် ၎င်းတို့၏ လက်ဝေခံမီဒီယာများအားအသုံးပြုပြီး သတင်းတုများဖြန့်ဝေမှုများပြု လုပ်ခြင်းဖြင့် လူထု၏သတင်းစားသုံးမှုအပေါ် ဝေဝါးစေရန် ဖန်တီးကြပါသည်။ ထို့အပြင် ဆန့်ကျင်ဘက်သတင်းပုံစံမျိုးစုံကို ဖန်တီးခြင်းအားဖြင့်လည်း သတင်းစားသုံးသူများ၏ ခွဲခြားနိုင်စွမ်းအား ဝေဝါးအောင်ဖန်တီးလေ့ရှိသည်ကိုလည်း တွေ့ရသည်။
ကမ္ဘာ့ပေါ်တွင် အလွန်ရက်စက်သောအာဏာရှင်နိုင်ငံတစ်ခုအဖြစ်ထင်ရှားသည့် မြောက်ကိုရီးယားအစိုးရသည် နိုင်ငံပိုင်မီဒီယာချန်နယ်များနှင့် အွန်လိုင်းပလက်ဖောင်းများအားအသုံးပြုပြီး ၎င်း၏အထီးကျန်ပြည်သူများထံ ဝါဒဖြန့်သတင်းများဖြန့်ဝေရာတွင် အလွန်ထင်ရှားသည်။
(၄) လူမှုကွန်ရက်အား ချယ်လှယ်ရန် ကြိုးပမ်းခြင်း - အာဏာရှင်များသည် ၎င်းတို့ဖန်တီးထားသည့်သတင်းများ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့မှုအားကောင်းစေရေးအတွက် Bots and Trolls များအားလည်း အသုံးပြုကြသည်ကို တွေ့ရပါသည်။ ယင်းသို့ အာဏာရှင်များဖန်တီးထားသည့်အကောင့်တုများ၏လွှမ်းမိုးမှုများကြောင့် သတင်းမှန်များအပြန့်ကျယ်မှုကျဆင်းသွားစေပြီး လူ မှုကွန်ရက်ပေါ်တွင် ၎င်းတို့မြင်တွေ့စေလိုသည့်သတင်းများကို အသုံးပြုသူများ ပိုမိုတွေ့မြင်ရသည့်အခြေအနေများ ဖြစ်ပေါ်စေနိုင်ပါသည်။
ဆော်ဒီအစိုးရသည် အတိုက်အခံများ၏အသံများတိမ်မြုပ်စေရေးအပါအဝင် နိုင်ငံတကာအမြင်များကို လွှမ်းမိုးနိုင်ရေးနှင့် အစိုးရ၏လုပ်ဆောင်ချက်များအပေါ် အပြုသဘောဆောင်သည့်အကြောင်းအရာများသာပျံ့နှံ့စေရေးအတွက် Bots and Trolls များအသုံးပြုသည်ဟု အစွပ်စွဲခံရသည့်ဖြစ်စဉ်များရှိသည်။
(၅) နိုင်ငံတကာ၏အမြင်များအပေါ် ချယ်လှယ်ခြင်း - လူထုအပေါ်တွင်သာမက နိုင်ငံတကာရပ်ဝန်း၏အမြင်များ၊ အခြားသောနိုင်ငံအစိုးရများ၏ အမြင်များအပေါ်တွင်ပါ လွှမ်းမိုးချယ်လှယ်နိုင်ရေးအတွက် အာဏာရှင်များသည် သတင်းအချက်အလက်ကို လက်နက်သဖွယ်အသုံးပြုဖြန့်ဝေမှုများပြုလုပ်တတ်ကြပါသေးသည်။
အာဏာရှင်နိုင်ငံတစ်ခုအဖြစ်ထင်ရှားသည့် တရုတ်နိုင်ငံသည် ၎င်း၏အကျိုးစီးပွားကို ပံ့ပိုးပေးသည့် ဇာတ်ကြောင်းများကိုပုံဖော်ကာ နိုင်ငံတကာအမြင်များအား ချယ်လှယ်နိုင်ရေးအတွက် သတင်းအချက်အလက်ကိုပုံစံမျိုးစုံဖြင့် အသုံးပြုလေ့ရှိသည်။ လူမှုကွန်ရက်ပေါ်တွင်လည်း တရုတ်အစိုး၏ ကျောထောက်နောက်ခံပြု စာမျက်နှာများကိုဖွင့်လှစ်ပြီး လုပ်ဆောင်လေ့ရှိသည်ကို မကြာခဏတွေ့ရှိရသည်။
(၆) ရွေးကောက်ပွဲကို ပုံဖျက်ခြင်း - ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များကို သံသယဝင်နိုင်စေရေးအတွက် မဟုတ်မမှန်သော သတင်းအချက်အလက်ဖြန့်ဝေခြင်းများပြုလုပ်နိုင်ရေးအတွက်လည်း အာဏာရှင်များသည် သတင်းလက်နက်အားအသုံးပြုလာကြသည်ကို တွေ့ရှိရသည်။ ထိုသို့လုပ်ဆောင်မှုများတွင် မိမိနိုင်ငံနယ်နိမိတ်အတွင်းတွင်သာမက အခြားသောနိုင်ငံများနှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များအပေါ်တွင်ပင် လွှမ်းမိုးနိုင်ရေးအတွက် အာဏာရှင်များလုပ်ဆောင်ခဲ့သော ဖြစ်စဉ်များလည်း ရှိခဲ့သည်။
အမေရိကန်နှင့် ဥရောပနိုင်ငံအချို့၏ ရွေးကောက်ပွဲလုပ်ငန်းစဉ်များအပေါ်တွင်ချယ်လှယ်နိုင်ရေးအတွက် လုပ်ဆောင်မှုများကို ရုရှားနိုင်ငံကပြုလုပ်ခဲ့သည်ဟု ကျယ်ကျယ်ပြန့်ပြန့် စွပ်စွဲခံခဲ့ရဖူးသည်။
အထက်တွင် ဖော်ပြခဲ့သောအချက်အလက်များသည် အာဏာရှင်များ၏သတင်းအချက်အား လက်နက်အဖြစ်အသုံးပြုဖော်ဆောင်ရာတွင် တွေ့ရလေ့ရှိသောနည်းဗျူဟာများထဲမှ အသုံးများသောနည်းဗျူဟာများဖြစ်သည်။
သတင်းကို လက်နက်သဖွယ်အသုံးပြုနေသော စစ်ကောင်စီ
မြန်မာ့အာဏာသိမ်း စစ်ခေါင်းဆောင်များအနေဖြင့်လည်း ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း၌ အွန်လိုင်းရပ်ဝန်းဖိနှိပ်မှုများလုပ်ဆောင်ရာတွင် သတင်းအားလက်နက်သဖွယ်အသုံးပြုမှုကို ပုံစံအမျိုးမျိုးဖြင့်လုပ်ဆောင်ခဲ့သည်။
ထိုသို့လုပ်ဆောင်ချက်များထဲတွင် သိသာထင်ရှားသည်မှာ အင်တာနက်အတွင်းပြောဆိုမှုများကို စောင့်ကြည့်၍ ဖမ်းဆီးခြင်းဖြစ်သည်။ စစ်ကောင်စီအား ဆန့်ကျင်သည့် ပြောဆိုရေးသားမှုများကို အင်တာနက်အသုံးပြုသူများက အွန်လိုင်းပေါ်တွင် ပြုလုပ်ကြသည်ကို စစ်ကောင်စီအားပေးသောလော်ဘီချန်နယ်(Lobby Channel)များက ဖော်ထုတ်၍ ယင်းတွင် ဖော်ပြလာသည်များအား ဖမ်းဆီးအရေးယူခြင်းကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းအားဖြင့် အင်တာနက်သုံးစွဲသူများအပေါ် အကြောက်တရားလွှမ်းမိုးစေရန်နှင့် အင်တာနက်ပေါ်တွင်ရေးသားမှုများအား မိမိကိုယ်တိုင်ဆင် ဆာပြုလုပ်ပြီး နှုတ်ဆိတ်သွားစေရန်ဆိုသော ရည်ရွယ်ချက်များဖြင့်လုပ်ဆောင်သည်ကို တွေ့ရသည်။ ထိုသို့စစ်ကောင်စီက ဖမ်းဆီးလာနိုင်ရန်ဖော်ထုတ်ပေးသည့် လော်ဘီချန်နယ်(Lobby Channel)များထဲတွင် “ဟန်ငြိမ်းဦး”ချန်နယ်မှာ ထင်ရှားသည်။
မှားယွင်းသောဇာတ်ကြောင်းများဖန်တီးပြီး ၎င်းတို့အလိုကျသတင်းအချက်အလက်များဖြန့်ဝေရေးအတွက် စစ်ကောင်စီသည် လော်ဘီချန်နယ်များနှင့် ၎င်းတို့ကျောထောက်နောက်ခံပြု သတင်းမီဒီယာအမည်ခံချန်နယ်များအားအသုံးပြုပြီး နေ့စဉ်လုပ်ဆောင်နေသည်ကို တွေ့ရသည်။ တပ်ကြပ်ကြီးဖိုးစည်၊ အသန်း(ICG)၊ Kyaw Win Maung၊ Ko Thet စသည့် လူတစ်ဦးခြင်းနာမည်များဖြင့် ဖွင့်လှစ်ထားသည့်ချန်နယ်များကို အသုံးပြုနေသည့်အပြင် DGF21News၊ Myanmar Update News၊ NP News Myanmar၊ People Media စသည့် နာမည်များကိုအသုံးပြုကာ သတင်းမှားများ နေ့စဉ်ဖန်တီးရေး သားနေသည်ကို တွေ့ရသည်။ အထက်ပါဖော်ပြထားသည့်ချန်နယ်(Channel)များမှာ သတင်းမှားများဖြန့်ဝေရာတွင် စစ်ကောင်စီအနေဖြင့် အသုံးပြုသည့်ချန်နယ်များထဲမှ အနည်းအငယ်သာဖြစ်သည်။
ပိုမိုသိမ်မွေ့၍ အင်အားပြင်းထန်သည့် သတင်းလက်နက်အသုံးပြုလာမှု
လူထုအတွင်း သတင်းအချက်အလက်ဝေဝါးမှုများဖြစ်ပေါ်စေရန်အတွက် အထက်ပါနည်းလမ်းများကို စစ်ကောင်စီက အသုံး ပြုနေသည်။ ထို့အပြင် နိုင်ငံတကာအသိုင်းအဝိုင်းတွင်လည်း အစိုးရများ၏အမြင်များကို လွှမ်းမိုးနိုင်ရန်နှင့် မြန်မာ့ဒီမိုကရေစီပြန်လည်ရှင်သန်ရေးအတွက် လှုပ်ရှားလုပ်ဆောင်နေသူများအကြား ကွဲလွဲသည့်အမြင်များဖြစ်ပေါ်လာစေရန် ပိုမိုသိမ်မွေ့သည့်နည်းလမ်းများကို အသုံးပြုလာနေသည်။
စစ်ကောင်စီ၏ပုံရိပ်သည် နိုင်ငံတကာအစိုးရများ၏အကြားတွင် အကြီးအကျယ်ကျဆင်းနေသည်။ ထိုအခြေအနေကို စစ်ကောင်စီအနေဖြင့်လည်း ကောင်းစွာရိပ်စားမိသည်။ ယင်းအခြေအနေကို တုန့်ပြန်နိုင်ရန်အတွက် အာဏာသိမ်းကာလအစပိုင်းတွင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် Phoenix TVနှင့် ရုရှားအစိုးရပိုင် RIA Novosti သတင်းဌာတို့ဖြင့်တွေ့ဆုံကာ အင်တာဗျူးဖြေကြားခြင်း၊ CNN သတင်းဌာနအား နိုင်ငံအတွင်းသို့ဖိတ်ခေါ်ကာ နိုင်ငံတကာသို့ ၎င်းတို့ပေးပို့လိုသည့် သတင်းစကားများဖြန့်ဝေနိုင်ရန်ကြိုးပမ်းမှုများကိုပြုလုပ်ခဲ့သော်လည်း သိသာသည့်အောင်မြင်မှုများမရရှိခဲ့သည်ကို တွေ့ရသည်။
စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းခြင်း၊ စွပ်စွဲအရေးယူခြင်းနှင့် ထောင်တွင်းအကျဉ်းကျခြင်းများကိုခံနေရသော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်ကောင်စီ၏တာဝန်ရှိသူများအကြား တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေ သည်ဆိုသောသတင်းများသည် အာဏာသိမ်းကာလနှစ်နှစ်ကျော်အကြာတွင် လူထုအကြားသို့ စတင်ပျံ့နှံလာသည်ကို တွေ့ရသည်။
“၂၀၂၃ ခုနှစ် မေလ ၂၇ နှင့် ဇွန်လ ၄ ရက်နေ့တို့တွင် စစ်ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦးတို့သည် နေပြည်တော်အချုပ်ထောင်ရှိ ဒေါ်အောင်ဆန်းစုကြည်နှင့် သွားရောက်တွေ့ဆုံခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။ စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက အဆိုပါသတင်းအား ငြင်းဆိုခဲ့သည်”ကို တွေ့ရသည်။
ထို့နောက် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai နှင့်တွေ့ဆုံဆွေးနွေးရန် စစ်ကောင်စီက ခွင့်ပြုခဲ့ကြောင်းသတင်းများ ထွက်ပေါ်လာခဲ့သည်။ ထိုင်းနိုင်ငံခြား ရေးဝန်ကြီး Don Pramudwinai ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရခဲ့သည်ဟု ဖြေကြားခဲ့ကြောင်း Nikkei Aisa သတင်းဌာနက သတင်းဖော်ပြခဲ့သည်။ ယင်းသတင်းထွက်ပေါ်မှုမှန်ကန်ကြောင်း စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗီအိုအေ(VOA)သတင်းဌာနသို့ဖြေကြားခဲ့ပြီး ယင်းတွေ့ဆုံမှုသည်(၁)နာရီခွဲခန့်ကြာမြင့်သည့် သီးခြားတွေ့ဆုံမှုဖြစ်ကြောင်းနှင့် အသေးစိတ်အချက်အလက်များကို မသိရှိရကြောင်းထည့်သွင်းဖြေကြားခဲ့သည်။
ထိုသို့ သတင်းများထွက်ပေါ်ခဲ့သော်လည်း ယင်းတွေ့ဆုံမှုနှင့်ပတ်သက်သည့် ဆွေးနွေးပြောဆိုချက်များကို တရားဝင်သ တင်းထုတ်ပြန်ခြင်းနှင့် သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ဆွေးနွေးမှုဆိုင်ရာရလဒ်များအား ထုတ်ဖော်ပြောကြားမှုများလုပ် ဆောင်ခဲ့ခြင်းမရှိသည်ကို တွေ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက်တွင် ကုလသမဂ္ဂအထူးကိုယ်စားအပါအဝင် မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ်တို့၏တွေ့ဆုံရန်တောင်းဆိုမှုများအားလုံးကို စစ်ကောင် စီက ငြင်းဆိုခဲ့သည်။
ထိုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့၏ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့သည်ဆိုသောသတင်းများထွက်ပေါ်ပြီး ရက်ပိုင်းအတွင်းတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ဓာတ်ပုံပါဝင်သော စစ်ကောင်စီ၏ဝါဒဖြန့်လက်ကမ်းစာ စောင်များဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။ ယင်းလက်ကမ်းစာစောင်များတွင် ဒေါ်အောင်ဆန်းစုကြည်က လက်နက်ကိုင်တော်လှန်နေသူတို့ကို အားမပေးကြောင်း ထည့်သွင်းဖော်ပြထားသည်။
၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်အချုပ်ထောင်မှအဆင့် မြင့်အိမ်ရာတစ်ခုသို့ စစ်ကောင်စီက ပြောင်းရွေ့ထားသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏တာဝန်ရှိသူတစ်ဦးကိုကိုးကား၍ အေအက်ဖ်ပီသတင်းဌာနကဖော်ပြကြောင်း ပြည်တွင်းသတင်းဌာနများ၌ သတင်းဖော်ပြခဲ့သည်။ ထိုသို့ဖော်ပြရာတွင် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏မည်သည့်အဆင့်ရှိသော တာဝန်ရှိသူဖြစ်ကြောင်းနှင့် မည်သူမည်ဝါဖြစ်ကြောင်း အသေး စိတ်ဖော်ပြထားခြင်းမရှိသည်ကိုလည်းတွေ့ရသည်။ ယင်းသတင်း၏အစအား ခြေရာကောက်ရာ၌ ဇူလိုင်လ(၂၅)ရက်နေ့တွင် ဘီဘီစီမြန်မာပိုင်း(BBC Burmese)သတင်းဌာနမှ စတင်ဖော်ပြခဲ့ခြင်းဖြစ်သည်ကို တွေ့ရသည်။
ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ပြောင်းရွေ့သည့်သတင်းနှင့် မရှေးမနှောင်းတွင် ဒေါ် အောင်ဆန်းစုကြည်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်တို့ တွေ့ဆုံခဲ့သည်ဆိုသောသတင်းများလည်း ထွက်ပေါ်ခဲ့သည်။ နေပြည် တော်ရောက်ရှိနေသည့် တရုတ်အစိုးရ၏အာရှရေးရာအထူးကိုယ်စားလှယ်နှင့်လည်း တွေ့ဆုံနိုင်ဖွယ်ရှိသည်ဟု အာရ်အက်ဖ်အေ(AFP)သတင်းဌာနက ရေးသားသည်ကိုလည်း တွေ့ရှိရသည်။
ထိုကဲ့သို့ သတင်းများထွက်ပေါ်ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွေ့ခံရခြင်းမရှိပဲ နေပြည်တော်အကျဉ်းထောင်၏သီးသန့်ဆောင်တွင်သာ ဆက်လက်ရှိနေကြောင်းသတင်းများ နောက်ပိုင်းတွင်ပြန်လည်ဖော်ပြခဲ့သည်ကို တွေ့ရသည်။ “ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်အကျဥ်းထောင်ကနေ နေအိမ်အကျယ်ချုပ်ပြောင်း ရွှေ့လိုက်တယ်ဆိုတဲ့”သတင်းကို သူကြားသိထားခြင်းမရှိကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေမြန်မာပိုင်းသို့ ဇူလိုင်လ(၂၈)ရက်နေ့တွင် ဖြေကြားခဲ့သည် ကို တွေ့ရသည်။
ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ခဲ့သည်ဆိုသောသတင်းများကြောင့် အင်ဒိုနီးရှား၊ စင်ကာပူ၊ မလေးရှားနှင့် ဂျပန် စသည့် အာရှနိုင်ငံများ၏ ထိပ်ပိုင်းအဆင့်ရှိသူများသည် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခွင့်ရရှိရန် တောင်းဆိုမှုများပြုလုပ်ခဲ့ကြောင်း သံတမန်အသိုင်းအဝိုင်းမှအတည်ပြုပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ပြောင်းရွေ့ခဲ့သည်ဟူသည့် ကောလဟလသတင်းနှင့် ယင်းသတင်းအ ပေါ်အခြေခံ၍ သံတမန်အသိုင်းအဝိုင်း၏တုန့်ပြန်မှုကို သုံးသပ်ကြည့်လျှင် မြန်မာ့နိုင်ငံရေးတိုးတက်မှုဖြစ်စဉ်များအတွက် ဒေါ်အောင်ဆန်းစုကြည်၏ဖြစ်တည်မှုသည် အရေးပါသောကဏ္ဍတွင်ရှိနေသည်ဟု ကမ္ဘာနိုင်ငံများက ရှုမြင်ထားသည်ကို တွေ့ရသည်။
ယခင်အာဏာသိမ်းကာလများတွင်းလည် မြန်မာစစ်ခေါင်းဆောင်များအနေဖြင့် နိုင်ငံတကာဖိအားများ လျှော့ကျစေရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရေးပြယုဒ်အား လိုအပ်သလိုအသုံးပြုခဲ့သည်ကို တွေ့ရသည်။
၂၀၂၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် စစ်ကောင်စီအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့၏ ပြစ်ဒဏ်အချို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်းကြေညာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲပြစ်ဒဏ်ချထားသည့် အမှု (၁၉)မှုထဲက အမှု(၅)မှုအတွက် ပြစ်ဒဏ်များကို လွတ်ငြိမ်းခွင့်ပြုခဲ့ပြီး ဦးဝင်းမြင့်အပေါ် စွပ်စွဲထားသော အမှု(၈)မှုထဲက အမှု (၂)မှုကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သည်။
သတင်းဖြစ်စဉ်အပေါ် သုံးသပ်ခြင်း
၂၀၂၃ ခုနှစ် မေလမှ ဇူလိုင်လအတွင်းဖြစ်ပေါ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ထွက်ပေါ်လာခဲ့သော သတင်းဖြစ်စဉ်အပေါ် သုံးသပ်ကြည့်ပါက စစ်ကောင်စီ၏တောက်လျှောက်ပြုလုပ်ခဲ့သည့်သတင်းဇာတ်ကြောင်းများနှင့် ကွဲလွဲနေသည်ကို တွေ့ရသည်။ စစ်ကောင်စီ၏လော်ဘီချန်နယ်(Lobby Channel)များမှဖန်တီးထားသောသတင်းဇာတ်ကြောင်းမှားများ သည် အာဏာသိမ်းကာလရှည်ကြာလာသည်နှင့်အမျှ လူထု၏သတင်းစားသုံးမှုထဲသို့ထိုးဖောက်နိုင်မှု အားနည်းလာသည်။ သို့ သော် အမှန်တစ်ဝက်နှင့်ရောပြွန်းထားသည့် စစ်ကောင်စီကျောထောက်နောက်ခံပြုသတင်းဌာနများ၏ ထုတ်လွှင့်ချက်များမှာမူ လူထု၏သတင်းမှန်ရရှိစေရေးနှင့် သတင်းအမှန်/အမှားခွဲခြားနိုင်မှုအပေါ် အတိုင်းအတာတစ်ခုအထိ ရိုက်ခတ်မှုရှိနေသည်။
ယခုဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်သည့်သတင်းဖြစ်စဉ်၌ အထက်တွင်ဖော်ပြခဲ့သောရိုက်ခတ်မှုများထက် မြန်မာ့ဒီမိုကရေစီပြန်လည်ရရှိရေးလှုပ်ရှားမှုများအပေါ် သိသာပြင်းထန်စွာသက်ရောက်မှုရှိသည်ကို တွေ့ရသည်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံခွင့်ပြုသည့် သတင်း၏နောက်ဆက်တွဲတွင် “ဒေါ်အောင်ဆန်းစုကြည်က အန်ယူဂျီ(NUG)၊ ပီဒီအက်ဖ် (PDF)တို့ကိုမထောက်ခံဘူး”ဆိုသည့်သတင်းစကားကို တော်လှန်ရေးလှုပ်ရှားသူများနှင့် လူထုထံသို့ရောက်ရှိရန် စစ်ကောင်စီအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ခဲ့သည်ကို တွေ့ရ သည်။
ထိုကဲ့သို့ စစ်ကောင်စီ၏လုပ်ဆောင်မှုများသည် လူထုနှင့်တော်လှန်ရေးအင်အားစုများအတွက် ဝေဝါးဖွယ်ရာအခြေအ နေများကိုဖြစ်ပေါ်စေခဲ့ပြီး အန်ယူဂျီ(NUG)အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ပြန်လည်လွတ် မြောက်လာသည့်တိုင် လက်ရှိမူအတိုင်း ဆက်လက်လုပ်ဆောင်မည်ဟု ထုတ်ဖော်ပြောကြားခဲ့ရသည့်အခြေအနေများဖြစ်ပေါ်ခဲ့ခြင်းကြောင့် ယင်းအခြေအနေ ၏အတိမ်အနက်ကို ဆင်ခြင်ကြည့်နိုင်သည်။
ထို့အပြင် လက်ရှိအာဆီယံဥက္ကဋ္ဌအဖြစ်တာဝန်ယူထားသည့် အင်ဒိုနီးရှားနိုင်ငံ၏တောင်းဆိုမှုများကိုပင် လစ်လျူရှုကာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ရုတ်ခြည်းတွေ့ဆုံခွင့်ပြုခြင်းဆိုသည့်အခြေအနေသည် အာဆီယံအဖွဲ့အစည်း၏စည်းလုံးညီ ညွတ်မှုအက်ကြောင်းကိုဖြစ်ပေါ်စေပြီး မြန်မာ့နိုင်ငံရေးဖိအားပေးလုပ်ဆောင်နိုင်သည့် အာဆီယံနိုင်ငံများ၏ စည်းလုံးမှုနှင့် အ ပြန်အလှန်ယုံကြည်မှုတို့ကို အကန့်အသတ်ဖြစ်စေသည်အထိ ကြီးထွားနိုင်ခြေသည်လည်း တစ်ဖက်တွင် ရှိနေသည်ကို တွေ့ရသည်။
ယင်းသတင်းဖြစ်စဉ်၏ ဒုတိယမြောက်အရေးပါသည့်ဖြစ်ရပ်မှာ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲလိုက်သည်ဆိုသည့်အချက်ဖြစ်သည်။ ယင်းသတင်း၏သက်ရောက်မှုကြောင့် အာရှနိုင်ငံများရှိ အဆင့်မြင့်အရာရှိများအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန်ကြိုးပမ်းခဲ့ကြောင်းကို အထက်တွင်ဖော်ပြခဲ့ပြီးဖြစ်ရာ စစ်ကောင်စီသည် ယင်းသတင်းတု၏လှုပ်ခတ်မှုအပေါ်တွင်သုံးသပ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်း၏ ဖိအားများအားချိန်ညှိရာတွင် လိုအပ်သလိုအလျော့အတင်းလုပ်နိုင်ချေကို ပိုမိုရှင်းလင်းစွာ မြင်နိုင်သည်။
ယင်းသတင်းအပေါ်တွင်အခြေခံ၍ ထပ်မံဖြစ်ပေါ်ခဲ့သည့်ကိစ္စရပ်များမှာ သတင်း၏အမှန်းအမှားကို သေချာစွာဖော်ထုတ်နိုင်ခြင်းမရှိခင် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ခဲ့ပါက ဖြစ်လာနိုင်ခြေနှင့်ဆိုင်သော သတင်းအချက်အလက်များနှင့် အ မြင်သဘောထားများကို တော်လှန်ရေးအစုအဖွဲ့များနှင့်ချိတ်ဆက်ပြီးသတင်းဌာနများ၏သတင်းတင်ဆက်မှုကဏ္ဍဖြစ်သည်။
ထိုသို့လုပ်ဆောင်မှုသည် သတင်းတင်ဆက်မှုရှုထောင့်အရ အမှားမဟုတ်သည့်တိုင်အောင် စစ်ကောင်စီကပစ်လွှတ် လိုက်သော သတင်းလက်နက်၏ထိရောက်မှုဝန်းအား ပိုမိုအပြန့်ကျယ်စေနိုင်သည့် အနေအထားရှိခဲ့သည်ကို တွေ့ရသည်။ ထိုအခြေအနေပေါ်မူတည်၍ စစ်ကောင်စီအနေဖြင့် ၎င်း၏လိုလားချက်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်အပေါ် တော်လှန်ရေးအင်အားစုများ၏ သဘောထားကိုအကဲဖြတ်ခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ခြင်း/ မလွတ်မြောက်ခြင်းနှင့် သူ၏ သဘောထားအပေါ် မြန်မာ့နိုင်ငံရေးအပြောင်းအလဲသက် ရောက်နိုင်ခြေအကဲစမ်းခြင်းတို့ကို လုပ်ဆောင်သွားနိုင်သည်ကို တွေ့ရသည်။
အသုံးပြုခဲ့သော သတင်းလက်နက်နှင့် နည်းပရိယာယ်
၂၀၂၃ ခုနှစ် မေလမှ ဇူလိုင်လအတွင်းဖြစ်ပေါ်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်နှင့်သက်ဆိုင်သည့်ဆက်စပ်သတင်း ဖြစ်စဉ်များအားလေ့လာကြည့်ပါက သတင်းလက်နက်နှင့်နည်းပရိယာယ်များဖြစ်သည် မှားယွင်းသောဇာတ်ကြောင်းဖြန့်မှုပုံစံ၊ ယုံကြည်မှုယုတ်လျော့စေမှုအပါအဝင် နိုင်ငံတကားအမြင်များကို ချယ်လှယ်မှုပုံစံအထိ တွေ့ မြင်ခဲ့ရသည်။
ထို့အပြင် စစ်ကောင်စီသည် အာဏာသိမ်းကာလတစ်လျှောက်လုံးတွင် ဆက်တိုက်လုပ်ဆောင်ခဲ့သော အင်တာနက်ဖြတ်တောက်မှုကြောင့် သတင်းရရှိမှုဆိုင်ရာ အကန့်သတ်ဖြစ်မှုအခြေအနေများ၊ လူထု၏လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုကို ဖိနှိပ်ထားသည့်အခြေအနေများနှင့် စစ်ကောင်စီကျောထောက်နောက်ခံပြုသတင်းမီဒီယာများ၏ သတင်းတင်ဆက်မှုပုံစံများအပါအဝင် ပြည်တွင်းသတင်းဌာနနများအနေဖြင့် သတင်းရင်းမြစ်နှင့် တိုက်ရိုက်ထိတွေ့သတင်းယူမှုလုပ်ဆောင်ရန် ဖိနှိပ်ကန့် သတ်ခံရသည့်အခြေအနေများကြောင့် စစ်ကောင်စီ၏ သတင်းအားလက်နက်သဖွယ်သုံးစွဲနိုင်စွမ်းမှာ ပိုမိုအားကောင်းနေသည်ကို တွေ့ရသည်။
Recommended Citation Style -
Myanmar Internet Project. (2023, September 13). စစ်ကောင်စီနှင့် သတင်းလက်နက်. https://www.myanmarinternet.info/my/post/blog_013
Yorumlar