top of page
Myanmar Internet Project

ဇီဝအချက်အလက်(Biometric Data)ကောက်ယူမှုနှင့် လူ့အခွင့်အရေးအပေါ် သက်ရောက်နိုင်ခြေများ

Updated: Aug 3, 2023







အာဏာသိမ်းစစ်ကောင်စီသည် အီလက်ထရောနစ်မှတ်ပုံတင်စနစ် ပြုလုပ်ရေးဆိုသည့်အကြောင်းပြချက်ဖြင့် ဇီဝအချက်အ လက်(Biometric Data)ကောက်ယူရန် ယခုနှစ်(၂၀၂၃ ခုနှစ်) ဧပြီလဝန်းကျင်မှစတင်ပြီး နေပြည်တော်ကော်စီအတွင်းရှိ မြို့နယ်အသီးသီးတွင် စတင်ကြိုးပမ်းခဲ့သည်ကို တွေ့ရှိရသည်။ ထိုလုပ်ငန်းစဉ်ကို စစ်ကောင်စီက ဆက်လက်အကောင်အ ထည်ဖော်လုပ်ဆောင်လာခဲ့သည်။ ဇီဝအချက်အလက်(Biometric Data)ကောက်ယူနိုင်ရေးအတွက် သင်တန်းများကို ပဲခူး တိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနသည် ဇွန်လအတွင်းက ပြုလုပ်သည်ကို တွေ့ရှိခဲ့ရသည်။ ထို့အတူ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်ရှိ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနကလည်း ဌာနဆိုင်ရာဝန်ထမ်းများ၏ ဇီဝအချက်အလက်(Biometric Data)များ စတင်ကောက်ယူမှုပြုလုပ်နေသည်ကို စစ်ကောင်စီ၏ သ တင်းစာပါအချက်အလက်များအရ တွေ့ရှိရသည်။


ဇီဝအချက်အလက်များ(Biometric Data)ဆိုသည်မှာ

ဇီဝအချက်အလက်များ(Biometric Data)ဆိုသည်မှာ လူတစ်ဦးတစ်ယောက်ခြင်း၏ ကွဲပြားခြားနားသော ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် ဝိသေသလက္ခဏာများအပေါ်မူတည်ပြီး သက်သေခံအထောက်အထားအဖြစ်စိစစ်နိုင်သည့် ကွန်ပျူတာနည်းပညာအခြေပြုအချက်အလက်များဟု အလွယ်တကူနားလည်နိုင်သည်။ ထိုကဲ့သို့ စိစစ်မှုအတွက်အသုံးပြုရာတွင် လက်ဗွေမှတစ် ဆင့် သက်သေခံအသုံးပြုခြင်း၊ မျက်နှာသွင်ပြင်မှတစ်ဆင့် သက်သေခံမှုပြုလုပ်ခြင်း၊ မျက်လုံးမှတစ်ဆင့် သက်သေခံမှုပြုလုပ်ခြင်း၊ အသံမှတစ်ဆင့် သက်သေခံမှုပြုလုပ်ခြင်းများအပါအဝင် လူတစ်ဦး၏မျိုးရိုးဗီဇဆိုင်ရာအချက်အလက်များ(DNA)မှတစ် ဆင့် သက်သေခံမှုပြုလုပ်ခြင်း စသည့်နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်နိုင်သည်။

မိုဘိုင်းဖုန်းများတွင်အသုံးပြုနေသော လက်ဗွေစနစ်(Fingerprint)မှတစ်ဆင့် မိုဘိုင်းဖုန်းအား အဖွင့်အပိတ်လုပ်ခြင်း၊ မျက်နှာမှတစ်ဆင့်(Facial Recognition)အဖွင့်အပိတ်လုပ်ခြင်းများသည် မိုဘိုင်းဖုန်းကို ကိုင်တွယ်အသုံးပြုသူ ပိုင်ရှင်မှန် ဟုတ်မဟုတ်ကို လူတစ်ဦး၏ ဇီဝအချက်အလက်များ(Biometric Data)ပေါ်အခြေခံပြီး သက်သေခံသည့်စနစ်ပင်ဖြစ်သည်။


ဇီဝအချက်အလက်များ(Biometric Data)များကို ဘာကြောင့်စုဆောင်းလိုကြသလဲ

နိုင်ငံအသီးသီး၏ အုပ်ချုပ်သူများသည် အကြောင်းပြချက်အမျိုးမျိုးဖြင့် နိုင်ငံသားများ၏ ဇီဝအချက်အလက်(Biometric Data)များကို စုဆောင်းလိုကြပါသည်။

ပိုမိုကောင်းမွန်သော လုံခြုံရေးစနစ်တစ်ခုကို ဖန်တီးနိုင်ရေးအတွက် - သက်သေခံကဒ်ပြား၊ စကားဝှက်များနှင့် နှိုင်းယှဉ်ပါက ဇီဝအချက်အလက်(Biometric Data)များသည် ပိုမိုလုံခြုံနိုင်သည်ဟုယူဆရပြီး အတုပြုလုပ်ရန် ပိုမိုခက်ခဲပါသည်။ လေဆိပ်အဝင်အထွက်နှင့် နယ်စပ်ထိန်းချုပ်မှုကဲ့သို့ ထိလွယ်ရှလွယ်နေရာများဖြင့်သက်ဆိုင်သည့် ထိန်းချုပ်မှုများတွင် ပိုမိုအားကောင်းစွာဆောက်ရွက်နိုင်ရေးကို ယင်းဒေတာများက ကောင်းမွန်စွာအထောက်အကူပြုစေပါသည်။

အစိုးရ၏ဝန်ဆောင်မှုများနှင့် စီမံခန့်ခွဲမှုများကို ပိုမိုကောင်းမွန်စေရေးအတွက် - လူမှုဖူလုံရေး၊ ကျန်းမာရေးစောင့် ရှောက်မှုကဲ့သို့ အစိုးရများ၏ ဝန်ဆောင်မှုလုပ်ငန်းစဉ်များတွင် စာရွက်စာတမ်းလျှော့ချရေးနှင့် ပိုမိုထိရောက်သောဝန်ဆောင်မှု များဖြစ်စေရေးတို့ကို အထောက်အကူပြုစေနိုင်သည်။ ထို့အပြင် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ၏ တိကျမှန်ကန်ရေးကို အ ထောက်အကူပြုစေနိုင်ရေးအတွက် စုဆောင်းလိုကြသည်ကိုလည်း တွေ့ရှိရပါသည်။

မှုခင်းကာကွယ်ရေးနှင့် စုံစမ်းဖော်ထုတ်ရေးအတွက် - ဇီဝအချက်အလက်(Biometric Data)များကို အသုံးပြုပြီး ယ ခင်ကရာဇဝတ်မှုကျူးလွန်ဖူးသူများကို ခြေရာခံခြင်းနှင့် ပြစ်မှုကျူးလွန်မှု ကြိုတင်ကာကွယ်တားဆီးရေးအစီအစဉ်များအတွက်လည်း အသုံးပြုကြပါသည်။

လူဝင်မှုကြီးကြပ်ခြင်း ထိန်းချုပ်ရေးအတွက် - ဇီဝအချက်အလက်(Biometric Data)သည် နယ်စပ်ထိန်းချုပ်ရေးနှင့် လူဝင်မှုကြီးကြပ်ရေးစီမံခန့်ခွဲမှုအတွက် များစွာအဖိုးတန်သည်။ အစိုးရများသည် ခရီးသွားများ၏အထောက်အထားများကို စိ စစ်ရန်၊ လူဝင်လူထွက်မှတ်တမ်းများကို စောင့်ကြည့်ရန်နှင့် လုံခြုံရေးအရအန္တရာယ်ဖြစ်စေနိုင်သော သို့မဟုတ် လူဝင်မှုကြီး ကြပ်ရေးမူဝါဒများကိုချိုးဖောက်မည့် လူတစ်ဦးချင်းစီကိုခွဲခြားသတ်မှတ်ရန် ဇီဝဗေဒဆိုင်ရာကိရိယာများကို အသုံးပြုနိုင်သည်။ ထို့အပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ နယ်စပ်လုံခြုံရေးနှင့် နိုင်ငံများအကြား ရာဇဝတ်မှုဆိုင်ရာချိတ်ဆက်နှိမ်နင်းရေးတို့အ တွက်လိုအပ်သည့် သတင်းအချက်အလက်မျှဝေမှုများအထိ ဇီဝအချက်အလက်(Biometric Data)များသည် အသုံးဝင်လှသည်။


ဇီဝအချက်အလက်(Biometric Data)နှင့် အမှောင်ဘက်ခြမ်းဖြစ်စဉ်များ

အထက်ပါအချက်အလက်များအပေါ် သုံးသပ်ကြည့်ပါက ဇီဝအချက်အလက်(Biometric Data)များ၏ အားကောင်းလွန်းသောအသုံးဝင်မှုများကို တွေ့မြင်ရနိုင်သည်။ ထို့အတူ ယင်း၏အခြားတစ်ဖက် အမှောင်ဖက်ခြမ်းတွင်လည်း အစိုးရများသည် ယင်းအချက်အလက်များအားအသုံးပြုကာ တင်းကြပ်သည့်ချုပ်ကိုင်မှုများနှင့် စောင့်ကြည့်မှုများကိုလုပ်ဆောင်နိုင်သည့်အခြေ အနေများမှာ စိုးရိမ်ဖွယ်ရာကောင်းလောက်အောင် ရှိနေသည်။

အာဖဂန်နစ်စတန်နှင့် ဇီဝအချက်အလက်(Biometric Data)ပြဿနာ

လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့(HRW)၏ ၂၀၂၂ ခုနှစ် မတ်လတွင် ထုတ်ပြန်ခဲ့သောအစီအရင်ခံစာအရ ၂၀၂၁ ခုနှစ်တွင် အာဖဂန်နစ်စတန်အား တာလီဘန်များပြန်လည်သိမ်းပိုက်ပြီးနောက် ဇီဝအချက်အလက်(Biometric Data)များထဲမှအချို့ကို ဝင်ရောက်ရယူနေနိုင်ပြီးဟု မှတ်ယူရသည်။ ယင်းအခြေအနေများအရ ယခင်အစိုးရဝန်ထမ်းဟောင်းများနှင့် တက်ကြွလှုပ်ရှားသူများအပါအဝင် အမျိုးသမီးများအတွက် မသင့်တော်သည့်အလုပ်များအဖြစ် တာလီဘန်များက သတ်မှတ်ထားသည့်နေရာများတွင် ဝင်ရောက်လုပ်ကိုင်နေသည့် အမျိုးသမီးများ၏လုံခြုံရေးမှာ စိုးရိမ်ဖွယ်ဖြစ်လာသည်။ နိုင်ငံမှထွက်ခွာရန်အတွက် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရန်ကြိုးပမ်းစဉ်အတွင်း ဖမ်းဆီးခံခဲ့ရသည့် တရားသူကြီးဟောင်းတစ်ဦး၏ဖြစ်စဉ်ကို ယင်းအစီအရင်ခံစာတွင်ထည့်သွင်းဖော်ပြထားသည်။ ကောင်းမွန်းသောရည်ရွယ်ချက်များဖြင့် အသုံးပြုနိုင်သည့်နည်းပညာတစ်ခုသည် အုပ်ချုပ်သူများအတွက် ဖိနှိပ်ရာတွင်အသုံးပြုနိုင်သည့်လက်နက်တစ်ခု ဖြစ်လာသည်။


တရုတ်နှင့် ဇီဝအချက်အလက်(Biometric Data)ပြဿနာ

ကမ္ဘာ့လူဦးရေအထူထပ်ဆုံး နိုင်ငံတစ်ခုဖြစ်သည့် တရုတ်ပြည်တွင် အဖိနှိပ်ခံဝီဂါလူမျိုးများနှင့် လူနည်းစုတိဘက်များအား စောင့်ကြည့်နိုင်ရေးအတွက် ဇီဝအချက်အလက်(Biometric Data)ကောက်ယူမှုထဲမှ နည်းလမ်းတစ်ခုဖြစ်သည့် ဒီအန်အေ (DNA)ကောက်ယူမှုများကို ပြုလုပ်ခဲ့သည်။ တရုတ်စောင့်ကြည့်ရေးဆိုင်ရာ ထုတ်လုပ်မှုများကိုပြုလုပ်သည့် “Dahua”သည် လူမျိုး၊ အသားအရောင်နှင့် မျက်နှာသွင်ပြင်များကို ခွဲခြားနိုင်သည့် ထုတ်ကုန်များကို တီထွင်ထုတ်လုပ်ခဲ့သည်။ ရှင်ကျန်းနှင့် တိဘက်ဒေသများမှ လူများ၏မျက်နှာသွင်ပြင်များကိုရှာဖွေနိုင်ရေးအတွက် ဒီဇိုင်းရေးဆွဲထားသောယင်းထုတ်ကုန်များကို တရုတ် အစိုးရကအသုံးပြုခဲ့ကြောင်း IPVM ၏အစီအရင်ခံစာတွင် ဖော်ပြထားသည်။


အချက်အလက်ကာကွယ်မှု လုံလောက်ခြင်းမရှိဘဲ အချက်အလက်ကောက်ယူခဲ့သော ကင်ညာ

ကင်ညာနိုင်ငံသည်လည်း “Huduma Namba”ဟုအမည်ပေးထားသည့် ဇီဝအချက်အလက်(Biometric Data)ပလက် ဖောင်းအား စတင်အသုံးပြုရာတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ ၂၀၁၉ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် ကင်ညာ၏ အချက် အလက်ကာကွယ်ရေးဥပဒေ(Data Protection Law)နှင့်ဆန့်ကျင်နေသဖြင့် ယင်းလုပ်ဆောင်ချက်သည် တရားမဝင်ကြောင်း ၂၀၂၁ ခုနှစ်တွင် ကင်ညာတရားရုံးချုပ်က အမိန့်ချမှတ်ခဲ့သည်


ဇီဝအချက်အလက်(Biometric Data)နှင့် လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်ဖွယ်ရာများ

ဇီဝအချက်အလက်(Biometric Data)ကောက်ယူမှုနှင့်ပတ်သက်၍ လူ့အခွင့်အရေးစံနှုန်းများအရ စိုးရိမ်းရသည့်ပြဿနာများလည်း များစွာရှိနေသေးသည်။ ယင်းစိုးရိမ်းဖွယ်ရာအခြေအနေများတွင် (၁) ဇီဝအချက်အလက်(Biometric Data)နှင့် ကျဆင်းသွားနိုင်ခြေရှိသည့် ကိုယ်ရေးကိုယ်တာအကာအကွယ် (၂) ပွင့်လင်းမြင်သာမှု အားနည်းခြင်းဆိုင်ရာကိစ္စရပ်များနှင့် (၃) အလွဲသုံးစားအသုံးပြုခံရမှုနှင့် ဒေတာကျိုးပေါက်နိုင်မှု စသည့်အခြေအနေများမှာ အဓိကပါဝင်နေသည်ကို တွေ့ရသည်။


(၁) ဇီဝအချက်အလက်(Biometric Data)နှင့် ကျဆင်းသွားနိုင်ခြေရှိသည့် ကိုယ်ရေးကိုယ်တာအကာအကွယ်

အုပ်ချုပ်သူများအနေဖြင့် ဇီဝအချက်အလက်(Biometric Data)ဆိုင်ရာ ဒေတာဘေ့စ်(Data Base)များကို စုဆောင်းသိမ်းဆည်းထားပြီး ယင်းအချက်အလက်များမှတစ်ဆင့် လူတစ်ဦးခြင်းစီကို ပစ်မှတ်ထားစောင့်ကြည့်သည့် လုပ်ဆောင်မှုများပိုမို လုပ်ဆောင်လာနိုင်သည်ကို တွေ့ရသည်။ လူတစ်ဦး၏ ငွေကြေးဆိုင်ရာလွှဲပြောင်းမှု၊ တစ်ဦးခြင်းစီ၏ အိမ်၊ ခြံနှင့် မြေကဲ့သို့ပိုင်ဆိုင်မှုများအပါအဝင် ခရီးသွားလာခွင့်အထောက်အထားအားလုံးသည် ယင်းဇီဝအချက်အလက်(Biometric Data)များနှင့် ချိတ်ဆက်သွားမည်ဖြစ်ရာ ခိုင်မာသည့်ဥပဒေအကာအကွယ်များမရရှိပါက တစ်ဦးခြင်းစီ၏ ကိုယ်ရေးကိုယ်တာကာကွယ်နိုင်မှုအနေအထားမှာ အလွန်အမင်းဆိုးရွားသွားနိုင်ခြေရှိသည်။


(၂) ပွင့်လင်းမြင်သာမှု အားနည်းခြင်းဆိုင်ရာကိစ္စရပ်များ

အုပ်ချုပ်သူများကောက်ယူရရှိထားသည့် ဇီဝအချက်အလက်(Biometric Data)များအား မည်သို့မည်ပုံအသုံးချမည်ကိုဖော် ပြသော ပွင့်လင်းမြင်သာမှုအပိုင်းတွင် အားနည်းသည့်အခြေအနေများရှိနေသည်မှာ ထင်ရှားသည်။ အထူးသဖြင့် ဥပဒေစိုးမိုးမှုအားနည်းသော တိုင်းပြည်များတွင် ယင်းပြဿနာကို ပိုမိုခံစားရဖွယ်ရှိနေသည်။


(၃) အလွဲသုံးစားအသုံးပြုခံရမှုနှင့် ဒေတာကျိုးပေါက်နိုင်မှု

ဇီဝအချက်အလက်(Biometric Data)များကို ခွင့်ပြုချက်မရှိပဲ ဝင်ရောက်သုံးစွဲမှုနှင့် အချက်အလက်ကျိုးပေါက်မှုများဖြစ်ပေါ်လာပါက လူတစ်ဦးတစ်ယောက်ခြင်း၏ အခွင့်အရေးအပေါ် များစွာထိခိုက်စေလိမ့်မည်။ ဇီဝအချက်အလက်(Biometric Data)များ၏ လုံခြုံရေးစည်းသည် လူတစ်ဦးခြင်း၏ လက်ဗွေ၊ မျက်နှာသွင်​ပြင် စသည့် ပြောင်းလဲရန်ခက်ခဲသည့် အချက်အ လက်များဖြင့် ချိတ်ဆက်လုပ်ဆောင်သည်ဖြစ်ရာ လျှို့ဝှက်ကုတ်(Password)များနှင့် ပင်နံပါတ်( Pin Number)များကဲ့သို့ အလွယ်တကူပြောင်းလဲရန် မလွယ်ကူပါ။ ထို့အပြင် အုပ်ချုပ်သူများသည် သဘောထားကွဲလွဲသူများနှင့် အတိုက်အခံများကိုဖိနှိပ်ရန်အတွက် ယင်းအချက်အလက်များအား အလွဲသုံးစားအသုံးပြုနိုင်သည့် အခြေအနေများရှိနေသည်ကိုလည်း တွေ့ရသည်။

ထိုသို့ ဇီဝအချက်အလက်(Biometric Data)များကို အလွဲသုံးစားပြုလုပ်ခံရခြင်းကြောင့် လူတစ်ဦးချင်းစီ၏ ကိုယ် ရေးကိုယ်တာ၊ နိုင်ငံသားလွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေးတို့အတွက် သိသာထင်ရှားသော သက်ရောက်မှုများရှိလာနိုင်သည်။


ဓားသွားနှစ်ဖက်နည်းပညာ

ဇီဝအချက်အလက်(Biometric Data)ကောက်ယူမှုသည် အုပ်ချုပ်သူများ၏ ရည်ရွယ်ချက်နှင့် လုပ်ဆောင်ချက်များပေါ်တွင်မူတည်ပြီး အစွန်းနှစ်ဖက်သို့ လွယ်ကူစွာရွေ့လျားသွားနိုင်သည်ကို တွေ့ရှိရနိုင်သည်။ အာဖဂန်နစ်စတန်နှင့် တရုတ်နိုင်ငံဖြစ်စဉ်များတွင် တရားစီရင်ရေး၏ အပြန်အလှန်ထိန်းကြောင်နိုင်စွမ်း အားနည်းသည့်အနေအထားများ တွေ့ရှိရနိုင်သည်။ ထို သို့တရားစီရင်ရေး၏ ထိန်းကျောင်းနိုင်စွမ်းမရှိသည့်အခြေအနေတွင် အုပ်ချုပ်သူများသည် ကောက်ခံရရှိထားသည့်ဇီဝအချက် အလက်(Biometric Data)များကို စိတ်တိုင်းကျချယ်လှယ်အသုံးပြုခွင့် ရရှိနေမည်ဖြစ်သည်။ ကင်ညာနိုင်ငံဖြစ်စဉ်တွင်မူ တရားစီရင်ရေး၏ထိန်းကြောင်းနိုင်စွမ်းဖြင့် အခြေအနေကောင်းတစ်ခုကို ဖန်တီးနိုင်ခဲ့သည်ကို တွေ့ရသည်။

ဇီဝအချက်အလက်(Biometric Data)ကောက်ယူမှုသည် အများအတွက်အကျိုးရှိစေသည့် အခြေအနေကောင်း များစွာရှိနေသလို ဆန့်ကျင်ဘက်သက်ရောက်မှုများလည်း လူထုအပေါ်သို့ ကျရောက်နိုင်ခြေမြင့်မားနေမည်မှာ ထင်ရှားသည်။ မြန်မာနိုင်ငံကဲ့သို့ စစ်အာဏာရှင်လက်အောက်ရောက်ရှိနေသည့် တိုင်းပြည်အနေဖြင့် ဇီဝအချက်အလက်(Biometric Data)ကောက်ယူမှုနှင့် ရရှိလာသောအချက်အလက်များကို ပြန်လည်အသုံးပြုမှုများသည် ကောင်းကျိုးထက်ဆိုးပြစ်များကိုသာ ဖြစ်ပေါ်စေမည်ဖြစ်သည်။

လွဲမှားသည့်အသုံးပြုမှုများမှ ရှောင်ရှားနိုင်ရန်(သို့မဟုတ်)တားဆီးရန်ရန်အတွက် တိကျရှင်းလင်းသည့်အချက်အလက် ကာကွယ်ရေးဆိုင်ရာဥပဒေများပေါ်ပေါက်ရေး၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာမြှင့်တင်ရေးတို့ ရှိရန်လိုအပ်သည်။ အစိုးရ၏အချက်အလက်သုံးစွဲမှုများအပေါ် စောင့်ကြည့်လေ့လာနိုင်ရေးအတွက် လွတ်လပ်သောအစုအဖွဲ့များထားရှိရေးသည်လည်း အရေးကြီးသောအခန်းကဏ္ဍတွင်ပါဝင်နေပါသည်။ ကောက်ယူထားသည့်ဇီဝအချက်အလက်(Biometric Data)များအား မည်သို့မည်ပုံအသုံးပြုမည်ကို ရှင်းလင်းစွာမသိရှိနိုင်သည့်အခြေအနေတွင် လူတစ်ဦးခြင်းအနေဖြင့် မိမိ၏ဒစ်ဂျစ်တယ်ရပ်ဝန်းအတွင်း လှုပ်ရှားဆောင်ရွက်သည့်ကိစ္စများနှင့် အခြေအနေများတွင်လျှို့ဝှက်စွာသွားလာနေထိုင်ခြင်းမှတစ်ပါး အခြားသောကာကွယ်ရန်နည်းလမ်းများမှာ မရှိသလောက်ပင်ဖြစ်သည်။



Recommended Citation Style -


Myanmar Internet Project. (2023, July 10). ဇီဝအချက်အလက်(Biometric Data)ကောက်ယူမှုနှင့် လူ့အခွင့်အရေးအပေါ် သက်ရောက်နိုင်ခြေများ. https://www.myanmarinternet.info/my/post/blog_012 

36 views

Comentarios


bottom of page