top of page
Myanmar Internet Project

အေအိုင်(AI)နှင့် လူ့အခွင့်အရေးခြိမ်းခြောက်ခံနေရမှုများ

Updated: Aug 3, 2023






နည်းပညာသုံးစွဲမှုများဖြင့်မကင်းနိုင်သော မြန်မာနိုင်ငံသားများသည် အာဏာသိမ်းကာလနောက်ပိုင်းက ဒစ်ဂျစ်တယ်ဖိနှိပ်မှု များကို သတိမပြုမိသူ အလွန်ပင်ရှားပါလိမ့်မည်။ အင်တာနက်ဖြတ်တောက်ခြင်း၊ ဆိုရှယ်မီဒီယာအသုံးပြုမှုကန့်သတ်ခြင်းနှင့် လမ်းသွားလမ်းလာစဉ်(သို့)ခရီးသွားလာနေစဉ်အတွင်း ဒစ်ဂျစ်တယ်ပစ္စည်းများ(Digital Devices)အားစစ်ဆေးခြင်း စသည် တို့သည် ထင်သာမြင်သာဖြစ်ရပ်များဖြစ်ပါသည်။ ထိုဖြစ်ရပ်များအပြင် ဒစ်ဂျစ်တယ်အသုံးပြုသူများ၏ အင်တာနက်အပေါ်၌ သွားလာနေထိုင်နေမှုများကိုခြေရာခံသည့် ဖြစ်စဉ်များလည်း နောက်ကွယ်တွင် ရှိနေပါသေးသည်။

ထိုသို့ ဒစ်ဂျစ်တယ်ဖိနှိပ်မှုများကို ပြင်းထန်စွာဖြင့် ရင်ဆိုင်နေရသောကာလတွင် ဉာဏ်ရည်တုနည်းပညာ(AI)မှာ သုံးစွဲသူများအကြားသို့ အချိန်တိုအတွင်းပျံ့နှံလာခဲ့သည်။ ဉာဏ်ရည်တုနည်းပညာ(Artificial Intelligence)ဟုခေါ်သော အေ အိုင်(AI)နည်းပညာမှာ ရုတ်တရက်ပေါ်ပေါက်လာခဲ့သည့် နည်းပညာတစ်ခုမဟုတ်သော်လည်း မကြာမီလပိုင်းအတွင်း၌ သုံးစွဲ သူများအကြားသို့ အလျင်အမြန်ရောက်ရှိလာသည်ကို အထင်အရှားအသေအချာတွေ့ရပါမည်။

အချက်အလက်များကို နောက်ကွယ်မှ ခွဲခြမ်းစိတ်ဖြာသုံးသပ်ပေးနိုင်မှုနှင့် အချက်အလက်များကို အသုံးပြုသူလိုချင်သည့်အတိုင်း စစ်ထုတ်ပေးနိုင်စွမ်းများသည် မူလရှိပြီးဖြစ်သည့် နည်းပညာများထက် အေအိုင်(AI)နည်းပညာက များစွာသာ လွန်နေသည်ကို နည်းပညာသုံးစွဲသူတိုင်း သိရှိပြီးဖြစ်ပါသည်။ ထိုအားသာချက်ကြောင့် သုံးစွဲသူများ၏ နှလုံးဘဝင်ကို ပြုံးရွှင်စေနိုင်ခဲ့သလို ဒစ်ဂျစ်တယ်ဖိနှိပ်မှုများကိုပိုမိုပြုလုပ်လာနိုင်ရန် အေအိုင်(AI)မှာတစ်ဖက်တွင် အသုံးတော်ခံရနိုင်ဖွယ် ရှိနေပြန် သည်။ အာဏာရှင် (သို့မဟုတ်) အာဏာရှင်တစ်ပိုင်းအစိုးရများနှင့် လူတစ်ဦးခြင်း (သို့မဟုတ်) အစုအဖွဲ့အလိုက် စောင့်ကြည့်ထိန်းချုပ်ခြင်း စသည့်အခြေအနေများအတွက် အေအိုင်(AI)နည်းပညာသည် အရေးပါသောလက်နက်တစ်ခုဖြစ်လာနိုင်သည်ကို အထူးသဖြင့် တွေ့ရှိလာရပါသည်။

ယခုဆောင်းပါးတွင် အာဏာရှင်အစိုးရများက လုပ်ဆောင်လာနိုင်ချေရှိသော အခြေအနေအချို့ကို သုံးသပ်တင်ပြပါ မည်။ ထိုသုံးသပ်တင်ပြမှုများမှတစ်ဆင့် ဒစ်ဂျစ်တယ်နည်းပညာသုံးစွဲသူများ အနာဂတ်တွင်ကြုံတွေ့လာနိုင်ချေရှိသော စောင့် ကြည့်မှုဆိုင်ရာအခြေအနေများအား ကြိုတင်၍ ဆင်ခြင်ကြည့်ခြင်းအားဖြင့် လိုအပ်သောပြင်ဆင်မှုများကို လုပ်ဆောင်နိုင်မည့်အခွင့်အလမ်းများ တိုးမြှင့်လာနိုင်မည်ဟု မျှော်လင့်ပါသည်။

၂၀၂၃ ခုနှစ် မေလ(၁၁)ရက်နေ့ကထုတ်ပြန်ခဲ့သော “Dragonfly’s Security Intelligence & Analysis Service (SIAS)”၏အစီရင်ခံစာအရ “ကမ္ဘာနိုင်ငံများ၏ သုံးပုံနှစ်ပုံခန့်သော အာဏာပိုင်များသည် အေအိုင်(AI)နှင့် ဆက်စပ်နည်းပညာများအားအသုံးပြုပြီး နိုင်ငံရေးဆိုင်ရာဖိနှိပ်မှုများကို တိုးမြှင့်နိုင်သောအလားအလာရှိနေတယ်”ဟု ဖော်ပြထားပါ သည်။ တရုတ်နိုင်ငံကဲ့သို့ နည်းပညာဆိုင်ရာကျွမ်းကျင်သောနိုင်ငံများအနေဖြင့် ထိုနည်းပညာကိုအသုံးပြုပြီး သူ့နိုင်ငံနယ်နိ မိတ်အတွင်းမှ လုပ်ကိုင်ဆောင်ရွက်နေသော စီးပွားရေးလုပ်ငန်းများအပါအဝင် လူများ၏ လှုပ်ရှားမှုများကို စောင့်ကြည့်မှုများလုပ်နိုင်သကဲ့သို့ မကြာမီနှစ်များအတွင်းတွင် နိုင်ငံအများစုသည် ထိုနည်းပညာကိုအသုံးပြု၍ နိုင်ငံရေးနှင့် လူမှုရေးဆိုင်ရာဖိနှိပ်မှုများကို တိုးမြှင့်လာဖွယ်ရှိသည်။ အာဏာရှင်နိုင်ငံများအနေဖြင့် အာဏာဆက်လက်တည်မြဲရေးအတွက် အားထုတ်ရာ တွင် အာဏာဆက်လက်ထိန်းချုပ်ထားလိုသော ခေါင်းဆောင်များကို နည်းပညာပိုင်းဆိုင်ရာအကူအညီပေး၍ ဥပဒေစိုးမိုးမှုဆိုင်ရာအားနည်းစေရန်အတွက် အသုံးချမှုများလုပ်ဆောင်လာနိုင်သည်ဟု ဒီအစီအရင်ခံစာကဆိုထားသည်ကိုတွေ့ရပါသည်။ ထိုအချက်အလက်များသည် အနာဂတ်ဒစ်ဂျစ်တယ်ဖိနှိပ်မှုများတွင် အေအိုင်(AI)ပါဝင်လာတော့မည်ဆိုသော ရှေးရှုချက်များ ဖြစ်ပါသည်။

အေအိုင်(AI)နည်းပညာသည် တစ်ဖက်တွင် ကြောက်စရာကောင်းသော အခြေအနေများဖြစ်နေသကဲ့သို့ အခြားတစ် ဖက်၌ သယ်ယူပို့ဆောင်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ကုန်ထုတ်လုပ်မှုနှင့် ပညာသင်ကြားမှုကဲ့သို့ ကဏ္ဍများအပါအဝင်ကဏ္ဍပေါင်းစုတွင် လူသားအကျိုးပြုနိုင်စွမ်းများလည်း ပြည့်နှက်၍နေပါသည်။ ယင်းသည် အသွားနှစ်ဖက်ရှိ ဓားကဲ့သို့ဖြစ်နေ ၍ “ဓားသွားနှစ်ဖက်ဖြင့် နည်းပညာ”ဟု ဆိုရပါမည်။ ယခုဆောင်းပါးတွင် အေအိုင်(AI)၏ အနာဂတ်နှင့် ဒစ်ဂျစ်တယ်ဖိနှိပ်မှုများအကြောင်းကို ဆက်လက်သုံးသပ် တင်ပြပါမည်။


ဒစ်ဂျစ်တယ်ဖိနှိပ်မှုဆိုသည်မှာ


“Boise State University”၏တွဲဖက်ပါမောက္ခလည်းဖြစ် ဘက်မလိုက်သောနိုင်ငံတကာရေးရာအကြံပေးအဖွဲ့အဖြစ်ဖွဲ့ စည်းထားသည့် “Carnegie Endowment for International Peace”၏ စီနီယာအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သော “Steven Feldstein”က “ဒစ်ဂျစ်တယ်ဖိနှိပ်မှုဆိုသည်မှာ အစိုးရတစ်ရပ်ကို ပခုံးချင်းယှဉ်လာနိုင်မည်ဟု ယုံကြည်ရသည့်ကိစ္စများ သို့မဟုတ် လုပ်ဆောင်မှုများအပေါ်ဟန့်တားရန်အတွက် လူတစ်ဦးခြင်း (သို့မဟုတ်) အစုအဖွဲ့များအပေါ် ချယ်လှယ်ရန်၊ အကျပ်ကိုင်ရန်၊ စောင့်ကြည့်ရန်အတွက် သတင်းနှင့် ဆက်သွယ်မှုနည်းပညာကို အသုံးပြုခြင်း”ဟု ဖွင့်ဆိုခဲ့ပါသည်

အာဏာရှင်နှင့် အစိုးရများသည် ဒစ်ဂျစ်တယ်နည်းပညာနှင့် အွန်လိုင်းပလက်ဖောင်းများကိုအသုံးပြုပြီး ချယ်လှယ်ချုပ် ကိုင်နိုင်ရန်အတွက် အင်တာနက်ဆင်ဆာဖြတ်တောက်ခြင်း၊ စောင့်ကြည့်ခြေရာခံခြင်း၊ အွန်လိုင်းပေါ်တွင် သတင်းတုသတင်းမှားများ ဖြန့်ဝေခြင်းနှင့် ဝါဒဖြန့်ခြင်း၊ ဆိုက်ဘာတိုက်ခိုက်ခြင်း၊ အချက်အလက်ခိုးယူခြင်း၊ နိုင်ငံရေးလှုပ်ရှားမှုများအပေါ် ပစ် မှတ်ထား စောင့်ကြည့်ခြင်းနှင့် သတင်းအချက်အလက်စီးဆင်းမှု ကန့်သတ်ခြင်း စသည့်နည်းလမ်းများကို အသုံးပြုသည်။


အေအိုင်(AI)နှင့် အင်တာနက်ဆင်ဆာဖြတ်တောက်ခြင်း


အေအိုင်(AI)နည်းပညာတိုးတက်မှုသည် ဒစ်ဂျစ်တယ်နည်းပညာအခင်းအကျင်း၏ တစ်ဆစ်ချိုးပြောင်းလဲမှုတစ်ခု ဖြစ်သည်။ အေအိုင်(AI)နည်းပညာ၏ အချက်အလက်များအား လျင်မြန်စွာခွဲခြမ်းနိုင်မှုသည် အမုန်းစကား၊ အစွန်းရောက်ဝါဒဖြန့်မှုနှင့် အ ကြမ်းဖက်မှုကဲ့သို့သော အွန်လိုင်းပေါ်မှရေးသားချက်များကို စိစစ်ခွဲထုတ်နိုင်ရေးတွင် သိသာသည့်အားသားချက် ရှိလာသည်ကို တွေ့ရသည်။ ယင်းသည်ပင်လျှင် အဆိုးနှင့် အကောင်းဒွန်တွဲနေသောအချက်ဖြစ်သည်။ အေအိုင်(AI)၏ ထိုလုပ်ဆောင်နိုင်မှုသည် အစိုးရများ၏ အွန်လိုင်းရပ်ဝန်းအတွင်း လွှမ်းမိုးထားနိုင်မှုကိုမြှင့်တင်ပေးနိုင်သည့် ပြဿနာရှိနေသည်။

အေအိုင်(AI)အယ်ဂိုရစ်သမ်(Algorithms)သည် ဖန်တီးသူ၏ လမ်းညွှန်ချက်များအပေါ်အခြေခံပြီး ဆင့်ကဲသင်ကြားမှုဖြင့် ဖွံ့ဖြိုးသွားစေသည့်နည်းပညာဖြစ်သည်။ ထို့ကြောင့် အစိုးရများအနေဖြင့် အတိုက်အခံအုပ်စုများ၏ အွန်လိုင်းပေါ်မှအ ချက်အလက်များကို ထိန်းချုပ်နိုင်ရေးအတွက် ယင်းတို့စိတ်ကြိုက် တစ်ဖက်သတ်အယ်ဂိုရစ်သမ်(Algorithms)များကို ဖန် တီးပြီး အွန်လိုင်းဆင်ဆာဖြတ်တောက်မှုများတွင် အသုံးချလာနိုင်သည့်အခြေအနေများရှိနေသည်။ အေအိုင်(AI)ကိုအကောင်း ဘက်မှသုံးသပ်ပါက အွန်လိုင်းပေါ်မှအန္တရာယ်ရှိသောအကြောင်းအရာများ ဖယ်ရှားရေးအတွက်အရေးပါသလို တစ်ဖက်မှာလဲ လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းအချက်အလက်စီးဆင်းမှုအပေါ် အကြီးအကျယ်ဖိနှိပ်နိုင်သည့်အနေအ ထားရှိနေသည်ကို တွေ့ရသည်။


အေအိုင်(AI)၏ စောင့်ကြည့်ထိန်းချုပ်နိုင်စွမ်း


အာဏာရှင်အစိုးရတို့၏ ဉာဏ်ရည်တုနည်းပညာအသုံးချနိုင်မှုအကြောင်းကို သုံးသပ်ကြည့်ပါက အေအိုင်(AI)၏ စောင့်ကြည့်ထိန်းချုပ်နိုင်စွမ်းသည် ချန်ထားခဲ့ရန်မဖြစ်နိုင်သည့် အကြောင်းအရာတစ်ခုအဖြစ် ပါဝင်နေသည်။ “Mass Surveillance” ဟုခေါ်သည့် “အစုလိုက်အပြုံလိုက်အပေါ်စောင့်ကြည့်နိုင်မှု”များတွင် အေအိုင်(AI)၏ လုပ်ဆောင်နိုင်စွမ်းသည် အလွန်ကြီးမားသည်။ အေအိုင်(AI)၏ ‘လူသားမျက်နှာများအပေါ် သိရှိခွဲခြမ်းနိုင်မှု’၊ ‘ဗီဒီယို(Video)များအားခွဲခြမ်းနိုင်မှု’နှင့် ‘အွန်လိုင်းလှုပ် ရှားမှုများအပေါ်ခြေရာခံနိုင်မှု’သည် ယခင်နည်းပညာများထက် များစွာသာလွန်နေသည်။ ယင်းသာလွန်မှုသည် အစိုးရများ၏ လုံခြုံရေးဆိုင်ရာကိစ္စရပ်များဆောင်ရွက်ရာတွင် သိသာသည့်အကျိုးဖြစ်ထွန်းမှုကို ရရှိစေသလို အလွန်အကျွံသုံးစွဲခြင်းဖြင့် အ တိုက်အခံအုပ်စုများကို ဖိနှိပ်မှုနှင့် လူတစ်ဦးခြင်း၏ လွတ်လပ်ခွင့်အပေါ်ထိခိုက်လာစေသည့် သက်ရောက်မှုများလည်း ရှိနေ သည်ကို တွေ့ရသည်။

ယင်းအားထောက်ခံနေသူများက အေအိုင်(AI)နည်းပညာအသုံးပြုစောင့်ကြည့်ခြင်းများသည် အကြမ်းဖက်မှု၊ လူကုန်ကူးမှုနှင့် ဆိုက်ဘာရာဇဝတ်မှုတို့ကဲ့သို့ ရာဇဝတ်မှုဆိုင်ရာတားဆီးကာကွယ်ရေးတို့တွင် အရှိန်အဟုန်မြှင့်လုပ်ဆောင်နိုင်သည်ဟု စောဒကတက်ကြသည်။ သို့သော် အေအိုင်(AI)နည်းပညာအသုံးပြု၍ လူတစ်ဦးခြင်းအပေါ် အဆက်မပြတ်စောင့်ကြည့်ခြင်းဖြင့် ‘ကိုယ်ရေးကိုယ်တာလွတ်လပ်ခွင့်’ကို ထိပါးနိုင်သည့်အခြေအနေများနှင့် လူတစ်ဦးခြင်းစီ၏‘ကိုယ်ရေးကိုယ်တာအ ချက်အလက်များ’အား ခိုးယူနိုင်မှုအခြေအနေများ ဆောင်ရွက်လာနိုင်ခြေရှိသည်။ ထို့အပြင် အာဏာရှင်အစိုးရများသည် သ ဘောထားကွဲလွဲမှုများအပေါ် ထုတ်ဖော်ပြောဆိုသည့်အတိုက်အခံများ၊ ငြိမ်းချမ်းစွာစုဝေးထုတ်ဖော်မှုကဲ့သို့သော အခြေအနေများအပေါ်စောင့်ကြည့်၍ တုံ့ပြန်ဖိနှိပ်မှုများနှင့် ဒီမိုကရေစီထွန်းကားစေရေးအား အဟန့်အတားဖြစ်စေသည့် လုပ်ဆောင်မှုများ ဆောင်ရွက်လာနိုင်ခြေရှိနေသည်ကိုလည်း တွေ့ရသည်။


အေအိုင်(AI)၏ လူမှုကွန်ရက်ခြယ်လှယ်နိုင်စွမ်း


ဒေတာပမာဏများစွာကိုကိုင်တွယ်၍ အေအိုင်(AI)၏အယ်ဂိုရစ်သမ်အပေါ် အခြေခံတွက်ချက်နိုင်စွမ်းနှင့် ပိုင်းခြားသိမြင်နိုင်စွမ်းသည် အလွန်ကြီးမားကြောင်း အထက်တွင်ဖော်ပြခဲ့ပြီးဖြစ်သည်။ ယင်းဆောင်ရွက်နိုင်စွမ်း၏ နောက်ထပ်လုပ်ဆောင်နိုင်စွမ်းမှာ လူမှုကွန်ရက်အပေါ်လွမ်းမိုးနိုင်မှုဖြစ်သည်။ အေအိုင်(AI)၏တွက်ချက်နိုင်စွမ်းအားအသုံးပြု၍ သတင်းအချက်အလက်များကို ဖြန့်ဝေခြင်း၊ အရေးကြီးသောအချက်အလက်များကို တိမ်မြုပ်သွားစေရန် အကောင့်တုများဖန်တီးခြင်းတို့အပြင် အသုံး ပြုသူအနည်းအများကဲ့သို့သော အခြေအနေအမျိုးမျိုးအား တွက်ဆ၍ အချက်အလက်များကို ဖြန့်ဝေသင့်သောအချိန်တွင် ဖြန့်ဝေခြင်းနှင့် အများကြိုက်အသုံးအနှုန်းများအထိ ဖန်တီးနိုင်သည်ကို တွေ့ရသည်။

ဆိုရှယ်မီဒီယာရပ်ဝန်း၏နေ့စဉ်အရွေ့ကို လေ့လာကြည့်ပါက လူထု၏အမြင်ကို လွှမ်းမိုးနိုင်စေရေးအတွက် ဝါဒဖြန့်အ ကြောင်းအရာဖြန့်ဝေရေးတိုက်ပွဲများအား နေ့စဉ်ဆင်နွှဲနေကြသည်ကို တွေ့ရမည်။ အေအိုင်(AI)အယ်ဂိုရစ်သမ်များသည် လူ ထုအမြင်များအပေါ်လွှမ်းမိုးစေရေး ဝါဒဖြန့်တိုက်ပွဲများတွင် ပစ်မှတ်အစုအဖွဲ့ ရွေးချယ်မှုနှင့် စကားလုံးအသုံးအနှုန်း ရွေးချယ်မှုများကဲ့သို့ကိစ္စရပ်များတွင် တိကျသောစွမ်းဆောင်ရည်များ ရှိနေသည်။ အာဏာရှင်အစိုးရများအနေဖြင့် လူထု၏အမြင်သဘောများအပေါ် လွှမ်းမိုးနိုင်ရေးအတွက် အေအိုင်(AI)အသုံးပြု ဝါဒဖြန့်မှုများသည် စိုးရိမ်ဖွယ်ရာခေါင်းစဉ်တစ်ခုအဖြစ် ယနေ့ကာလတွင် သတိပြုရန်လိုအပ်သည်။


အေအိုင်(AI)၏ လူ့အခွင့်အရေးအပေါ် သက်ရောက်နိုင်မှု


အထက်ပါအချက်များကို သုံးသပ်ကြည့်ပါက အေအိုင်(AI)၏အသုံးချနိုင်မှုသည့် အပေါင်းလက္ခဏာဆောင်သည့် ဘက်တွင် များစွာရှိနေသလို လူ့အခွင့်အရေးအပေါ်သက်ရောက်မှု အတိုင်းအတာသည်လည်း အလွန်ကြီးမားသည်ကို တွေ့ရနိုင်သည်။ အာဏာရှင်အစိုးရများအနေဖြင့် သဘောထားကွဲလွဲမှုများကို ဖိနှိပ်ရန်နှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်များကို ကန့်သတ်ရန်ကိစ္စရပ်များတွင် အချက်အလက်စီးဆင်းမှုများထိန်းချုပ်ရေးအတွက် အေအိုင်(AI)နည်းပညာကိုအသုံးပြုလာနိုင်သည်။ ဒစ်ဂျစ်တယ်ဖိနှိပ်မှုများတွင် အများဆုံးဖိနှိပ်ခံရသည့်ဖြစ်စဉ်မှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုများအပေါ်ဖိနှိပ်ခြင်း ဖြစ်သည်။ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်များကိုသုံးသပ်ကြည့်ပါက စစ်အစိုးရအနေဖြင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုများအပေါ် အကြီးအကျယ်ဖိနှိပ်ပြီး လူထု၏အမြင်သဘောထားကိုကန့်သတ်ရန် ကြိုးပမ်းခဲ့သည်ကို တွေ့ရနိုင်သည်။

ထိုသို့လုပ်ဆောင်မှုများကြောင့် လူတစ်ဦးခြင်းအနေဖြင့် ဒစ်ဂျစ်တယ်ရပ်ဝန်းအတွင်း ပြောဆိုလှုပ်ရှားမှုများအပေါ်ခြေ ရာခံရနိုင်မှုအခြေအနေနှင့် အွန်လိုင်းမှတစ်ဆင့် တစ်ဦးနှင့်တစ်ဦးဆက်သွယ်မှုများအပေါ်ခြေရာခံနိုင်မှု အခြေအနေများအ ပေါ်တွင် စိုးရိပ်မှုများဖြစ်ပေါ်လာပြီး “Self-censorship”ဟုခေါ်သည့် “မိမိကိုယ်ကိုယ်ဆင်ဆာဖြတ်တောက်မှု”ဖြစ်စဉ်များ ဖြစ်ပေါ်လာကာ အတွေးအခေါ်နှင့် အမြင်သဘောထားဆိုင်ရာကန့်သတ်မှုများကို လုပ်ဆောင်လိုက်ရသည့်အခြေအနေများ ဆက်လက်ဖြစ်ပေါ်လာနိုင်သည်။ ထို့အပြင် အေအိုင်(AI)၏အချက်အလက်များအပေါ်စိစစ်ပြီး ဆင်ဆာဖြတ်တောက်နိုင်မှု စွမ်း အားတိုးမြှင့်လာသည့်နှင့်အမျှ အချက်အလက်ရယူနိုင်မှုဆိုင်ရာအကန့်အသတ်များသည် အာဏာရှင်နိုင်ငံများတွင် ရှင်သန်ရပ်တည်နေသူများအတွက် စိန်ခေါ်မှုတစ်ခုဖြစ်လာနိုင်သည်။

ထို့အပြင် အာဏာရှင်များသည် လူထု၏နိုင်ငံရေးနှင့် ဒီမိုကရေစီလှုပ်ရှားမှုများအပေါ်တွင်ပါ တင်းကြပ်သည့် ဖိနှိပ်မှုများ ကိုလုပ်ဆောင်နိုင်သည့်အခြေအနေ ရှိနေသည်။ ယင်းအခြေအနေအောက်တွင် သဘောထားကွဲလွဲမှုများကို ဖိနှိပ်ခြင်း၊ သ တင်းရယူခွင့်ကို ကန့်သတ်ခြင်း၊ အကြောက်တရားလွှမ်းမိုးစေရေးအတွက် ဖန်တီးခြင်းနှင့် နိုင်ငံရေးဆွေးနွေးမှုများတွင် ပါဝင် နိုင်မှုများကို ဟန့်တားစောင့်ကြည့်ခြင်းကဲ့သို့သောကိစ္စရပ်များ ပါဝင်လာနိုင်သည်။

အထက်ပါအခြေအနေအားလုံးသည် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီတောင်းဆိုမှုများအပေါ်တွင် နည်းပညာထွန်းကားလာမှုနှင့်အတူ သက်ရောက်လျက်ရှိသော(သို့မဟုတ်)သက်ရောက်လာတော့မည်ဖြစ်သော လူ့အခွင့်အရေးအပေါ်ကျရောက်မည့်ဆိုးကျိုးများ ဖြစ်သည်။


အေအိုင်(AI)နှင့် လူ့အခွင့်အရေးအပေါ် ကာကွယ်မြှင့်တင်နိုင်မှု


အေအိုင်(AI)၏အသုံးချနိုင်စွမ်းအပေါ်မူတည်ပြီး အာဏာရှင်များသည် လူထုအပေါ်ဖိနှိပ်မှုများကို တိုးမြှင့်လုပ်ဆောင်နိုင်သည့် အခြေအနေများရှိနေသည်။ သို့သော်လည်း တစ်ဖက်တွင် လူ့အခွင့်အရေးအား ကာကွယ်မြှင့်တင်နိုင်မှုများကို တိုးမြှင့်လုပ် ဆောင်နိုင်ကြောင်း စဉ်းစားရန်လိုအပ်သည်။

ထိုသို့ကာကွယ်မြှင့်တင်ရေးအတွက် အရေးအကြီးဆုံးအချက်မှာ ကျင့်ဝတ်ဆိုင်ရာလိုက်နာမှုဖြစ်သည်။ နည်းပညာဖန် တီးသူများအနေဖြင့် မိမိအသုံးပြုသည့်အချက်အလက်များနှင့် ကမ္ဘာ့လူဦးရေအပေါ် သက်ရောက်လာနိုင်မှုအချိုးအစားကို ချိန် ဆပြီး ဖြစ်လာနိုင်ခြေရှိသော လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လူတစ်ဦးခြင်းစီ၏ အချက်အလက်လုံခြုံရေးဆိုင်ရာ အကာအ ကွယ်ရနိုင်မှုအပေါ် ခြိမ်းခြောက်မှုများနှင့် ပွင့်လင်းမြင်သာမှုတို့ကို ထည့်သွင်းတွက်ချက်ရန်လိုအပ်သည်။

ထိုကဲ့သို့ ကျင့်ဝတ်ဆိုင်ရာတာဝန်ခံမှုများကို သေချာစွာဆောင်ရွက်နိုင်ရေးအတွက် လူ့အဖွဲ့အစည်းအနေဖြင့်လိုအပ် သည့် စုပေါင်းကြီးကြပ်မှုများနှင့် လူ့အခွင့်အရေးအား အကာအကွယ်ပေးသည် နိုင်ငံတကာစံနှုန်းများသတ်မှတ်နိုင်ရေးကို အ လျင်အမြန်လုပ်ဆောင်ရန်လိုအပ်သည်။ ထိုကဲ့သို့အကောင်အထည်ဖော်ရာတွင် လူ့အခွင့်အရေးဆိုင်ရာကျွမ်းကျင်သူများနှင့် နည်းပညာဆိုင်ရာကျွမ်းကျင်သူများအပါအဝင် အစုအဖွဲ့အားလုံးတက်နိုင်သမျှ ပါဝင်နိုင်ရေးသည် အရေးကြီးသည်။

ထိုကဲ့သို့ စံနှုန်းများသတ်မှတ်ပေါ်ပေါက်သည့်တိုင် အာဏာရှင်အစိုးရများ၏ လိုက်နာမှုအခြေအနေမှာ သေချာသည့်အ နေအထားတွင် မရှိပါ။ ထို့ကြောင့် လူတစ်ဦးခြင်းအနေဖြင့်လည်း မိမိ၏အချက်အလက်များကို ကာကွယ်နိုင်ရေးအတွက် အ မည်ဝှက်အသုံးပြုခြင်း၊ အချက်အလက်များကိုပေးပို့ရာတွင် “encryption” အသုံးပြုခြင်းအပါအဝင် လုံခြုံပြီးတာဝန်ခံမှုရှိသည့် အချက်အလက်သိမ်းဆည်းရာနေရာများတွင် မိမိ၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို သိမ်းဆည်းရန်တို့ကို ဆောင်ရွက်ရန်လိုအပ်သည်။


နည်းပညာသစ်တို့၏ပေါ်ပေါက်မှုနှင့် အရွေ့သည် ကောင်း၏။ သို့သော် အရွေ့တို့၏သဘာဝအတိုင်း အဆိုးနှင့် အကောင်းသည် ဒွန်တွဲပါလာသည်။ ထိုသည်များကို ရှောင်လွှဲရန်မှာ မဖြစ်နိုင်ပါ။ ထိုသို့သောအခြေအနေတွင် အေအိုင်(AI)နည်းပညာ၏ ရိုက် ခတ်မှုကြောင့် လူတစ်ဦးခြင်း၏သုံးစွဲမှုအပေါ်တွင် သက်ရောက်လာနိုင်ချေနှင့် မိမိအပေါ်ကျရောက်လာနိုင်သည့် အန္တရာယ်တို့ကိုအား သတိပြုဆင်ခြင်ပြီး ကြိုတင်ပြင်ဆင်ကာကွယ်ရန်မှတစ်ပါး အခြားသောအရာမရှိပါ။ နည်းပညာသည် စဉ်ဆက်မပြတ်ပြောင်းလဲနေသည်ဖြစ်၍ နည်းပညာသုံးစွဲမှုဖြင့် ထိတွေ့နေသမျှကာလပတ်လုံး ကာကွယ်မှုများကို သတိကြီးကြီးထားဆောင် ရွက်နေရန်မှလွဲ၍လည်း အခြားသောရွေးချယ်စရာမရှိပါ။ သို့ပါသောကြောင့် အေအိုင်(IA)နည်းပညာသစ်၏ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ မိမိနှင့်လူအဖွဲ့အစည်းပေါ်ကျရောက်လာတော့မည့် အန္တရာယ်များကိုဆင်ခြင်၍ ကြိုတင်ကာကွယ်မှုများကို ဆောင် ရွက်ထားနိုင်ရန် ယခုစာစုမှတစ်ဆင့် တိုက်တွန်းနှိုးဆော်တင်ပြအပ်ပါသည်။


Recommended Citation Style -


Myanmar Internet Project. (2023, June 27). အေအိုင်(AI)နှင့် လူ့အခွင့်အရေးခြိမ်းခြောက်ခံနေရမှုများ. https://www.myanmarinternet.info/my/post/blog_011

42 views

Comments


bottom of page