၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် မြန်မာ့နို်င်ငံရေးသမိုင်း ၊ ကျောင်းသားနိုင်ငံရေးသမိုင်းနှင့် စစ်အာဏာရှင်သမိုင်းတွင် အထင်ကရ နေ့ရက်တစ်ရက်ဖြစ်ခဲ့သည် ။ ၁၉၆၂ ခုနှစ် မတ်လ တွင် ဦးနုအစိုးရဆီမှ စစ်တပ်ခေါင်းဆောင် ဗိုလ်နေဝင်းမှ အာဏာသိမ်းမှု ပြုလုပ်ခဲ့သည့် အပေါ်တွင် ရန်ကုန်တက္ကသိုလ် ၊ မန္တလေးတက္ကသိုလ် အစရှိသည့် တက္ကသိုလ် များမှ ကျောင်းသား လူငယ်များက ပြတ်ပြတ်သားသား ဆန့်ကျင့် ဆန္ဒပြခဲ့ကြသည် ။ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် စစ်အာဏာရှင်၏ လက်ပါးစေခံ စစ်သားများမှ ရန်ကုန်တက္ကသိုလ်ကျောင်းသားများအား စက်သေနတ်များဖြင့် အကြမ်းဖက်ဖြိုခွဲခဲ့သည် ။ ၁၉၆၂ တွင် ဖြစ်ပွားခဲ့သော စစ်အာဏာရှင်စနစ်ဆိုးကို မမေ့ပျောက်စေရန် ၊ ၅၉ နှစ်ကြာ နှစ်ပေါင်းများစွာ မျိုးဆက်အဆင့်ဆင့် သယ်ဆောင်လာခဲ့သော အာဏာရှင်ဆန့်ကျင်သည့် စိတ်ဓါတ်များကို အရင်းတည်၍ လက်ရှိ ၂၀၂၁ ခုနှစ်မှ စစ်အာဏာရူးမှ မောင်းထုတ်ရန် ရည်ရွယ်၍ “၇.၇.၆၂ မမေ့ကြနဲ့” ဆိုသည့် လှုပ်ရှားမှုခေါင်းစဉ်ဖြင့် အင်တာနက်စာမျက်နှာများမှတဆင့် တိုက်တွန်းခဲ့ကြပြီး ၂၀၂၁ ဇူလိုင်လ ၇ ရက်နေ့တွင် အင်တာနက်အသုံးပြုသူများမှ လှုပ်ရှားမှုနှင့် သက်ဆိုင်သည့် စာသားများ နှင့် ပုံရိပ်များ ဝေမျှခြင်းများ ပြုလုပ်ခဲ့ကြသည် ။