၂၀၂၁ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်သည့် ၇၄ နှစ်မြောက် အာဇာနည်နေ့တွင် ကျဆုံးသွားသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည် ပုဂ္ဂိုလ်ကြီး ၉ ဦးအပြင် မြန်မာ့သမိုင်းတစ်လျှောက်တွင် ကျဆုံးသွားခဲ့သော သူရဲကောင်းများကို အလေးပြုသောအားဖြင့် ဟွန်းတီး သပိတ် ၊ အလေးပြုသပိတ် လှုပ်ရှားမှု ပြုလုပ်ရန် အင်တာနက်စာမျက်နှာမျာမှတဆင့် တိုက်တွန်းနှိုးဆော်ခဲ့ကြသည် ။ လှုပ်ရှားမှုအနေဖြင့် နံနက် ၁၀ နာရီ ၃၇ တွင် ရောက်ရှိနေသည့်နေရာတွင် ကားများဟွန်းတီးခြင်း ၊ ပြည်သူများမှ ရောက်ရှိနေသည့်နေရာမှ လမ်းမပေါ်သို့ထွက်၍ မတ်တပ်ရပ် အလေးပြုခြင်း များ ပြုလုပ်ရန်နှင့် တိုင်းပြည်နှင့် လူထုအတွက် စွန့်လွှတ်အနစ်နာခံခဲ့ကြသော အာဇာနည်ပုဂ္ဂိုလ်အပေါင်းကို လေးစားဂုဏ်ပြုသည့်အနေဖြင့် “အာဇာနည်မျိုး သေရိုးမရှိ” ကြွေးကြော်သံများဖြင့် ဟစ်ကြွေးကြရန် တိုက်တွန်းခဲ့ကြသည် ။