၂၀၂၁ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ၇၆ နှစ်ပြည့် မွေးနေ့တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား ဖမ်းဆီးခံခေါင်းဆောင်များ နှင့် နိုင်ငံရေးအကျဉ်းသားများ ကို လေးစား ဂုဏ်ပြုသောအားဖြင့် ပန်းသပိတ် ကို ဆင်နွှဲရန် ကျောင်းသားခေါင်းဆောင်များ နှင့် နိုင်ငံရေး ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက အင်တာနက်စာမျက်နှာများမှတဆင့် လှုံ့ဆော်တိုက်တွန်းခဲ့ကြသည် ။ စစ်အာဏာရှင်များ၏ မတရား ဖမ်းဆီးချုပ်နှောင်မှုများ နှင့် ရက်စက်ကြမ်းကြုတ်မှုများကို ကြောက်ရွံခြင်းအလျဉ်းမရှိဘဲ ကြံကြံခိုင် တော်လှန်သွားမည်ဆိုသည်ကို ပုံဖောသည့်အဓိပ္ပါယ်ဖြင့် ပန်းသပိတ်ကို အဓိပ္ပါယ်ကို ဖွင့်ဆိုခဲ့ပြီး “ဗေဒါပျံအံကိုခဲ ပန်းပန်လျက်ပဲ” ဆိုသည့် ဆောင်ပုဒ်များဖြင့် ပါဝင်ဆင်နွှဲရန် တိုက်တွန်းခဲ့ကြသည် ။
ပန်းသပိတ်ကို ဆင်နွှဲရန် အိမ်များတွင် ဘုရားပန်းအိုးများတွင် ပန်းထိုးခြင်းများ ၊ အိမ်တွင်းအိမ်ပြင် အိမ်ရှေ့များတွင် ပန်းအလှဆင်ခြင်းများ နှင့် မိဘပြည်သူများမှ လမ်းမထက်ထွက်သည့်အခါတွင်လည်း အမျိုးသား များ ၊ အမျိုးသမီးများ ပန်းပန်ကာ သွားလာခြင်းများ ပြုလုပ်ကြရန်တိုက်တွန်းခဲ့ကြပသည် ။ အင်တာနက် စာမျက်နှာများတွင်လည်း ပန်းသပိတ်ကို ပါဝင်ဆင်နွဲသည့် လှုပ်ရှားမှုများကို ဝေမျှခြင်းများပြုလုပ်ရန် တိုက်တွန်းခဲ့သည် ။