၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ကျရောက်မည့် “လူအခွင့်အရေးနေ့” အထိမ်းအမှတ်ဖြင့် တက်ကြွလှုပ်ရှားသူများ ၊ ကျောင်းသား နှင့် လူငယ်အင်အားစုများ၊ တိုင်းရင်းသားအဖွဲ့ပေါင်းစုံပါဝင်သည့် အထွေထွေ သပိတ်ပေါင်းစပ် ညှိနှိုင်းရေး အင်အားစု (General Strike Coordination Body – GSCB ) မှ ဦီးဆောင်၍ ဒုတိယအကြိမ်မြောက် အသံတိတ်သပိတ်လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြသည် ။ “ဆိတ်သုဉ်းနေတဲ့ လူအခွင့်အရေး တော်လှန်ရေးနဲ့ သိမ်းပိုက်ကြ” ဆိုသည့် ဆောင်ပုဒ်ဖြင့် အသံတိတ် သပိတ် လှုပ်ရှားခြင်း နှင့် အနက်ရောင် လှုပ်ရှားမှု (အနက်ရောင် အင်္ကျီဝတ်ဆင်၍ လူမှုကွန်ရက်တွင် လက်သုံးချောင်းထောင်ပြီး ဓါတ်ပုံမှတ်တမ်းတင်၍ ဝေမျှခြင်း) ပြုလုပ်ရန် တိုက်တွန်းခဲ့ကြသည် ။ “ငါတို့မြို့ကို ငါတို့ပိုင်တယ်။ ငါတို့ငြိမ်ချင် ငြိမ်မယ်။ ငါတို့ လှုပ်ချင် လှုပ်မယ်” ဆိုသည့် ဆောင်ပုဒ်ကို အသံတိတ် သပိတ် လှုပ်ရှားမှုတွင် အသုံးပြုခဲ့ကြပြီး မနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း လမ်းမပေါ်တွင် ကားမရှိ ၊ လူမရှိ ၊ ဆိုင်များမဖွင့်ကြဟု ဆိုကာ လူထုတစ်ရပ်လုံးမှ ပထမအကြိမ် အသံတိတ်သပိတ် ပြုလုပ်ခဲ့သည့်အတိုင်း အားတက်သရောပါဝင်ခဲ့ကြသည် ။ လူမှုကွန်ရက်မီဒီယာများပေါ်တွင်လည်း အနက်ရောင်လှုပ်ရှားမှုကို ပါဝင်ခဲ့ကြပြီး နိုင်ငံကို စစ်အာဏာသိမ်းမှု အခြေအနေနှင့် လူ့အခွင့်အရေးကို ယှဉ်ထိုးနှိုင်းယှဉ်သည့် စကားစုများ နှင့် စကားလုံးများကို #ဆိတ်သုဉ်းနေတဲ့လူ့အခွင့်အရေးတော်လှန်ရေးနဲ့သိမ်းပိုက်ကြ ၊ #OurCity ၊ #OurRules ၊ #SilentStrike ၊ #10DMovement စသည့် Hashtag များဖြင့် ရေးသားခဲ့ကြပြီး အနက်ရောင် အင်္ကျီများ ဝတ်ဆင်သုံးစွဲ၍ လက်သုံးချောင်းထောင်သည့် ပုံများနှင့် တကွ မျှဝေခဲ့ကြသည် ။