မိတ်ဆက်
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်းမှုအား ကြေငြာပြီးနောက် မြန်မာလူထုအနေဖြင့် အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်းနည်းလမ်းမျိုးစုံဖြင့် ထုတ်ဖော်ပြသခဲ့ကြသည်။ “သံပုံတီးကမ်ပိန်း” မှစတင်ခဲ့သည့် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လှုပ်ရှားမှုများသည် လျှင်မြန်စွာ အရှိန်မြင့်တက်ခဲ့ပြီး အဓိကမြို့ကြီးများတွင် သန်းပေါင်းများစွာသော ဆန္ဒထုတ်ဖော်များနှင့် ပြည့်နှက်သွားသည် အထိပင်။ ယင်းအကြမ်းမဖက်လှုပ်ရှားမှုများအပေါ် ဖေဖော်ဝါရီ (၉) ရက်နေ့မှ စတင်ကာ အကြမ်းဖက်နှိမ်နင်းမှုများ ပြုလုပ်ခဲ့ပြီး ယင်းနှိမ်နင်းမှုတွင် အကြမ်းမဖက် ဆန္ဒထုတ်ဖော်နေသည့် မမြသွဲ့သွဲ့ခိုင် အနေဖြင့် ကျည်ထိ ကျဆုံးခဲ့သည်။ ယင်းဖြစ်ရပ်သည် မြန်မာစစ်တပ်၏ အနာဂါတ်တွင် ဆက်လက် ကျူးလွန်တော့မည့် ထောင်ပေါင်းများစွာသော ရက်စက်ကြမ်းကြုတ်မှုများ၏ အစဟု ဆိုနိုင်သည်။
ထိုကဲ့သို့ စစ်အာဏာရှင်တို့၏ ဖိနှိပ်မှုများကြားမှ မြန်မာ့တော်လှန်ရေး၏ အရွေ့သည် တုန့်ဆိုင်းသွားခြင်း မရှိပဲ စစ်တပ်၏ အုပ်ချုပ်ရေး ယန္တယားကို ရပ်တန့်သွားစေရန် ပြည်သူ့ဝန်ထမ်းများ ဦးဆောင်သည့် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု၊ စစ်အာဏာရှင်ထံသို့ စီးဝင်သော ငွေကြေးစီးဆင်းမှုကို ဟန့်တားနိုင်စေရန်အတွက် သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု၊ အာဏာရှင်ကို ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသသည့် အနေဖြင့် စီးပွားရေးအပါအဝင် တစ်နေ့တာလှုပ်ရှာမှုများအားလုံးကို ရပ်တန့်ပြီး ဆန္ဒထုတ်ဖော်သည့် Silence စသည့် အကြမ်းမဖက်သောနည်းလမ်းပေါင်းစုံကို အသုံးပြုကာ ဆက်လက်တော်လှန်ခဲ့ကြသည်။
ယင်းအာဏာသိမ်းမှုကိုဆန့်ကျင်သည့် လှုပ်ရှားမှုများသည်(၂) နှစ်နီးပါကြာမြင့်လာချိန်တွင် ယင်းလှုပ်ရှားမှုများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် ပြည်သူများ၏ ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးမှုများသည် အရေးကြီးသော ကဏ္ဍတစ်ရပ်ဖြစ်လာသည်။ ဒီမိုကရေစီ ပြန်လည်ရှင်သန်ရေးကို လိုလားသူများအနေဖြင့် တော်လှန်ရေးလှုပ်ရှားမှုများ ဆက်လက် လုပ်ဆောင်နိုင်စေရန် ပံ့ပို့မှုများများ လျော့ကျမသွားခဲ့ပေ။ အခြားတစ်ဘက်တွင်လည်း အာဏာသိမ်းစစ်တပ်အနေဖြင့် ယင်းပံ့ပိုးမှုဆိုင်ရာ လမ်းကြောင်းများကို ဖြတ်တောက်ပစ်နိုင်ရန် ၊ ပြတ်တောက်သွားစေရန် ၊ ထိန်းချုပ်နိုင်ရန် ကြိုးပမ်းလျှက်ရှိသည်။
ယခုဆောင်းပါးတွင် တော်လှန်ရေးအင်အားစုများအနေဖြင့် တော်လှန်ရေးရန်ပုံငွေ စုဆောင်းရရှိနိုင်ရေးအတွက် ကြိုးပမ်းမှု ဆိုင်ရာ နည်းလမ်းများနှင့် တော်လှန်ရေး ရန်ပုံငွေစုဆောင်မှုအား ပြတ်တောက် အင်အားလျော့ကျသွားစေရေးအတွက် ရည်ရွယ်ဆောင်ရွက်သည့် စစ်ကောင်စီ၏ ထိန်းချုပ်မှုဆိုင်ရာနည်းလမ်းများအား လေ့လာတင်ပြသွားပါမည်။
တော်လှန်ရေး ရန်ပုံငွေ စုဆောင်းမှုဆိုင်ရာ လှုပ်ရှားမှုများနှင့် အတားအဆီးများ
အာဏာသိမ်းမှုအပေါ်ဆန့်ကျင်သည့် အစုအဖွဲ့များအနေဖြင့် တော်လှန်ရေးလှုပ်ရှားမှု၏ အရှိန်အဟုန်ကို ဆက်လက်ထိန်းထားနိုင်ရန်အတွက် ယနေ့အချိန်အထိ စိတ်ကူးစိတ်သန်းအမျိုးမျိုးဖြင့် အကောင်အထည်ဖော်လျှက်ရှိသည်။ လှုပ်ရှားမှုများ၏ အစောပိုင်းကာလများတွင် တွေ့ရသည့် ဘဏ္ဍာရေးရှာဖွေရေးနည်းလမ်းများသည် သမရိုးကျ ပုံစံများသားဖြစ်သည်။ ထိုမှတဆင့် နည်းပညာအခြေပြုစုဆောင်းမှု၊ ဖန်းတီးဆန်းသစ်သည့် ပုံစံများ နှင့် အိုင်ဒီယာ အခြေပြု ဘဏ္ဍာငွေ စုဆောင်းမှုပုံစံများ ဆီသို့ ဆင့်ကဲပြောင်းလဲလာသည်။
ထိုသို့ ဆန်းသစ်ဖန်တီးလာသည့် ကမ်ပိန်း ပုံစံများထဲတွင် အွန်လိုင်းကြော်ငြာများအား ဝင်ရောက်ကြည့်ရှုခြင်းမှတဆင့် ဝင်ငွေရှာလာသည့် ပုံစံသည် ပထမဆုံးသော ဆန်းသစ်လာသည့် ပုံစံဟုဆိုနိုင်သည်။ တော်လှန်ရေး ရန်ပုံငွေရရှိနိုင်ရန် ဖန်တီးထားသည့် Link များကို စုစည်းပေးထားသည့် Mobile Application များ ဖန်တီးကာ သုံးစွဲသူများကို ဆွဲဆောင်နိုင်စေရန်အတွက် ယင်း Link များတွင် စာအုပ်များ ၊ သတင်းများ ၊ ပုံပြင်များ နှင့် ရုပ်ရှင်ဇာတ်လမ်းများကို ရှာဖွေနိုင်ရန် ဖန်တီးပေးထားသည်။ ထိုသို့ Click Link များကို စုစည်မှုမှတဆင့် ထပ်မံပြောင်းလဲလားပြီး Crypto mining application များနှင့် တော်လှန်ရေးဆိုင်ရာ လှုံ့ဆော်မှု ဂိမ်းများကို ဖန်တီးကာ ငွေကြေးရှာဖွေမှုများ ဆက်လက်ပြုလုပ်လာခဲ့သည်။
အာဏာသိမ်းကာလတလျှောက်အား ပြန်လည်သုံးသပ်ကြည့်ပါက CRPH ၏ ဦးဆောင်မှုဖြင့် Go Fund Me မှတဆင့် တော်လှန်ရေး ရန်ပုံငွေ စုဆောင်းခဲ့မှုသည် တော်လှန်ရေး၏ အစောဆုံးကာလအတွင်း အလွန်ထင်ရှားသည့် ရန်ပုံငွေ စုဆောင်းမှုဖြစ်သည်။ အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် မကြာမီ ကာလအတွင်း စတင်ခဲ့သည့် ယင်း ကမ်ပိန်းသည် လူထုအကြားအလျှင်အမြန် ပျံ့နှံသွားပြီး ရက်ပိုင်းအတွင်း ငွေကြေးအမြောက်အများ စုစောင်းရရှိခဲ့သည်။ ၂၀၂၁ ခုနှစ် မတ်လ (၃၁) ရက်နေ့တွင် ပြည်တွင်း၊ ပြည်ပ ထောက်ခံသူများထံမှာ လှူဒါန်းငွေ အမေရိကန် ဒေါ်လာ (၉) သန်းခန်းရရှိခဲ့ပြီး အချိန်တိုအတွင်း ငွေကြေး အမြောက်အများ ကောက်ခံရရှိမှုများကြောင့် Go Fund Me ၏ ခရက်ဒစ်ကတ် ငွေပေးချေမှုများကို တာဝန်ယူ ဆောင်ရွက်လျှက်ရှိသော WePay company မှ Transaction များကို စစ်ဆေးရန်အတွက် အလှူငွေ စုဆောင်းသည့် Link အား ပိတ်သိမ်းခဲ့သည်။ ထိုကဲ့သို့ Go Fund Me ၏ ဆိုင်းငံမှု အခြေအနေများနှင့် ကြုံတွေ့ရပြီးနောက် CRPH အနေဖြင့် ငွေကြေးကောက်ခံမှုများကို အကူအညီပေးနိုင်သည့် ကမ္ဘာတစ်ဝှမ်းရှိ ယုံကြည်စိတ်ချရသည့် ရန်ပုံငွေစုဆောင်ပေးနိုင်မည့် Volunteer များဖြင့် ဖွဲ့စည်းထားသည့် Fundraiser Network ကိုထူထောင်ခဲ့သည်။
ထိုသို့ရန်ပုံငွေ ရှာဖွေရေးဆိုင်ရာ ကမ်ပိန်းများနှင့် ပါတ်သက်သည့်နောက်ထပ်အတားအဆီး တစ်ခုမှာ KPay, CB Pay, Wave Money, Visa, Master, Paypal အစရှိသည့် ငွေလွှဲနိုင်သည့် နည်းလမ်းများအပေါ်တွင် စစ်ကောင်စီ၏ တင်းကြပ်စွာ စောင့်ကြည့်ထိန်းချုပ်မှုဖြစ်သည်။ ထိုကဲ့သို့ တင်းကျပ်စွာ စောင့်ကြည့်နေသည့်ကြားမှ တော်လှန်ရေးရန်ပုံငွေမြှင့်တင်ရေးဆိုင်ရာ ကမ်းပိန်းများထဲမှ တစ်ခုဖြစ်သည့် NUG ၏ အောင်လံလွှင့်ချီနွေဦးထီသည် (၁) နာရီအတွင်း လက်မှတ် (၅၀၀၀၀) ကျော် ရောင်းချခဲ့ရပြီး ငွေကျပ် သန်း (၁၀၀) ကျော် စုဆောင်းနိုင်ခဲ့သည်။ NUG နှင့် CRPH တို့အနေဖြင့် ယင်းကာလတွင် Raffel Ticket အစီအစဉ်တစ်ခုကို အကောင်အထည်ဖော်ဆောင်ကာ ငွေကြေးစုဆောင်းရေးကို ဆက်လက်ပြုလုပ်ခဲ့ပြီး အမေရိကန်ဒေါ်လာ (၅) သန်း ရရှိရန် ရည်မှန်းခဲ့သည့် ယင်းအစီအစဉ်သည် ပြည်တွင်းမှ ထည့်ဝင်သူများ ပါဝင်နိုင်ရေးအတွက် စစ်ကောင်စီ စောင့်ကြည်နေသည့် ငွေကြေးလွှဲပြောင်းမှုဆိုင်ရာ လမ်းကြောင်းများကိုသာ ယင်းအချိန်က အသုံးပြုနိုင်ခဲ့သည်။ ထိုကဲ့သို့ အာဏာသိမ်း စစ်တပ်၏ စောင့်ကြည့်မှုကို ရှောင်လွှဲနိုင်ရန်နှင့် ထောက်ပံ့သူများ၏ ငွေကြေးလွှဲပြောင်းပေးပို့မှုဆိုင်ရာ လမ်းကြောင်းများ ပိုမိုလုံခြုံမှု ရရှိစေရန်အတွက် NUG အနေဖြင့် ဇွန်လ ၂၀၂၂ ခုနှစ်တွင် NUG Pay ကို စတင်မိတ်ဆက်ပေးခဲ့သည်။ သို့သော်လည်း NUG Pay ၏ စီမံခန့်ခွဲမှုဆိုင်ရာ အဆင်ပြေချောမွေ့မှုနှင့် အသုံးပြုသူဆိုင်ရာ အကန့်အသတ် ရှိမှု အခြေအနေများသည် စိန်ခေါ်မှုများစွာရှိနေသေးသည်။ ထိုကဲ့သို့ တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် ငွေကြေးလွဲပြောင်းမှုဆိုင်ရာအခြေအနေများ အဆင်ပြေချောမွေ့စေရေးအတွက် နည်းပညာ ရှုထောင့်မှ ဖြေရှင်ရန် ကြိုးပမ်းနေချိန်တွင် အာဏာသိမ်း စစ်ကောင်စီအနေဖြင့် Wave Money ၊ Kpay ကဲ့သို့ ငွေကြေးလွှဲပြောင်းမှုဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများအပေါ် တင်းကျပ်သော စည်းမျဉ်းများ ချမှတ်နေပြီး ဒီမိုကရေစီလိုလားသည့် အင်အားစုများအနေဖြင့် အခြားသော ရွေးချယ်စရာ နည်းလမ်းများ အားနည်းသေးသည့်အချိန်တွင် ယင်းနည်းလမ်းအပေါ် ဆက်လက်မီခိုနေရသည်။
ငွေကြေးလွှဲပြောင်းမှုဆိုင်ရာ ကိစ္စရပ်များအပေါ် စစ်ကောင်စီ၏ စောင့်ကြည့်ခြေရာခံမှုများ
စစ်ကောင်စီ အနေဖြင့် တော်လှန်ရေးဆိုင်ရာ ထောက်ပံ့လှူဒါန်းမှုများနှင့် ပါတ်သက်ပြီး ၂၀၂၁ ခုနှစ် ဩဂုတ်လ အစပိုင်းမှ စတင်ကာ အရေးယူမှုများ ပြုလုပ်လာသည်ကို တွေ့ရှိရသည်။ ဩဂုတ်လ အစောပိုင်းတွင် တော်လှန်ရေး ဆိုင်ရာ အလှူခံမှုများ ပြုလုပ်သည့် Kpay Account များအာ ပိတ်သိမ်း အရေးယူလာသည်ကို တွေ့ရှိရသည်။
၂၀၂၁ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေဖြင့် ဘဏ်များနှင့် ငွေရေးကြေးရေး အေဂျင်စီများအား ငွေကြေးလွှဲပြောင်းသူများ၏ အသေးစိတ် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို စုဆောင်းထားရန်နှင့် “နွေဦးထီ” သို့မဟုတ် တော်လှန်ရေး လှုပ်ရှားမှုများနှင့် ပတ်သက်သည့် တစ်စုံတစ်ရာ လွှဲပြောင်းခြင်း ရှိမရှိကို အစီရင်ခံရန် ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပါသည်။ မိုဘိုင်ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများအနေဖြင့် အစီရင်ခံရန် ပျက်ကွက်ခြင်းအား ငွေရေးကြေးရေးအဖွဲ့အစည်းဥပဒေ ပုဒ်မ (၁၅၄) အရ တရားစွဲဆိုမည်ဟု ယင်းထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
စစ်ကောင်စီ၏ ငွေကြေးလွှဲပြောင်းမှုဆိုင်ရာ စောင့်ကြည့်မှုအခြေအနေများမှ ရှောင်လွှဲနိုင်ရန်အတွက် NUGpay ကို စတင်မိတ်ဆက်သည့်လ ဖြစ်သည့် ဇွန်လ ၂၀၂၂ တွင် စစ်ကောင်စီအနေဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တွင် မှတ်ပုံတင်ထားခြင်းမရှိသည့် အခြားသော Mobile Pay/Mobile Wallet များကိုအသုံးပြုခြင်းသည် တရားဝင်မှုမရှိကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့သည်။ ထို့အပြင် ၂၀၂၂ ခုနှစ် ဩဂုတ်လ (၁၅) ရက်နေ့တွင် KPay/Wave Money စသည့် မိုဘိုင်ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နေသည့် ကိုယ်စားလှယ်များအနေဖြင့် ဖောက်သည်များ၏ အချက်အလက်များကို လျှို့ဝှက်မှတ်တမ်းတင်ထားရန်နှင့် CCTV များ တပ်ဆင်ထားရန်အပါအဝင် လိုက်နာရမည့် အချက်ဆယ်ချက်ကို စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။ ထို့နောက် ၂၀၂၂ ခုနှစ် စက်တင်ဘာလ (၁၆) ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်အနေဖြင့် Level 2 မြင့်တင်ထားခြင်းမရှိသည့် (ဆိုလိုသည်မှာ နိုင်ငံသားစိစစ်ရေးကဒ်များဖြင့် အတည်ပြုရခြင်းမရှိသေးသည့်အကောင့်များ) မိုဘိုင်းငွေကြေးချေမှုဆိုင်ရာ အကောင့်များအား အပြီးပိတ်သိမ်းမည်ဖြစ်ကြောင်းထုတ်ပြန်ခဲ့သည်။ မိုဘိုင်းငွေပေးချေမှု အကောင့်များအား စစ်ကောင်စီ လက်အောက်ခံ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနနဲ့ “ဆက်သွယ်ရေး ညွန်ကြားမှုဦးစီးဌာနတွေ၏ စာရင်းတွင် ဖြည့်စွက်ထားသည့် အမည်၊ နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ်နဲ့ ဆင်းမ်ကတ် နံပါတ်တွေကို အီလက်ထရွန်နစ် မှတ်ပုံတင်ခြင်း ဒေတာဘေ့စ်နဲ့ ဆင်းမ်ကတ် မှတ်ပုံတင်ခြင်း ဒေတာဘေ့စ်များမှ အချက်အလက်တွေနဲ့ တိုက်ဆိုင် စစ်ဆေးသွားမည်” ဟုလည်း ယင်းကြေငြာချက်တွင် ဖော်ပြထားသည်။ ဆက်တိုက်ဆိုသလိုပင် ၂၀၂၂ ခုနှစ် စက်တင်ဘာလ (၁၉) ရက်နေ့တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဋ္ဌာန အနေဖြင့် အမည် မှတ်ပုံတင်နံပါတ်တို့ကို မှန်ကန်စွာဖြည့်စွက်ထားခြင်းမရှိသော SimCard များကို ပိတ်သိမ်းမည်ဟု ထုတ်ပြန်ကြေငြာခဲ့သည်။ ထိုသို့ထုတ်ပြန်ကြေငြာပြီး နှစ်ရက်ခန့်အကြာ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့တွင် Kpay Account အများအပြား အကြောင်းပြချက် အခိုင်အလုံမရှိပဲ ပိတ်သိမ်းခံခဲ့ရသည်။
အထက်ပါဖြစ်စဉ်များအရ စစ်ကောင်စီအနေဖြင့် တော်လှန်ရေးရန်ပုံငွေ စီးဆင်းနိုင်သည့်လမ်းကြောင်းမှန်သမျှကို ဖြစ်နိုင်သမျှသော နည်းလမ်းများဖြင့် ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေသည်မှာ ထင်ရှားသည်။
နည်းပညာအခြေပြု တော်လှန်ရေး ရန်ပုံငွေရှာဖွေမှုများအပေါ် စစ်ကောင်စီ၏ ဖိနှိပ်မှု
တစ်ဘက်မှ စစ်ကောင်စီအနေဖြင့် မိုဘိုင်းငွေပေးချေမှုကဲ့သို့ ၎င်းတို့တိုက်ရိုက်ထိန်းချုပ်နိုင်သည့် လမ်းကြောင်းများမှ တဆင့် ဒီမိုကရေစီလှုပ်ရှားမှုများအတွက် ရန်ပုံငွေရှာဖွေမှုများအပေါ်ဖိနှိပ်မှုများပြုလုပ်နေသလို နည်းပညာ အခြေပြု ရန်ပုံငွေရှာဖွေမှု ပုံစံများဖြစ်သည့် Click2Donate (C2D), PDF Game ကဲ့သို့ ၎င်းတို့ တိုက်ရိုက်ဟန့်တားနိုင်စွမ်းမရှိသည့် အခြေအနေများအပေါ်တွင်လည်း အင်တာနက်မြန်နှုန်းများကိုကန့်သတ်ခြင်း ၊ အရေးယူနိုင်သည့်နည်းလမ်းပေါင်းစုံအသုံးပြုက သွယ်ဝိုက်သောနည်းလမ်းများဖြင့်နှောက်ယှက်နေသည်း
၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၈) ရက်နေ့တွင် C2D ကဲ့သို့ တော်လှန်ရေးရန်ပုံငွေ ရှာဖွေမြှင့်တင်ရေး ကိစ္စရပ်များတွင် ပြည်သူ၏ ပါဝင်မှုကို လျှော့ကျစေရန်အတွက် မိုဘိုင်းအင်တာနက်အသုံးပြုမှု စျေးနှုန်းများကို (၂) ဆမြှင့်တင်ခဲ့သည်။ မြန်မာနိုင်ငံအတွင်း ေဒသအသီးသီးတွင် Fiber Internet လိုင်းများ ချိတ်ဆက်အသုံးပြုနိုင်မှု အကန့်အသတ်ရှိနေချိန်တွင် ထိုကဲ့သို့ မိုဘိုင်းအင်တာနက်စျေးနှုန်းများ တိုးမြှင့်ကောက်ခံခြင်းသည် သုံးစွဲသူများ၏ သတင်းအချက်အလက်ရရှိနိုင်မှု အပါအဝင် ပညာရေးဆိုင်ရာ ကိစ္စရပ်များအတွက် ကြီးမားသည့် သက်ရောက်မှုများကိုဖြစ်ပေါ်စေသည်။ ဖိုက်ဘာအင်တာနက်နက် လွှမ်းခြုံမှု ကောင်းမွန်သည့် ရန်ကုန်မြို့တွင် ဓာတ်တိုင်များမှ တဆင့် သွယ်တန်းထားသော ဆက်သွယ်ရေး ကြိုးများအား (၃၀-၁၁-၂၀၂၁) ရက်နေ့ နောက်ဆုံးထား၍ ဖယ်ရှားရှင်းလင်ရန် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း မှ ထုတ်ပြန်ကြေငြာခဲ့သည်။
စစ်ကောင်စီ၏ အင်တာနက် အသုံးပြုမှုအပေါ် ဖိနှိပ်မှုများသည် ပိုမိုများပြားလာခဲ့ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ (၆) ရက်နေ့တွင် စစ်ကောင်စီ အနေဖြင့် ပြည်ထောင်စုအကောက်ခွန်ဥပဒေကို ပြင်ဆင်ပြီး ဆင်းကဒ်တစ်ခုအတွက် ကုန်သွယ်ခွန် ကျသင့်ငွေကို ကျပ် (၂၀၀၀၀) ခန့်အထိ တိုးမြင့်ကောက်ခံခဲ့ပြီး အင်တာနက်ဝန်ဆောင်မှု လုပ်ငန်းများအပေါ် အခွန် ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့် ကျသင့်စေခဲ့သည်။ “အင်တာနက် ဝန်ဆောင်မှုများအပေါ် အခွန်တိုးကောက်ခံခြင်းသည် အင်တာနက် အလွန်အကျွံ သုံးစွဲမှုကြောင့် ပြည်သူများ အလုပ်အကိုင် ထိခိုက်ခြင်း၊ ကျောင်းသူကျောင်းသားများ၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခြင်းများကို လျှော့ချရန် အတွက်ဟု” ဆိုသည့်အလွန်ထူးဆန်းသည့် အကြောင်းပြချက်များလဲ ထည့်သွင်းဖော်ပြထားသေးသည်။
လားရာများကို သုံးသပ်ကြည့်ခြင်း
တွေ့ရှိခဲ့သောအချက်အလက်များအရ စစ်ကောင်စီအနေဖြင့် တော်လှန်ရေးရန်ပုံငွေ စီးဆင်မှုဆိုင်ရာလမ်းကြောင်း မှန်သမျှကို အသဲအသန် ဖိနှိပ်ရန် ကြိုပမ်းနေခြင်းသည် တော်လှန်ရေးဖြစ်စဉ်များ၏ သက်ရောက်မှုသည် ၎င်းတို့အပေါ် ကြီးကြီးမားမားဖြစ်ပေါ်နေကြောင်းကို ထင်ရှားစေသည်။ တစ်ဘက်တွင်လည်း စစ်ကောင်စီ၏ တယ်လီကွန်းဆက်သွယ်ရေး အဆောက်အအုံတစ်လုလုံးအပေါ် အပြည့်အဝ ထိန်းချုပ်နိုင်မှုနှင့် ငွေကြေးယန္တယားအပေါ် စစ်ကောင်စီ၏ လွှမ်းမိုးနိုင်မှုသည် တော်လှန်ရေး အရှိန်အပေါ်တွင် သက်ရောက်မှု ရှိနေသည်။ သို့သော် ငွေကြေးယန္တယားအပေါ် စစ်တပ်၏ ဖိနှိပ်ချုပ်ချယ်မှုကို ရှောင်တိမ်းကာ ဆက်လက်ပံ့ပိုးမှုများပြုလုပ်နိုင်သည့် ဖြစ်နိုင်ခြေရှိသော အခြေအနေများလည်း ရှိနေသေးသည်။
ပထမ အချက်အားဖြင့် ထောက်ပံ့သူများအနေနှင့် အလေ့အထ ဆိုင်ရာ လုံခြုံရေးကို ကောင်းကောင်းဂရုစိုက်ခြင်းဖြင့် အကောင့်များအား ပိတ်သိမ်းသည့် အခြေအနေမှ လျော့ကျသွားစေနိုင်သည့်အလားအလာရှိသည်။ သုံးစွဲသူများအတွက် ဖြစ်နိုင်ခြေအရှိဆုံး အားနည်းချက်တစ်ခုမှာ ငွေကြေးလွှဲပြောင်းမှုဆိုင်ရာ အကြောင်းအရာကို ဖော်ပြရခြင်းဖြင်သည်။ ထို့ကြောင့် PDF, NUG စသည့် တော်လှန်ရေးနှင့်သက်ဆိုင်သည့် စကားလုံးများကို ရှောင်းရှားသုံးပြုခြင်းသည် ကာကွယ်ရေးဆိုင်ရာ အရေးကြီးသည့် ပထမအချက်ဖြစ်သည်။ ခွဲခြားမှုဖြင့် လုံခြုံစေခြင်း၊ လုံခြုံသည့် Digital လမ်းကြောင်းများမှ ဆက်သွယ်ခြင်း၊ သတင်အချက်အလက်ဆိုင်ရာ အကဲဆက်သည့် ကိစ္စရပ်များအတွက် ပုံမှန်ဖုန်းဆက်သွယ်မှုများအသုံးပြုဆက်သွယ်ခြင်း စသည့် အခြေခံ လုံခြုံရေးဆိုင်ရာ သိမှုများကိုလည်း မြှင့်တင်ရန်လိုအပ်သည်။ Spring Revolution Security telegram channel တွင် ဒီဂျစ်တယ်လုံခြုံရေးဆိုင်ရာ သိမှုကို မြှင့်တင်နိုင်ရေးအတွက် ရင်းမြစ်များစွာရှိပါသည်။
ဒုတိယအချက်အနေဖြင့် ထောက်ခံသူများသည် တော်လှန်ရေးဆိုင်ရာ လှူဒါန်းမှုများအတွက် Cryptocurrency ငွေကြေးအား လွယ်ကူစွာအသုံးပြုနိုင်ပါက စစ်တပ်၏ စောင့်ကြည်မှု အခြေအနေများမှ အတိုင်းအတာ တစ်ခုအထိ လွတ်မြောက်နိုင်မည်။ မြန်မာ့ Crypto အခင်းအကျင်းသည် သိသာထင်ရှားသည့် အခြေအနေကောင်းများ ရှိနေသည် – NUG အနေဖြင့် USDT ကို တရားဝင်ငွေကြေးအဖြစ် ကြေငြာထားမှု၊ DMMK ကို Blockchange အခြေပြုငွေကြေးအဖြစ် လုပ်ဆောင်ထားမှု၊ Crypto ငွေကြေးအသုံးပြုမှုကို ဦးဆောင်ပေးနိုင်ဖွယ် ရှိသည့် သူများရှိနေမှု၊ အလှူငွေရရှိမှုအတွက် ဆုရတနာ crypto mining အစီအစဉ်များသည် ယင်းအခြေနေကောင်းများရှိနေသည်ကို သိသာစေသည်။ သို့သော် မြန်မာ့ Crypto အခင်းအကျင်းတွင် စတင်အသုံးပြုမည့်သူများအတွက် ငွေလဲကောင်တာတာများ ၊ Application များ အားနည်းမှု၊ နည်းပညာ အသိုင်းအဝိုင်း၊ အစိုးအရ နှင့် ပညာရှင်တို့၏ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လစ်ဟင်းမှု အခြေအနေများကလည်း ရှိနေသေးသည်ကိုတွေ့ရသည်။ ယင်းအတားအဆီးများကို အတိုင်းတာတစ်ခုအထိ ဖြေရှင်းနိုင်ပါက စစ်တပ်၏ ငွေကြေးဆိုင်ရာ လွှဲပြောင်းမှု အပေါ်တွင် စောင့်ကြည့်မှုဆိုင်ရာ အခြေအနေများကို ရှောင်ရှားနိုင်မည့် အခြေအနကောင်းများ ရှိလာနိုင်ပါသည်။
တတိယ အချက်အနေဖြင့် NUGpay ကဲ့သို့ Blockchain အခြေပြု ငွေကြေလွှဲပြောင်မှု ပလပ်ဖောင်းများ ပိုမိုပေါ်ထွန်းလာစေရန် အသုံးသူပြုများ များပြာလာစေရန်အတွက် ၎င်းမော်ဒယ်များအား လူငယ် စွန့်ဦးတည်ထွင်သူများအား မျှဝေပေးခြင်းအားဖြင့် ထောက်ပံ့သူများအနေဖြင့် အစားထိုးရွေးချယ်စရာအသစ်များကို စဉ်းစားလာနိုင်ဖွယ်ရာရှိသည်။ ယခုအချိန်တွင် NUGPay ကိုအသုံးပြုရေးအတွက် အတိုင်တာတစ်ခုအထိ အခက်အခဲရှိနေပြီး အသုံးပြုသူများ၏ လက်လှမ်းမီမှုမှာလဲ အကန့်အသစ် ဖြစ်နေသည့် အခြေအနေမျိုးဖြစ်နေသည်။ သို့သော် NUGpay ကဲ့သို့ ဝန်ဆောင်မှုများ ပိုမို ပေါ်ထွန်းလာပါက တော်လှန်ရေးရန်ပုံငွေ ဆိုင်ရာ လုံခြုံသည့် ငွေကြေးစီးဆင်းမှု အခြေအနေတစ်ခုကို စိတ်ကူးမြင်ယောင်ကြည့်နိုင်ပါသည်။