စစ်ကောင်စီသည် ဖေဖော်ဝါရီ (၁) ရက်နေ့ အာဏာသိမ်းမှု စတင်ပြီးချိန်မှစပြီး အွန်းလိုင်းသုံးစွဲသူများ၊ အွန်လိုင်းရပ်ဝန်းအတွင်းရှိ လျှင်မြန်စွာသတင်းစီးဆင်မှုများ အပါအဝင် စစ်အာဏာသိမ်းမှုအပေါ် လူတစ်ဦးခြင်းစီ၏ အမြင်သဘောထားဆိုင်ရာတင်ပြမှုများနှင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လှုပ်ရှားမှုများ၊ အွန်လိုင်းမှတဆင့် စည်းရုံးစတင်မှုများကို ထိန်းချုပ်နိုင်ရန်အတွက် ဥပဒေရေးရာအရ ပြင်ဆင်ကန့်သတ် ထိန်းချုပ်ရန် ကြိုးစားမှုများကို ပြုလုပ်ရုံသာမက အင်တာနက်ကို အချိန်ပိုင်း ဖြတ်တောက်ခြင်း၊ ပဋိပက္ခအခြေအနေအမျိုးမျိုးပေါ်မူတည်ပြီး နေရာဒေသ ကန့်သတ်မှုဖြင့်ဖြတ်တောက်ခြင်း၊ လူအများအသုံးများသည့် Social Media များကဲ့သို့သော ရပ်ဝန်းများအပေါ် ဝန်ဆောင်မှုဆိုင်ရာ ပိတ်ပင် ကန့်သတ်ခြင်း၊ အင်တာနက်သုံးစွဲခစျေးနှုန်းများကို ပြောင်းလဲခြင်း စသည့် နည်းလမ်းပေါင်းစုံဖြင့် ကန့်သတ်လုပ်ဆောင်ခဲ့သည်ကို (၁) နှစ်တာကာလအတွင်း တောက်လျှောက်ပြုလုပ်ခဲ့ပါသည်။ ထိုကဲ့သို့ ဒီဂျစ်တယ်အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှု ဖြစ်စဉ်များအား လအလိုက် စုစည်းဖော်ပြထားပါသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ လအတွင်း ကြုံတွေ့ခဲ့ရသည့် ဒီဂျစ်တယ် ဖိနှိပ်မှုဆိုင်ရာဖြစ်စဉ်များ
ဖေဖော်ဝါရီလအတွင်း ကြုံတွေ့ခဲ့ရသည့် ဒီဂျစ်တယ်ဖိနှိပ်မှု ဖြစ်စဉ် အနှစ်ချုပ်
Social Media အသုံးပြုမှုအား ကန့်သတ်မှုများ စတင်ခြင်းဖြစ်စဉ်
အင်တာနက်အသုံးပြုမှုအား တိုးမြှင့်ကန့်သတ်ခြင်း ဖြစ်စဉ်
IP Address နှင့် URL များအားစတင်ပစ်မှတ်ထား ပိတ်ပင်ကန့်သတ်မှု ဖြစ်စဉ်
ညအချိန် အင်တာနက်အသုံးပြုမှုများကို ထပ်မံကန့်သတ်ခြင်းဖြစ်စဉ်
အာဏာသိမ်းမှု စတင်သည့် ဖေဖော်ဝါရီလ (၁) ရက်နေ့ မနက် (၁) နာရီမှ နေ့လည် (၁) နာရီအတွင်းတွင် အင်တာနက် အသုံးပြုမှုနှင့် ပါတ်သက်ပြီး သိသာစွာ နှေးကွေးသွားသည့် အခြေအနေများဖြစ်ပေါ်ခဲ့သည်ကို မြန်မာနိုင်ငံရှိ အင်တာနက်သုံးစွဲသူများအနေဖြင့် ကြုံတွေ့ခံစားခဲ့ရပါသည်။
(ပုံ – ၄. ၁) Reuter သတင်းဋ္ဌာနမှ ဖော်ပြေထားသည့် မြန်မာနိုင်ငံ၏ အင်တာနက် ကျဆင်းနှေးကွေးသွားမှုဆိုင်ရာ အခြေအနေကို ရက်အလိုက်ဖော်ပြထားသည့် အခြေပြု ဇယား
နေ့လည် (၁) နာရီနောက်ပိုင်းတွင် အင်တာနက်အသုံးပြုမှုအခြေအနေသည် ပုံမှန်ပြည်လည် သုံးစွဲနိုင်သည့်အခြေအနေသို့ ပြန်လည်ရောက်ရှိခဲ့ပြီး ဖေဖော်ဝါရီလ (၂) ရက်နေ့တွင် အာဏာသိမ်းမှုကို လက်မခံနိုင်သော လူထုကြီးအနေဖြင့် ကားဟွန်းများတီးကာ ဆန္ဒထုတ်ဖော်ခြင်းကို စတင်ပြုလုပ်ခဲ့သည့်အပြင် ည (၈) နာရီအချိန်တွင် သံပုံးတီးကာ ဆန္ဒထုတ်ဖော်ခြင်းကို ပြုလုပ်ရန်အတွက် #voiceoutfordemocracy #myanmarcoup စသည့် (#) များကို အသုံးပြုကာ စည်းရုံးလှုံဆော်ခဲ့ကြသည်။
(ပုံ – ၄.၂ ) သံပုံးတီးကမ်ပိန်းအတွက် Social Media မှ လှုပ်ရှားမှု ပုံရိပ်
အာဏာသိမ်းပြီး ဒုတိယမြောက်နေ့တွင်ပင် မြန်မာပြည်သူများအနေဖြင့် အွန်းလိုင်းဆက်သွယ်ရေး၏ အပြန့်ကျယ်နိုင်စွမ်းနှင့် လျှင်မြန်ထိရောက်စွာ ဖြန့်ကျက်နိုင်စွမ်းအားကို ထိထိရောက်ရောက်အသုံးပြုပြီး အာဏာသိမ်းမှုအပေါ် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ပါဝင်နိုင်သော သံပုံတီးကမ်ပိန်းကဲ့သို့ ကမ်ပိန်းကို ပုံဖော်ခဲ့ကြခြင်းမှာ အဏာရှင်တို့အတွက် တုန်လှုပ်စရာအခြေအနေတစ်ရပ်ဟု ဆိုနိုင်သည်။
Social Media အသုံးပြုမှုအား ကန့်သတ်မှုများ စတင်ခြင်း
အင်တာနက်အခြေပြု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများ အားကောင်းလာမှုကို ကန့်သတ်လိုဟန် ရှိသည့် စစ်ကောင်စီအနေဖြင့် မြန်မာနိုင်ငံတွင် အသုံးပြုမှု အတွင်ကျယ်ဆုံးနှင့် ရေပန်းအစားဆုံး Social Media ဖြစ်သည့် Facebook ကို ဖေဖော်ဝါရီ (၇) ရက်နေ့အထိ ပိတ်ပင်ထားရန် စစ်ကောင်စီထိန်းချုပ်ထားသည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဋ္ဌာန က ဖေဖော်ဝါရီ (၃) ရက်နေ့တွင် ညွှန်ကြားချက်ထုတ်ပြန်ပြီး International Gateway ဆောင်ရွက်ခွင့်ရရှိသူများနှင့် Internet Service Provider (ISP) များထံသို့ ပေးပို့ညွှန်ကြားခဲ့သည်ကိုတွေ့ရပါသည်။
(ပုံ – ၄.၃) The Voice Journal နှင့် Irrawaddy သတင်းဋ္ဌာနပါ Facebook ပိတ်ပင်မှုသတင်း
ထိုနေ့က ၂၀၁၉ ခုနှစ် ဇွန်လမှစတင်ခဲ့သည့် ရခိုင်နှင့်ချင်းပြည်နယ်ရှိ အင်တာနက် အသုံးပြုမှု ကန့်သတ်ခံထားရသည့်အခြေအနေကို ပြန်လည်ဖွင့်လှစ်ပေးခဲ့သည့် နေရက်ဖြစ်ခဲ့သော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သတင်းစီးဆင်မှု ကန့်သတ်ခံရသော နေ့ရက်အဖြစ် မှတ်တမ်းဝင်ခဲ့သော နေ့ရက်တစ်ခုဖြစ်သည်။ ယင်းအခြေအနေနှစ်ရပ်ကို ချိန်ထိုးသုံးသပ်ကြည့်ပါကလည်း ရခိုင်နှင့် ချင်းပြည်နယ်ရှိ အင်တာနက်ကန့်သတ်မှုကို ပြန်လည်ဖြေလျော့ပေးခဲ့ခြင်းသည် စစ်ကောင်စီ၏ သဘောရိုးဖြင့်လုပ်ဆောင်သောရည်ရွယ်ချက်တစ်ခုမဟုတ်ကြောင်းကို သိသာထင်ရှားစေသည်။
ထို့နောက် ဖေဖော်ဝါရီလ (၅) ရက်နေ့တွင် Faecbook ကိုသာမက Twitter နှင့် Instagram တို့ကိုပါ ကန့်သတ်မှုများ ထပ်မံတိုးမြှင့်လုပ်ဆောင်ရန်အတွက် စစ်ကောင်စီထိန်းချုပ်ထားသည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဋ္ဌာနမှ မြန်မာနိုင်ငံအတွင်း International Gateway ဆောင်ရွက်ခွင့်ရရှိသူများနှင့် Internet Service Provider (ISP) များထံသို့ ညွှန်ကြားခဲ့ကြောင်းကို Telenor Myanmar မှ ထုတ်ပြန်ကြေငြာခဲ့ပါသည်။
(ပုံ – ၄.၄) social media များဖြစ်သည့် Facebook နှင့် Twitter တို့အား တိုးမြှင့် ကန့်သတ်မှုနှင့် ပါတ်သက်သည့် တယ်လီနောမြန်မာ၏ ထုတ်ပြန်ချက်
ထို့သို့ စစ်ကောင်စီ၏ အချိန်တိုအတွင်း ဆက်တိုက်တိုးမြှင့်ဟန့်တားလုပ်ဆောင်မှုများကို ကာကွယ်နိုင်ရန် အတွက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၆) ရက်နေ့နေ့စွဲဖြင့် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေများအရ အကာအကွယ်ပြုရန် လိုအပ်သည့် လွတ်လပ်စွာထုတ်ဖော်ခွင့်နှင့် သတင်းအချက်အလက် ရယူခွင့်တို့ကို အကာအကွယ်ပေးရန် တယ်လီကွန်းများသို့ ပြည်တွင်းအခြေစိုက် လူမှုအဖွဲ့အစည်းများမှ စုပေါင်းတောင်းဆိုမှုများကို ပြုလုပ်ခဲ့သော်လည်း စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်တွင် မလူးသာမလွန့်သာဖြစ်နေသော တယ်လီကွန်းများအနေဖြင့် ပိုမိုကောင်းမွန်သည့် အခြေအနေတစ်ရပ်ကို မြန်မာနိုင်ငံသားများအတွက် ဖန်တီးပေးရန် အကန့်အသတ်ရှိခဲ့ပုံရပြီး တိုးတက်သည့်ဖြစ်စဉ်များကို တွေ့မြင်ရခြင်းမရှိခဲ့ပါ။
(ပုံ – ၄.၅) ပြည်တွေအခြေစိုက်အဖွဲ့အစည်းများမှ တယ်လီကွန်းများသို့ စုပေါင်းတောင်ဆိုမှုအား Aceess Now ၏ website စာမျက်နှာတွင်ဖော်ပြချက်။
အင်တာနက်အသုံးပြုမှုအား တိုးမြှင့်ကန့်သတ်လာခြင်း
ထို့ကဲ့သို့ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ တယ်လီကွန်များသို့ စုပေါင်းတောင်းဆိုသည့် အိတ်ဖွင့်ပေးစာ ပေးပို့သည့် ဖေဖော်ဝါရီလ (၆) ရက်နေ့တွင်ပင် စစ်ကောင်စီအနေဖြင့် နာရီ (၃၀) ကြာ အင်တာနက်ဖြတ်တောက်မှုကို ပြုလုပ်ရန်အတွက် ထပ်မံဆုံးဖြတ်ခဲ့သောနေ့ရက်လည်းဖြစ်သည်။ ယင်းကာလတွင် လူထု၏ လှုပ်ရှားမှုများသည်လည်း လမ်းပေါ်အထိ အင်နှင့်အားနှင့် ရောက်ရှိလာသော ကာလဖြစ်ရာ စစ်ကောင်စီအနေဖြင့် လူထု၏ ဒီမိုကရေစီ လှုပ်ရှားမှုလှိုင်းကို ကန့်သတ်နိုင်ရန်အတွ့် အင်တာနက်အသုံးပြုမှုဆိုင်ရာ ပိတ်ပင်မှုများကိုလည်း ပိုမိုလုပ်ဆောင်လာသည်ကို ဆက်တိုက်တွေ့လာရသည်။
IP Address နှင့် URL များအား စတင်ပစ်မှတ်ထား ပိတ်ပင်ကန့်သတ်မှုဖြစ်စဉ်
ဖေဖော်ဝါရီ (၉) ရက်နေ့နှင့် (၁၀) ရက်နေ့များတွင် စစ်ကောင်စီအနေဖြင့် လည်းကောင်းတို့ ပိတ်ပင်လို့သော IP Address များကို ပိတ်ပစ်ရန် ညွှန်ကြားမှုများအား အင်တဝန်ဆောင်မှုပေးသူများထံ ပေးပို့ခဲ့သည်ဟု Bangkok Post သတင်းစာတွင်ဖော်ပြခဲ့သည်အပြင် Telenor Myanmar Website တွင်လည်း ဖော်ပြခဲ့သည်ကိုတွေ့ရှိရသည်။
ထိုကဲ့သို့ စစ်ကောင်စီအနေဖြင့် အင်တာနက်ပေါ်ရှိ သတင်းပျံ့နှံ့မှုများကို ထိန်းချုပ်ရန် ကြိုးစာနေသလို မြေပြင်ရှိ ဆန္ဒထုတ်ဖော်သူများကိုလည်း ပြင်းထန်သည့် နှိမ်နင်းမှုများ တိုးမြှင့်လုပ်ဆောင်လာရာ အစိုးရ ရုံးစိုက်ရာနေပြည်တော်တွင် ဖေဖော်ဝါရီ (၉) ရက်နေ့က ရဲတပ်ဖွဲ့၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် (၁၉) နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးဖြစ်သည့် မြသွဲ့သွဲ့ခိုင်အနေဖြင့် ကျဉ်ထိမှန်ခဲ့ပြီး (၁၉) ရက်နေ့တွင် ဒီမိုကရေစီ တိုက်ပွဲအတွက် ပထမဆုံးအသက်ပေးသွားခဲ့ရသည်။
ထိုသို့ စစ်ကောင်စီ၏ ဆက်တိုက်လုပ်ဆောင်လာသော အင်တာနက်အသုံးပြုမှုဆိုင်ရာ ထိန်းချုပ်ကန့်သတ်မှုများ ကြောင့် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ၂၉ ကြိမ်မြောက် အထူးအစည်းအဝေးကို ခေါ်ယူကျင်းပပြီး မြန်မာနိုင်ငံ၏ အင်တာနက်အသုံးပြုမှုဆိုင်ရာ ထိန်းချုပ်ကန့်သပ်မှုများနှင့်စပ်လျှဉ်း၍ နိုင်ငံတကာ လူ့အခွင့်အရေးနှင့် အညီ အင်တာနက် ၊ ဆက်သွယ်ရေးနှင့် Social Media ကန့်သတ်မှုများအပေါ် ရုပ်သိမ်းရန် တောင်းဆိုခဲ့ကြသော်လည်း လူ့အခွင့်အရေးဆိုင်ရာ စံနှုန်းများကို တန်ဖိုးထားခြင်း မရှိသော စစ်ကောင်စီအနေဖြင့် ယင်းတောင်းဆိုမှုအား လစ်လျှူရှုခဲ့သည်။
(ပုံ – ၄.၈) ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ဝက်ဆိုက်စာမျက်နှာတွင်တွေ့ရသော မြန်မာနိုင်ငံ အင်တာနက် ထိန်းချုပ်ကန့်သတ်မှုများနှင့် စပ်လျဉ်းသည့် တောင်းဆိုချက်
ထိုသို့ဖေဖော်ဝါရီ (၉) ရက်နေ့မှ (၁၄) ရက်အတွင်း ဆက်တိုက် ညွှန်ကြားပိတ်ပင်ခဲ့သော IP address နှင့် website Links များအား ပိတ်ပင်မှုတွင် လူအခွင့်အရေးဆိုင်ရာ အချက်အလက်များကို မျှဝေပေးနေသည့် ဝက်ဆိုက်များ အပါအဝင် ၊ Covid 19 ဆိုင်ရာအချက်အလက်များမျှဝေပေးနေသည့် ဝက်ဆိုက်များပါ ပါဝင်ခဲ့ပြီး ယင်းအချိန်ကာလသည် မြန်မာနိုင်ငံတွင် Covid 19 တတိယလှိုင်း မစတင်မီ ကာလလည်းဖြစ်ရာ မြန်မာနိုင်ငံသားတို့အတွက် အရေးကြီးသော ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များ အချိန်နှင့် တပြေးညီ ရရှိနိုင်ရန် အရေးကြီးသောအချိန်ကာလတစ်ခုလည်းဖြစ်နေသည်။
ညအချိန် အင်တာနက်အသုံးပြုမှုများကို ထပ်မံကန့်သတ်ခြင်းဖြစ်စဉ်
ထို့နောက် အာဏာသိမ်း စစ်ကောင်စီသည် အာဏာသိမ်းမှု လဝက်တာကာလ ဖြစ်သည့် ဖေဖော်ဝါရီလ (၁၅) ရက်နေ့တွင် တတိယအကြိမ်မြောက်ဖြစ်သည့် အင်တာနက် ပိတ်ပင်မှုကို ထပ်မံပြုလုပ်ခဲ့ပြီး မြန်မာတစ်နိုင်ငံလုံးရှိ အင်တာနက် သုံးစွဲသူများအနေနှင့် ည (၁၂) နာရီမှ မနက် (၉) နာရီအတွင် အင်တာနက် အသုံးပြုနိုင်ခြင်းမရှိခဲ့သည်ကိုတွေ့ရှိရသည်။
(ပုံ – ၄.၉) Reuter သတင်းဋ္ဌာနမှ ဖော်ပြေထားသည့် မြန်မာနိုင်ငံ၏ အင်တာနက် ကာဖျူးကာလပြ ဖော်ပြချက်
ဖေဖော်ဝါရီလ (၂၂) ရက်နေ့တွင် ရန်ကုန်မြို့ရှိ အင်တာနက်အသုံးပြုသူများအနေဖြင့် နေ့လည် (၁၂) နာရီဝန်းကျင်ခန့်မှသာ အင်တာနက်အားပြန်လည်အသုံးပြုနိုင်ခဲ့သည်။ ထိုကဲ့သို့ အင်တာနက်အသုံးပြုမှုများကို စစ်ကောင်စီ အနေဖြင့် ဟန့်တားကန့်သတ်ခဲ့မှုများ ပြုလုပ်ခဲ့သော်လည်း စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုများသည် အရှိန်အဟုန်ဖြင့် ဆက်လက်တိုးမြှင့်လုပ်ဆောင်လာကာ မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုများပါ ဆက်တိုက်ကြီးထွားလာနေခဲ့သည်။
၂၀၂၁ ခုနှစ် မတ်လအတွင်း ကြုံတွေ့ခဲ့ရသည့် ဒီဂျစ်တယ် ဖိနှိပ်မှုဆိုင်ရာဖြစ်စဉ်များ
မတ်လအတွင်း ကြုံတွေ့ခဲ့ရသည့် ဒီဂျစ်တယ်ဖိနှိပ်မှု ဖြစ်စဉ် အနှစ်ချုပ်
စစ်ကောင်စီနှင့် စောင့်ကြည့်ရေးနည်းပညာပိုင်ဆိုင်မှု
အင်တာနက် သုံးစွဲမှုအား ပိုမိုကန့်သတ်လာမှုဖြစ်စဉ် (မိုဘိုင်းဖုန်းဖြင့် အင်တာနက်သုံးစွဲမှုအား ၂၄ နာရီ ပိတ်ပစ်ခြင်း)
အင်တာနက်ပြတ်တောက်မှု အကြောင်းပြချက်ဖြင့် အတိုင်ပင်ခံ၏ ရုံးချိန်းအားရွှေ့ဆိုင်းမှု ဖြစ်စဉ်
စစ်ကောင်စီအနေဖြင့် အာဏာသိမ်းမှု လုပ်ဆောင်ပြီးနောက် ဆက်တိုက်ပင် အင်တာနက်အသုံးပြုမှုဆိုင်ရာ ဖိနှိပ်မှု သတင်းအချက်အလက်စီးဆင်းမှုဆိုင်ရာ ကန့်သက်မှုတို့ကို ထိန်းချုပ်ကိုင်တွယ်နိုင်ရန် ကြိုးပမ်းခဲ့သည်။ အာဏာသိမ်းမှု၏ ဒုတိယမြောက်လတွင်လည်း ထိုသို့လုပ်ဆောင်မှုများကို ဆက်လက်တွေ့ရှိခဲ့ရသည်။
စစ်ကောင်စီနှင့် စောင့်ကြည့်ရေးနည်းပညာပိုင်ဆိုင်မှု
ထိုကဲ့သို့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် လွတ်လပ်စွာသတင်းစီးဆင်းမှုဆိုင်ရာ ကန့်သက်မှုများ ဆက်တိုက် တွေကြုံနေရချိန် မတ်လ (၁) ရက်နေ့ New York Time သတင်းစာ Website စာမျက်နှာတွင်ဖော်ပြခဲ့သည့် Israeli နိုင်ငံထုတ် စောင့်ကြည့်ရေး ဒရုန်းများ၊ EU နှင့် American ထုတ် မိုဘိုင်းဖုန်းနှင့် ကွန်ပျူတာများသို့ ထိုးဖောက်ဝင်ရောက်နိုင်သည့် Software များအား အာဏာသိမ်း စစ်ကောင်စီအနေဖြင့် ရရှိထားသည် ဆိုသည့် ဖော်ပြချက်သည် မြန်မာနိုင်ငံရှိ အင်တာနက်သုံးစွဲသူများအတွက် ပိုမိုစိတ်ပူဖွယ်ရာအခြေအနေတစ်ခုဖြစ်နေသည်။ ထိုကဲ့သို့ အကဲဆတ်သော ကာကွယ်ရေးဆိုင်ရာနည်းပညာများနှင့် လုံခြုံရေးနည်းပညာဆိုင်ရာ ပစ္စည်းများကို ဝယ်ယူရေးအတွက် အရပ်သားအစိုးရနှင့် အာဏာခွဲဝေ ရယူစဉ်ကာလအတွင်း ဒီမိုကရေစီ ဘန်းပြလုပ်ဆောင်ခဲ့သည်ဟု ဝေဖန်သူများက ထောက်ပြသုံးသပ်သည့်အကြောင်းကိုလည်း သတင်းတွင် ဖော်ပြထားသည်ကိုတွေ့ရသည်။
(ပုံ – ၄. ၁၀) New York Time သတင်းစာမျက်နှာတွင် တွေ့ရှိရသည့် စစ်ကောင်စီ၏ စောင့်ကြည့်ရေးဆိုင်ရာ နည်းပညာ ဆိုင်ရာ ပစ္စည်းများ ပိုင်ဆိုင်ထားမှုဆိုင်ရာ သတင်းဖော်ပြချက်
အင်တာနက် သုံးစွဲမှုအား ပိုမိုကန့်သတ်လာမှုဖြစ်စဉ် (မိုဘိုင်းဖုန်းဖြင့် အင်တာနက်သုံးစွဲမှုအား ၂၄ နာရီ ပိတ်ပစ်ခြင်း)
မတ်လ (၁၅) ရက်နေ့တွင် အင်တာနက် အသုံးပြုမှု၏ ပိုမိုပြင်းထန်သော ကန့်သတ်မှုတစ်ခုအဖြစ် အင်တာနက် အသုံးပြုမှုအားလုံးအား ည (၁၂) နာရီမှ မနက်(၉) နာရီအထိ ကန့်သတ်ထားရုံသာမက မိုဘိုင်းဖုန်းဖြင့် အင်တာနက်အသုံးပြုမှုကို (၂၄) နာရီ ပိတ်ပစ်ခဲ့သည်။
(ပုံ – ၄.၁၁) မတ်လ (၁၅) ရက်နေ့ မိုဘိုင်းဖုန် အင်တာနက်ဖြတ်တောက်မှုဖြစ်စဉ်အား AccessNow မှ မှတ်တမ်းတင်ထားသည့် မှတ်တမ်း
(ပုံ – ၄. ၁၂) မတ်လ (၁၅) ရက်နေ့ မိုဘိုင်းဖုန် အင်တာနက်ဖြတ်တောက်မှုဖြစ်စဉ်အား RFA မှ သတင်းဖော်ပြချက်
အင်တာနက်ပြတ်တောက်မှု အကြောင်းပြချက်ဖြင့် အတိုင်ပင်ခံ၏ ရုံးချိန်းအားရွှေ့ဆိုင်းမှု ဖြစ်စဉ်
ထိုကဲ့သို့ အာဏာသိမ်းစစ်ကောင်စီအနေဖြင့် အင်တာနက်ဖြတ်တောက်မှုများ ပြုလုပ်ထားစဉ်ကာလအတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ မတ်လ (၁၅) ရက်နေ့နှင့် မတ်လ (၃၁) ရက်နေ့ တရားရုံးချိန်းများအား အင်တာနက် ပြတ်တောက်နေသဖြင့် စစ်ဆေးနိုင်ခြင်းမရှိဟုဆိုကာ ပြောင်းရွှေ့ချိန်းဆိုမှုများပြုုလုပ်ခဲ့သည့် ဖြစ်စဉ်များကိုလည်း အင်တာနက်ဖြတ်တောက်ထားစဉ် ကာလအတွင်း တွေ့ရှိခဲ့ရသည်။
(ပုံ – ၄.၁၃) အင်တာနက်ဖြတ်တောက်ထားသဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ တရားရုံးချိန်းများအား ပြန်လည်ချိန်ဆိုသည့် အကြောင်း ဧရာဝတီ သတင်းဋ္ဌာန၏ ဖော်ပြချက်
၂၀၂၁ ခုနှစ် ဧပြီလအတွင်း ကြုံတွေ့ခဲ့ရသည့် ဒီဂျစ်တယ် ဖိနှိပ်မှုဆိုင်ရာဖြစ်စဉ်များ
ဧပြီလအတွင်း ကြုံတွေ့ခဲ့ရသည့် ဒီဂျစ်တယ်ဖိနှိပ်မှု ဖြစ်စဉ် အနှစ်ချုပ်
ဖိုက်ဘာအင်တာနက်ဝန်ဆောင်မှုမှလွဲ၍ အင်တာနက်ဝန်ဆောင်မှုအားလုံးကို ပိတ်ပင်မှု ဖြစ်စဉ်
အင်တာနက်ပြတ်တောက်မှုနှင့် ကမောက်ကမဖြစ်သွားသော ငွေကြေးဝန်ဆောင်မှုကဏ္ဍ
စစ်ကောင်စီသည် ဒီဂျစ်တယ်ရပ်ဝန်းဆိုင်ရာဖိနှိပ်မှုများကို ဆက်တိုက်လုပ်ဆောင်လျှက်ရှိရာ အာဏာသိမ်းမှု၏ တတိယမြောက် ကာလထဲတွင် ကန့်သတ်မှုဖြစ်စဉ်များကို ဆက်လက်လုပ်ဆောင်နေသည်ကိုတွေ့ရှိရသည်။
ဖိုက်ဘာအင်တာနက်ဝန်ဆောင်မှုမှလွဲ၍ အင်တာနက်ဝန်ဆောင်မှုအားလုံးကို ပိတ်ပင်မှု ဖြစ်စဉ်
မတ်လ (၁၅) ရက်နေ့မှ စတင်ပြီး မိုဘိုင်းဖုန်းဖြင့်အင်တာနက်အသုံးပြုမှုအား ကန့်သတ်တားမြစ်ခဲ့သည့် စစ်ကောင်စီအနေဖြင့် ဧပြီလ (၁) ရက်နေ့တွင် Fiber Internet ဝန်ဆောင်မှုတစ်ခုသာ ချန်လှပ်ပြီး Wireless အင်တာနက် ဝန်ဆောင်မှုအားလုံးကို ထပ်မံကန့်သတ်ခဲ့သည်။ စစ်ကောင်စီ၏ ယင်းကန့်သတ်ချက်ကြောင့် မြန်မာနိုင်ငံတွင် Wireless Internet ဝန်ဆောင်မှု ပေးနေသော Telenor, Ooredoo, Ananda တို့ကဲ့သို့သော ကုမ္ပဏီများ၏ wireless Broadband ဝန်ဆောင်မှုအား ယူငင်သုံးစွဲသူများအနေဖြင့် ဆက်လက်သုံးစွဲနိုင်ခြင်းမရှိတော့သည့်အပြင် Fiber Internet မရရှိသော ဒေသမှ ဒေသခံများအနေဖြင့် မိုဘိုင်းဖုန်းအင်တာနက်ချိတ်ဆက်မှုသာမက Wireless Internet ချိတ်ဆက်မှုပါ ပြတ်တောက်သွားသည့် အတွက် အချိန်နှင့်တပြေးညီ သတင်းအချက်အလက် ရရှိနိုင်မှု ကျဆုံးသွားပြီး နိုင်ငံတကာ လူ့အခွင့်အရေး ကြေငြာစာတမ်းပါ လူသားတိုင်းရရှိသင့်သည့် လွတ်လပ်စွာသတင်းအချက်အလက် ရယူနိုင်ခွင့်လည်း အပြည့်အဝ ဆုံးရှုံးခဲ့ရသည်။
သတင်းအချက်အလက် စီးဆင်းမှုထိခိုက်ခဲ့ရုံသာမက ထိုသို့ အင်တာနက်ဖြတ်တောက်မှုကြောင့် စီးပွားရေးနှင့် ငွေကြေးစီးဆင်းမှုဆိုင်ရာ ကိစ္စရပ်များအပေါ်က အကြီးအကျယ်သက်ရောက်ခဲ့ပြီး Online Banking ဝန်ဆောင်မှုများအားလုံး ရပ်တန့်သွားခဲ့ကာ လူထု၏ ဘဏ်စနစ်အပေါ်မယုံကြည်မှုအခြေအနေများလည်း သိသာစွာတိုးမြင့်လာခဲ့သည်။
(ပုံ – ၄.၁၄) ဧပြီလ (၁) ရက်နေ့ Wireless Broadband Data Service ဖြတ်တောက်မှုနှင့် ပါတ်သက်သည့် RFA သတင်းဋ္ဌာနပါ သတင်း
ယင်းအခြေအနေကို ခုခံနိုင်ရန်အတွက် ၂၈.၄.၂၀၂၁ ခုနှစ်မှစတင်ပြီး Mobile Internet ပျက်တောက်နေစဉ်ကာလ အတွင်း ဘဏ်နှင့်မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောက်မှုလုပ်ငန်းဆောင်ရွက်သူများ၏ Internet အသုံးပြုဆောင်ရွက်ရသည့် ငွေရေးကြေးရေးဆိုင်ရာ System များ၊ Application များကို ပြန်လည်အသုံးပြုနိုင်ရန် စစ်ကောင်စီဘက်မှ လုပ်ဆောင်ခဲ့သည်။ ထိုကဲ့သို့ မိုဘိုင်းငွေကြေးဝန်ဆောင်မှုများကို ပြန်လည်သုံးစွဲပြီး စီးပွားရေးလည်ပတ်မှုကို ပြန်လည်လုပ်ဆောင်လိုဟန်ရှိသည့် စစ်ကောင်စီအနေဖြင့် ဧပြီလ (၂၇) ရက်နေ့တွင် အင်တာနက် ကာဖျူးဟုခေါ်ဆိုကြည့် ညသန်းခေါင်းအချိန်မှ မနက် (၉) နာရီအထိ အင်တာနက် အသုံးပြုမှု ပိတ်ပင်ထားခြင်းကို အဆုံးသတ်ပေးခဲ့သော်လည်း Broadband အင်တာနက်အသုံးပြုမှုနှင့် မိုဘိုင်းအင်တာနက်အသုံးပြုမှုများကိုမူ ဆက်လက်ပိတ်ပင်ထားခဲ့သည်။
အင်တာနက်ပြတ်တောက်မှုနှင့် ကမောက်ကမဖြစ်သွားသော ငွေကြေးဝန်ဆောင်မှုကဏ္ဍ
နယ်ဘက်ကျေးလက် ဒေသများအထိ ဖိုက်ဘာအင်တာနက်ဝန်ဆောင်မှု အားကောင်းခြင်းမရှိသည့် ကာလတွင် စစ်ကောင်စီ၏ လုပ်ဆောင်ချက်သည် အချည်းအနှီးသာဖြစ်ခဲ့ပြီး လူထုအနေဖြင့် ဘဏ်များ၏ဝန်ဆောင်မှုအပေါ် ပြန်လည်ယုံကြည်လာခြင်းမရှိသည်မှာ ယနေအထိပင်ဟုဆိုနိုင်သည်။
(ပုံ – ၄.၁၅) Eleven Media ပါ အွန်လိုင်းငွေရေးကြေးရေးဝန်ဆောင်မှုများ ပြန်လည်လုပ်ဆောင်မည့် ဗဟိုဘဏ်ကြေငြာချက်
ထို့အပြင် ငွေရေးကြေးရေးဆိုင်ရာ Application များကို အသုံးပြုစဉ်အတွင်း VPN များကို ပိတ်ထားမှသာလျှင် အသုံးပြုနိုင်သည့်အခြေအနေဖြစ်ရာ နည်းပညာ ကျွမ်းကျင်သူများ၏ အဆိုအရ အင်တာနက်ပေါ်မှ တဆင့် ချိတ်ဆက်အသုံးပြုသည့် ပုံစံမျိုးမဟုတ်ပဲ ဒေသတွင်း အသုံးပြုနိုင်ရန် Intranet ချိတ်ဆက်မှုဖြင့် အသုံးပြုနိုင်ရန် လုပ်ဆောင်ထားသည်ဟု ဆိုသည်။ ထိုသို့သောကန့်သတ်မှုများသည်လည်း ဘဏ်ဝန်ဆောင်မှုအပေါ်လူထု၏ သံသယ တိုးပွားမှုကို ပိုမိုတွန်းအားပေးသကဲ့သို့ဖြစ်စေသည်။
(ပုံ – ၄.၁၆) အွန်လိုင်း ငွေရေးကြေးရေး ဝန်ဆောင်မှု များအသုံးပြုရာတွင် VPN ပိတ်ပြီးမှ အသုံးပြုရန် ကြေငြာထားသည့် MPT ၏ ကြေငြာချက်
ထိုကဲ့သို့ ဆက်သွယ်ရေးဆိုင်ရာ ကန့်သတ်မှုများကိုအရှိန်မြှင့်လုပ်ဆောင်နေစဉ် ဧပြီလ အတွင်း ဒီမိုကရေစီ အင်အားစုများ ဘက်မှလည်း NUG အစိုးရကိုဖွဲ့စည်းခဲ့ကာ CRPH ၏ လုပ်ဆောင်မှုများနှင့် CDM ကို ထောက်ခံဝန်ရံကြောင်း ဧပြီလ (၁၇) ရက်နေ့တွင် KNU ဘက်မှ ထုတ်ပြန်ခဲ့သည်ကိုတွေ့ရသည်။ ထို့အပြင် စစ်အာဏာရှင်တို့၏ ကန့်သတ်ချုပ်ချယ်မှုအမျိုးမျိုးကြားတွင် ဒီမိုကရေစီ အင်အားစုများ၏ လှုပ်ရှားမှုများမှာ အရှိန်အဟုန်ဖြင့် ဆက်လက်ဖြတ်သန်းလျှက်ရှိသည်။